မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သေချာပြင်ဆင်ထားတဲ့ ဆုတောင်းချက်ကနေရတဲ့ သင်ခန်းစာများ

သေချာပြင်ဆင်ထားတဲ့ ဆုတောင်းချက်ကနေရတဲ့ သင်ခန်းစာများ

“ဂုဏ်ကျက်သရေရှိတဲ့ ကိုယ်တော့်နာမည်ကို သူတို့ ချီးမွမ်းကြပါစေ။”—နေ. ၉:၅၊ ကဘ။

၁။ ဘုရားသခင့်ကျေးကျွန်တွေရဲ့ ဘယ်စုဝေးမှုအကြောင်း လေ့လာကြမလဲ။ ဘယ်မေးခွန်းတွေ ပေါ်လာသလဲ။

“ထကြ။ သင်တို့ရဲ့ဘုရားသခင် ယေဟောဝါကို အစဉ်ထာဝရ ချီးမွမ်းကြပါ။” လေဝိသားတွေဟာ လှုံ့ဆော်မှုဖြစ်စေတဲ့ ဒီစကားတွေပြောပြီး ဘုရားသခင့်လူတွေ အတူစုဝေးဖို့နဲ့ ယေဟောဝါထံ ဆုတောင်းဖို့ ဖိတ်ခေါ်ခဲ့တယ်။ ဒါဟာ ကျမ်းစာမှာပါတဲ့ အရှည်ဆုံးဆုတောင်းချက်တစ်ခုပဲ။ (နေ. ၉:၄၊ ၅ကဘ) ဂျေရုဆလင်မြို့မှာ ဘီစီ ၄၅၅၊ ဂျူးပြက္ခဒိန်ရဲ့ ခုနစ်လမြောက်ဖြစ်တဲ့ တိရှရိလ၊ ၂၄ ရက်မှာ သူတို့ စုဝေးခဲ့ကြတယ်။ ဒီစုဝေးမှုအကြောင်း လေ့လာနေချိန်မှာ ဒီမေးခွန်းတွေကို စဉ်းစားကြည့်ပါ– ဒီစုဝေးမှု အောင်မြင်ဖို့အတွက် လေဝိသားတွေ ပုံမှန် ဘာလုပ်ခဲ့ကြသလဲ။ သေချာပြင်ဆင်ထားတဲ့ လေဝိသားတွေရဲ့ဆုတောင်းချက်ကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။ အဲဒီအထူးနေ့မတိုင်ခင်မှာ ဘာဖြစ်ခဲ့သလဲဆိုတာကို အရင်လေ့လာကြည့်ကြစို့။—ဆာ. ၁၄၁:၂

အထူးလ

၂။ အစ္စရေးလူတွေ ကျွန်ုပ်တို့အတွက် ဘာပုံသက်သေကောင်း ပြခဲ့သလဲ။

အထူးစုဝေးမှုမစခင်တစ်လမှာ ဂျူးတွေဟာ ဂျေရုဆလင်မြို့ရိုးကို တည်ဆောက်ပြီးစီးခဲ့တယ်။ (နေ. ၆:၁၅) အဲဒါကို ၅၂ ရက်တည်းနဲ့အပြီး ဆောက်ခဲ့ကြတယ်။ နောက်တစ်လဖြစ်တဲ့ တိရှရိလရဲ့ ပထမနေ့မှာပဲ သူတို့ဟာ ဧဇရနဲ့ တခြားလေဝိသားတွေ ဘုရားသခင့်ပညတ်ဖတ်ပြီး ရှင်းပြတာကို နားထောင်ဖို့ လူထုရင်ပြင်မှာ စုဝေးခဲ့ကြတယ်။ ကလေးတွေအပါအဝင် မိသားစုတွေအားလုံးဟာ မနက်ကနေ နေ့လယ်အထိ မတ်တတ်ရပ်ပြီး နားထောင်ခဲ့ကြတယ်။ အဲဒီအစ္စရေးလူတွေဟာ ယနေ့ ကျွန်ုပ်တို့အတွက် တကယ့်ပုံသက်သေကောင်းပါပဲ။ ကျွန်ုပ်တို့ဟာ သက်သောင့်သက်သာရှိတဲ့ နိုင်ငံတော်ခန်းမမှာ စည်းဝေးတက်ဖို့ ရောက်နေပေမဲ့ တစ်ခါတလေ စည်းဝေးချိန်အတွင်းမှာ တခြားအကြောင်းတွေ စဉ်းစားနေတတ်တယ်။ ဒါပေမဲ့ အဲဒီအစ္စရေးလူတွေဟာ သေချာအာရုံစိုက်နားထောင်ပြီး သူတို့ကြားတဲ့အရာတွေကို စဉ်းစားကြတယ်။ ဘုရားသခင့်ပညတ်ကို သူတို့မလိုက်ခဲ့ဘူးဆိုတာ သိရတဲ့အခါမှာ ငိုကြတယ်။—နေ. ၈:၁-၉

၃။ ဘယ်အမိန့်ကို အစ္စရေးလူတွေ နားထောင်ခဲ့ကြသလဲ။

ဒါပေမဲ့ ဒီအချိန်က အပြစ်ဝန်ခံရမယ့်အချိန် မဟုတ်ဘူး။ ဒါကပွဲကျင်းပတဲ့နေ့ဖြစ်လို့ ယေဟောဝါက သူတို့ကို ပျော်ရွှင်စေချင်တယ်။ (တော. ၂၉:၁) ဒါကြောင့် နေဟမိက သူတို့ကို ဒီလိုပြောခဲ့တယ်– “သွားကြ။ အကောင်းဆုံးအစာတွေကို စားကြပါ။ ချိုမြိန်တဲ့အရည်ကို သောက်ကြပါ။ ပြင်ဆင်စရာ ဘာမှမရှိသူတွေအတွက်လည်း ဝေစုတွေပို့ပေးကြပါ။ ဒီနေ့ဟာ ငါတို့ရဲ့သခင်အတွက် သန့်ရှင်းမြင့်မြတ်တဲ့နေ့ဖြစ်လို့ပဲ။ စိတ်မကောင်းမဖြစ်ကြပါနဲ့။ ယေဟောဝါပေးတဲ့ဝမ်းမြောက်ခြင်းဟာ သင်တို့ရဲ့ရဲတိုက်ဖြစ်လို့ပဲ။” အဲဒီစကားကို လူတွေနားထောင်ကြပြီး အဲဒီနေ့မှာ “အကြီးအကျယ် ရွှင်လန်းဝမ်းမြောက်” ခဲ့ကြတယ်။—နေ. ၈:၁၀-၁၂ကဘ။

၄။ အစ္စရေးအိမ်ထောင်ဦးစီးတွေ ဘာလုပ်ကြသလဲ။ အဲဒီတဲနေပွဲနေ့တိုင်းမှာ လေဝိသားတွေ ဘာလုပ်ကြသလဲ။

နောက်တစ်နေ့မှာ အိမ်ထောင်ဦးစီးတွေအားလုံး စုဝေးပြီး ဘုရားသခင့်ပညတ်ကို သူတို့လိုက်နာနေ၊ မနေ သေချာသိရဖို့ ပညတ်တရားကို လေ့လာကြတယ်။ အဲဒီလိုလေ့လာတဲ့အခါမှာ တဲနေပွဲ (သကေနေပွဲ) ကို ကျင်းပရမယ်ဆိုတာ သိလာတယ်။ အဲဒီပွဲက တိရှရိလ ၁၅ ရက်နေ့မှာစပြီး ၂၂ ရက်မှာ အထူးစည်းဝေးပွဲတစ်ခုနဲ့ နိဂုံးချုပ်တယ်။ ဒါကြောင့် သူတို့ဟာ ပွဲအတွက် စပြင်ဆင်ကြတယ်။ ဒီပွဲဟာ ယောရှုအချိန်ကတည်းကစ တစ်ခါမှ ဒီလောက်မကြီးကျယ်ခဲ့ဖူးဘူး၊ ဒါက အကြီးကျယ်ဆုံးပွဲဖြစ်ခဲ့ပြီး သူတို့ ‘အကြီးအကျယ် ဝမ်းမြောက်ရွှင်လန်း’ ခဲ့ကြတယ်။ ပွဲနေ့တိုင်းမှာ လေဝိသားတွေဟာ လူအားလုံးရှေ့မှာ ဘုရားသခင့်ပညတ်ကို ဖတ်ပြတယ်။—နေ. ၈:၁၃-၁၈

အပြစ်တွေကို ဝန်ခံတဲ့နေ့

၅။ လေဝိသားတွေ စပြီး ဆုမတောင်းခင်မှာ ဘုရားသခင့်လူမျိုး ဘာလုပ်ခဲ့ကြသလဲ။

ပွဲပြီးလို့ နှစ်ရက်အကြာဖြစ်တဲ့ တိရှရိလ ၂၄ ရက်နေ့ကတော့ လူတွေ သူတို့ရဲ့အပြစ်တွေကို ဝန်ခံရမယ့်နေ့ပဲ။ စားသောက်၊ ပျော်ရွှင်ရမယ့်နေ့ မဟုတ်ဘူး။ အဲဒီအစား ဘုရားသခင့်လူမျိုးဟာ ဘုရားသခင့်ပညတ်ကို မလိုက်နာခဲ့တဲ့အတွက် အစာရှောင်၊ အထည်ကြမ်းဝတ်ပြီး ဝမ်းနည်းကြောင်း ဖော်ပြကြတယ်။ မနက်ပိုင်းမှာ လေဝိသားတွေဟာ သုံးနာရီကြာ လူတွေကို ဘုရားသခင့်ပညတ် နောက်တစ်ကြိမ် ဖတ်ပြတယ်။ နေ့ခင်းပိုင်းမှာတော့ လူတွေဟာ “အပြစ်ဝန်ချတောင်းပန်ပြီး သူတို့ဘုရားသခင် ယေဟောဝါကို ပျပ်ဝပ်ကိုးကွယ်ကြတယ်။” အဲဒီနောက်မှာတော့ လေဝိသားတွေဟာ လူအားလုံးအတွက် စပြီး ကိုယ်စားပြု ဆုတောင်းပေးတယ်။ —နေ. ၉:၁-၄ကဘ။

၆။ အဓိပ္ပာယ်ရှိတဲ့ဆုတောင်းချက်ဖြစ်ဖို့ လေဝိသားတွေကို ဘာက ကူညီပေးခဲ့သလဲ။ လေဝိသားတွေဆီကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။

လေဝိသားတွေဟာ ဘုရားသခင့်ပညတ်ကို မှန်မှန်ဖတ်ကြတယ်၊ အဲဒါက အဓိပ္ပာယ်ပြည့်ဝတဲ့ ဆုတောင်းချက်ဖြစ်ဖို့ ပြင်ဆင်ရာမှာ အထောက်အကူဖြစ်စေတယ်။ ဆုတောင်းချက်ရဲ့ပထမပိုင်းမှာ ယေဟောဝါရဲ့လက်ရာတော်နဲ့ အရည်အသွေးတွေကို အလေးပေးဖော်ပြတယ်။ ဆုတောင်းချက်ရဲ့ နောက်အပိုင်းမှာ အစ္စရေးတွေရဲ့ အပြစ်အများကြီးကို ဖော်ပြခဲ့ပြီး သူတို့ ဘာကြောင့် ဘုရားသခင်ရဲ့ ‘ကြီးမားလှတဲ့ကရုဏာ’ တော်နဲ့ မထိုက်တန်သလဲဆိုတာကို ရှင်းရှင်းလင်းလင်း ရှင်းပြခဲ့တယ်။ (နေ. ၉:၁၉၊ ၂၇၊ ၂၈၊ ၃၁) လေဝိသားတွေဆီကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။ ကျွန်ုပ်တို့ဟာ ကျမ်းစာကို နေ့တိုင်းဖတ်ပြီး တွေးတောဆင်ခြင်သင့်တယ်။ ဒါက ကျွန်ုပ်တို့ကို စကားပြောဖို့ ယေဟောဝါကို ခွင့်ပေးတာဖြစ်တယ်။ အဲဒီနောက်မှာ ကျွန်ုပ်တို့ဆုတောင်းတဲ့အခါ ယေဟောဝါကို ပြောစရာတွေအများကြီး ရှိလာပြီး ကျွန်ုပ်တို့ရဲ့ ဆုတောင်းချက်တွေက ပိုအဓိပ္ပာယ်ရှိလာပါလိမ့်မယ်။—ဆာ. ၁:၁၊ ၂

၇။ လေဝိသားတွေ ဘုရားသခင်ဆီကနေ ဘာတောင်းဆိုသလဲ။ သူတို့ရဲ့ပုံနမူနာကနေ ကျွန်ုပ်တို့ ဘာသင်ယူရသလဲ။

လေဝိသားတွေရဲ့ ဆုတောင်းချက်ထဲမှာ ရိုးရှင်းတဲ့တောင်းဆိုချက်တစ်ခုပဲ ပါတယ်။ ဆုတောင်းချက် ပြီးဆုံးခါနီးမှာ သူတို့ ဒီလိုတောင်းဆိုခဲ့တယ်– “အို ကျွန်တော်တို့ရဲ့ဘုရားသခင်၊ တန်ခိုးကြီးပြီး ကြောက်ရွံ့ရိုသေဖွယ်အရှင်၊ ပဋိညာဉ်ကို သစ္စာရှိရှိတည်စေတဲ့အရှင်၊ ကြီးမြတ်တဲ့ဘုရားသခင်၊ အဆီးရီးယားဘုရင်တွေလက်ထက်ကနေ ဒီနေ့အထိ ကျွန်တော်တို့ရဲ့ဘုရင်တွေ၊ မှူးမတ်တွေ၊ ယဇ်ပုရောဟိတ်တွေ၊ ပရောဖက်တွေ၊ ဘိုးဘေးတွေနဲ့ ကိုယ်တော့်လူမျိုးအားလုံးကြုံရတဲ့ ဆင်းရဲဒုက္ခမှန်သမျှကို ပေါ့ပေါ့တန်တန် သဘောမထားပါနဲ့။” (နေ. ၉:၃၂ကဘ) လေဝိသားတွေဟာ ကျွန်ုပ်တို့အတွက် ပုံသက်သေကောင်း ပြခဲ့တယ်။ ကျွန်ုပ်တို့ဆုတောင်းတဲ့အခါ တစ်ခုခုကို မတောင်းခင်မှာ ယေဟောဝါကို အရင် ချီးမွမ်းပြီး ကျေးဇူးတင်သင့်တယ်။

ဂုဏ်ကျက်သရေရှိတဲ့ ဘုရားသခင့်နာမည်ကို ချီးမွမ်းကြ

၈၊ ၉။ (က) လေဝိသားတွေဟာ သူတို့ရဲ့ဆုတောင်းချက်ကို ဘယ်လိုနှိမ့်ချစွာ အစပြုခဲ့သလဲ။ (ခ) လေဝိသားတွေဟာ ကောင်းကင်ပေါ်က ဘယ်အရာနှစ်မျိုးအကြောင်း ဖော်ပြခဲ့သလဲ။

လေဝိသားတွေဟာ နှိမ့်ချမှုရှိတယ်။ သူတို့ရဲ့ဆုတောင်းချက်က အဓိပ္ပာယ်ပြည့်ဝပေမဲ့ အဲဒီဆုတောင်းချက်ထဲမှာ ယေဟောဝါရထိုက်တဲ့ ချီးမွမ်းမှုကို သူတို့ အပြည့်အဝ ဖော်ပြပေးတယ်လို့ သူတို့ မခံစားရဘူး။ ဒါကြောင့် ဘုရားသခင့်လူမျိုးအတွက် သူတို့က နှိမ့်ချစွာအသနားခံပြီး “ကောင်းချီးနဲ့ ချီးမွမ်းခြင်းရှိသမျှထက် ကြီးမြတ်ပြီး ဂုဏ်ကျက်သရေရှိတဲ့ ကိုယ်တော့်နာမည်ကို သူတို့ချီးမွမ်းကြပါစေ” လို့ အစပြုဆုတောင်းခဲ့ကြတယ်။—နေ. ၉:၅ကဘ။

ပြီးတဲ့နောက် ဒီလိုဆက်ဆုတောင်းတယ်– “ကိုယ်တော်တစ်ပါးတည်းသာ ယေဟောဝါဖြစ်တယ်။ မိုးကောင်းကင်နဲ့ အမြင့်ဆုံးကောင်းကင်ကိုတောင် ကိုယ်တော်ဖန်ဆင်းတယ်။ ကောင်းကင်ပေါ်ကအရာရှိသမျှ၊ မြေကြီးနဲ့ မြေကြီးပေါ်မှာရှိသမျှ၊ ပင်လယ်နဲ့ ပင်လယ်ထဲမှာရှိသမျှကိုလည်း ဖန်ဆင်းပြီး အဲဒါတွေအားလုံးကို အသက်ရှင်စေတယ်။ ကောင်းကင်ပေါ်ကအရာတွေဟာ ကိုယ်တော့်ကို ပျပ်ဝပ်ကိုးကွယ်နေကြတယ်။” (နေ. ၉:၆ကဘ) လေဝိသားတွေဟာ သူတို့ရဲ့ဆုတောင်းချက်မှာ ယေဟောဝါရဲ့ အံ့ဩစရာကောင်းတဲ့ ဖန်ဆင်းခြင်းလက်ရာတချို့အကြောင်း ဖော်ပြခဲ့တယ်။ ကိုယ်တော်ဟာ မိုးကောင်းကင်နဲ့ “ကောင်းကင်ပေါ်ကအရာ” ဖြစ်တဲ့ ကြယ်များစွာပါဝင်တဲ့ ဂလက်ဆီအများကြီးကို ဖန်ဆင်းတယ်။ လှပတဲ့ကမ္ဘာဂြိုဟ်ကို ဖန်ဆင်းပြီး သက်ရှိတွေ ရှင်သန်နိုင်ဖို့ ထောက်ပံ့ပေးတဲ့အရာတွေကိုလည်း ကမ္ဘာဂြိုဟ်ကနေရရှိအောင် ပြုလုပ်ထားတယ်။ ဆုတောင်းချက်မှာ “ကောင်းကင်ပေါ်ကအရာ” နောက်တစ်မျိုးအကြောင်း ဖော်ပြထားတယ်၊ အဲဒါက ကောင်းကင်ဗိုလ်ခြေတွေဖြစ်တဲ့ ကောင်းကင်တမန်တွေကို ရည်ညွှန်းတယ်။ (၃ ရာ. ၂၂:၁၉; ယောဘ ၃၈:၄၊) ဒီကောင်းကင်တမန်တွေဟာ နိမ့်ကျတဲ့လူသားတွေ အကျိုးအတွက် အမှုဆောင်ခြင်းအားဖြင့် ဘုရားသခင့်အလိုတော်ကို နှိမ့်ချစွာ လုပ်ဆောင်ကြတယ်။ (ဟေဗြဲ ၁:၁၄) ယနေ့အချိန်မှာ ကျွန်ုပ်တို့လည်း သေချာလေ့ကျင့်ထားတဲ့ ကောင်းကင်ဗိုလ်ခြေတွေလိုပဲ ယေဟောဝါရဲ့အမှုတော်ကို စည်းလုံးစွာ ထမ်းဆောင်နေကြတယ်။ ဘုရားသခင်ကို နှိမ့်ချစွာအမှုဆောင်ခြင်းအားဖြင့် ကောင်းကင်တမန်တွေကို တုပသင့်တယ်။—၁ ကော. ၁၄:၃၃၊ ၄၀

၁၀။ အာဗြဟံအတွက် ယေဟောဝါလုပ်ဆောင်ပေးခဲ့တာတွေကနေ ကျွန်ုပ်တို့ ဘာသိရှိရသလဲ။

၁၀ အဲဒီအပြင် လေဝိသားတွေဟာ အာဗြံအတွက် ဘုရားသခင်လုပ်ပေးတဲ့အရာတွေကို ဖော်ပြခဲ့တယ်။ ယေဟောဝါက သူ့ကို “လူအမျိုးတို့၏အဘ” လို့အဓိပ္ပာယ်ရှိတဲ့ အာဗြဟံလို့ နာမည်ပြောင်းပေးခဲ့တယ်။ အဲဒီအချိန်မှာ အာဗြဟံအသက်က ၉၉ နှစ်ရှိနေပြီ၊ သူ့မှာ သားသမီးမရှိဘူး။ (က. ၁၇:၁-၆၊ ၁၅၊ ၁၆) ဘုရားသခင်က အာဗြဟံကို သူ့ရဲ့သားစဉ်မြေးဆက်တွေဟာ ခါနာန်ပြည်ကို အမွေရမယ်လို့လည်း ပြောခဲ့တယ်။ ယေဟောဝါ ကတိအတိုင်း လုပ်ဆောင်ခဲ့ပုံကို လေဝိသားတွေ ဒီလိုပြောခဲ့တယ်– “ကိုယ်တော်ဟာ စစ်မှန်တဲ့ဘုရားသခင် ယေဟောဝါဖြစ်တယ်။ အာဗြံကိုရွေးချယ်ပြီး ခါလဒဲပြည်၊ ဥရမြို့ကနေ ခေါ်ထုတ်လာပြီးနောက် သူ့ကို အာဗြဟံလို့ နာမည်ပေးတဲ့အရှင်ဖြစ်ပါတယ်။ သူ့စိတ်နှလုံးက ရှေ့တော်မှာ သစ္စာရှိတယ်ဆိုတာ တွေ့ခဲ့တယ်။ ဒါကြောင့် သူနဲ့သူ့အမျိုးအနွယ်ကို ခါနန်လူမျိုး . . . တို့ရဲ့ပြည်ကိုပေးမယ်လို့ သူနဲ့ပဋိညာဉ်ဖွဲ့ခဲ့တယ်။ ကိုယ်တော်ဟာ ဖြောင့်မတ်တဲ့အရှင်ဖြစ်တာကြောင့် ကိုယ်တော့်ကတိအတိုင်း လုပ်ဆောင်ခဲ့ပါပြီ။” (နေ. ၉:၇၊ ၈ကဘ) လူတွေက ကတိပျက်တတ်တယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ကတော့ ကတိတည်ဖို့ အမြဲကြိုးစားခြင်းအားဖြင့် ယေဟောဝါကို တုပနိုင်ပါတယ်။—မ. ၅:၃၇

မိမိလူမျိုးအတွက် ယေဟောဝါလုပ်ဆောင်ပေးရာတွေ

၁၁၊ ၁၂။ ယေဟောဝါရဲ့နာမည် အဓိပ္ပာယ်က ဘာလဲ။ ယေဟောဝါဟာ မိမိရဲ့နာမည်ကို ခံယူထိုက်ကြောင်း သက်သေပြရာမှာ မိမိလူမျိုးအတွက် ဘယ်အရာတွေ လုပ်ဆောင်ခဲ့သလဲ။

၁၁ ယေဟောဝါဆိုတဲ့နာမည်က ‘ကိုယ်တော်ဖြစ်လာစေသည်’ လို့အဓိပ္ပာယ်ရှိတယ်။ ဆိုလိုတာက ဘုရားသခင်ဟာ မိမိရဲ့ကတိတော်တွေအတိုင်း တကယ်ဖြစ်လာဖို့ အလုပ်လုပ်နေတယ်။ ဒီအချက်ကို အာဗြဟံရဲ့သားမြေးတွေဖြစ်တဲ့ အစ္စရေးလူတွေနဲ့ ပတ်သက်တဲ့ မိမိရဲ့ကတိကို ပြည့်စုံစေပုံမှာ တွေ့ရတယ်။ သူတို့ အီဂျစ်ပြည်မှာ ကျွန်ဖြစ်နေချိန်မှာ သူတို့ကျွန်ဘဝကနေ လွတ်မြောက်ပြီး ကတိပေးထားတဲ့ပြည်မှာ နေထိုင်ရမယ်လို့ ဘုရားသခင် ကတိပေးခဲ့တယ်။ အဲဒီအချိန်တုန်းကတော့ အဲဒီကတိက မဖြစ်နိုင်ပုံပေါက်တယ်။ ဒါပေမဲ့ ဘုရားသခင်က မိမိရဲ့ကတိ တကယ်ဖြစ်လာတဲ့အထိ လိုအပ်တာတွေကို အဆင့်ဆင့်လုပ်ဆောင်ခဲ့တယ်။ ဒီနည်းအားဖြင့် ယေဟောဝါဟာ မိမိရဲ့နာမည်ကို ခံယူထိုက်ကြောင်း သက်သေပြခဲ့တယ်။

၁၂ လေဝိသားတွေဟာ သူတို့ရဲ့ဆုတောင်းချက်မှာ မိမိရဲ့လူတွေအတွက် ယေဟောဝါ လုပ်ဆောင်ပေးခဲ့တဲ့အရာတချို့ကိုလည်း ဒီလိုဖော်ပြခဲ့တယ်– “အီဂျစ်ပြည်မှာ ကျွန်တော်တို့ဘိုးဘေးတွေ ဒုက္ခရောက်တာကို ကိုယ်တော်မြင်တွေ့ခဲ့တယ်။ ပင်လယ်နီမှာ သူတို့ရဲ့အော်ဟစ်သံကိုလည်း ကိုယ်တော်ကြားတယ်။ ဒါကြောင့် ဖာရောနဲ့ မင်းမှုထမ်းတွေ၊ တိုင်းသူပြည်သားတွေအားလုံးရှေ့မှာ နိမိတ်လက္ခဏာတွေနဲ့ အံ့ဖွယ်အမှုတွေ လုပ်ပြခဲ့တယ်။ သူတို့က ကိုယ်တော့်လူမျိုးကို နိုင်ထက်စီးနင်းပြုမူခဲ့မှန်း ကိုယ်တော်သိလို့ပဲ။ ကိုယ်တော့်နာမည်ဟာ ဒီနေ့အထိ ထင်ရှားကျော်စောနေပါတယ်။ ကိုယ်တော်က သူတို့ရှေ့မှာ ပင်လယ်ကိုခွဲလိုက်တဲ့အတွက် ပင်လယ်အလယ် ခြောက်သွေ့တဲ့မြေပေါ် သူတို့ဖြတ်လျှောက်သွားကြတယ်။ သူတို့နောက်လိုက်လာသူတွေကိုတော့ လှိုင်းလေထန်တဲ့ပင်လယ်ထဲ ကျောက်တုံးကိုပစ်ချသလို ရေနက်ထဲ ကိုယ်တော်ပစ်ချခဲ့တယ်။” ကတိပေးထားတဲ့ပြည်ကို သိမ်းပိုက်ရာမှာ မိမိရဲ့လူမျိုးအတွက် ယေဟောဝါလုပ်ဆောင်ခဲ့တာတွေကို ဆုတောင်းချက်မှာ ဒီလိုဆက်ပြောခဲ့တယ်– “ကိုယ်တော်က သူတို့ရှေ့မှာ အဲဒီပြည်သားခါနန်လူမျိုးတွေကို နှိမ်နင်းခဲ့တယ်။ . . . သူတို့က ခံတပ်မြို့တွေနဲ့ မြေသြဇာကောင်းတဲ့မြေကို သိမ်းပိုက်ခဲ့ကြတယ်။ ကောင်းမွန်ရာအမျိုးမျိုးပြည့်တဲ့အိမ်တွေ၊ တူးပြီးသားရေတွင်းတွေ၊ စပျစ်ခြံတွေ၊ သံလွင်ခြံတွေ၊ အသီးလှိုင်လှိုင်သီးတဲ့အပင်တွေကိုလည်း သိမ်းယူခဲ့ကြတယ်။ သူတို့စားသောက်ပြီး ကျေနပ်ခဲ့ကြတယ်။ အဆီယစ်လာကြတယ်။ ကိုယ်တော်ရဲ့ကြီးမားလှတဲ့ကောင်းမြတ်မှုကို ခံစားပျော်မွေ့ခဲ့ကြတယ်။”—နေ. ၉:၉-၁၁၊ ၂၄၊ ၂၅ကဘ

၁၃။ အစ္စရေးလူတွေ အီဂျစ်ပြည်ကနေ ထွက်လာပြီး သိပ်မကြာခင်မှာ ယေဟောဝါ သူတို့အတွက် ဘာလုပ်ပေးခဲ့သလဲ။ နောက်ပိုင်းမှာ သူတို့ ဘယ်လိုတုံ့ပြန်ခဲ့ကြသလဲ။

၁၃ ယေဟောဝါဟာ ကတိပေးထားတဲ့အတိုင်း ဖြစ်လာစေဖို့ တခြားအရာများစွာကို လုပ်ဆောင်ခဲ့တယ်။ ဥပမာ၊ အစ္စရေးလူတွေ အီဂျစ်ပြည်ကနေ ထွက်လာပြီး သိပ်မကြာခင်မှာ ယေဟောဝါက သူတို့ကို ပညတ်တွေပေးပြီး ကိုယ်တော့်ကို ဘယ်လိုကိုးကွယ်ရမယ်ဆိုတာ သင်ပေးခဲ့တယ်။ လေဝိသားတွေဟာ သူတို့ရဲ့ဆုတောင်းချက်ထဲမှာ ဒီလိုပြောခဲ့တယ်– “ဆိုင်းနိုင်းတောင်ပေါ် ကိုယ်တော်ဆင်းလာပြီး ကောင်းကင်ကနေ သူတို့ကိုစကားပြောတယ်။ ဖြောင့်မတ်တဲ့တရားစီရင်ချက်တွေ၊ ယုံကြည်စိတ်ချရတဲ့ပညတ်တွေ၊ ကောင်းမွန်တဲ့စည်းမျဉ်းတွေနဲ့ ပညတ်ချက်တွေကို သူတို့ကိုပေးတယ်။” (နေ. ၉:၁၃ကဘ) ယေဟောဝါဟာ အစ္စရေးလူမျိုးကို မိမိရဲ့လူမျိုးအဖြစ် ရွေးချယ်ပြီး ကိုယ်တော်ကတိပေးတဲ့ပြည်ကို သူတို့ကို ပေးမှာဖြစ်တယ်။ ဒါကြောင့် မိမိရဲ့သန့်ရှင်းတဲ့နာမည်ကို ခံယူထိုက်သူတွေအဖြစ် ဘယ်လိုပြုမူလုပ်ဆောင်ရမယ်ဆိုတာ သူတို့ကို သင်ပေးခဲ့တယ်။ ဒါပေမဲ့ အစ္စရေးလူတွေဟာ ယေဟောဝါရဲ့ပညတ်တွေကို အကြာကြီး မလိုက်နာခဲ့ဘူး။—နေဟမိ ၉:၁၆-၁၈ ကိုဖတ်ပါ။

အစ္စရေးလူမျိုး ဆုံးမခံရဖို့လို

၁၄၊ ၁၅။ (က) အစ္စရေးလူတွေအပေါ် ယေဟောဝါ ဘယ်လို ကရုဏာပြခဲ့သလဲ။ (ခ) အစ္စရေးလူတွေနဲ့ ဘုရားသခင်ဆက်ဆံပုံကနေ ကျွန်ုပ်တို့ ဘာသိရှိရသလဲ။

၁၄ သိနာ (ဆိုင်းနိုင်း) တောင်မှာ အစ္စရေးလူတွေ ဘုရားသခင့်ပညတ်ကို နားထောင်ပါမယ်လို့ ကတိပေးပြီး သိပ်မကြာခင်မှာ သူတို့လုပ်ခဲ့တဲ့ အမှားနှစ်ခုကို လေဝိသားတွေက ဆုတောင်းချက်မှာ ဖော်ပြခဲ့တယ်။ အဲဒီအမှားတွေကြောင့် တောကန္တာရမှာ သူတို့ သေဒဏ်ခံရဖို့ဖြစ်တယ်။ ဒါပေမဲ့ ယေဟောဝါဟာ သူတို့အပေါ် ကြင်နာမှု ဆက်ပြပြီး သူတို့ရဲ့လိုအပ်ရာတွေကို ဖြည့်ဆည်းပေးခဲ့တယ်။ လေဝိသားတွေ ယေဟောဝါကို ဒီလိုချီးမွမ်းခဲ့တယ်– “သူတို့ကို တောကန္တာရမှာ အနှစ် ၄၀ လုံးလုံး အစားအစာကျွေးမွေးခဲ့တယ်။ သူတို့မှာ လိုလေသေးမရှိပြည့်စုံခဲ့တယ်။ သူတို့ရဲ့အဝတ်တွေ မဟောင်းနွမ်းခဲ့သလို သူတို့ရဲ့ခြေထောက်တွေလည်း မရောင်ခဲ့ဘူး။” (နေ. ၉:၁၉၊ ၂၁ကဘ) ဒီနေ့အချိန်မှာလည်း ယေဟောဝါကို ကျွန်ုပ်တို့ သစ္စာရှိရှိ ဆက်အမှုဆောင်နိုင်ဖို့ ကျွန်ုပ်တို့ရဲ့လိုအပ်ရာတွေကို ကိုယ်တော် ထောက်မကူညီပေးနေပါတယ်။ နာခံမှုနဲ့ ယုံကြည်ခြင်းမရှိတဲ့အတွက်ကြောင့် တောကန္တာရမှာ သေဆုံးခဲ့ကြတဲ့ ထောင်ပေါင်းများစွာသော အစ္စရေးလူတွေလို ကျွန်ုပ်တို့ ဘယ်တော့မှ မဖြစ်ချင်ကြဘူး။ သူတို့ရဲ့မကောင်းတဲ့ပုံနမူနာက ကျွန်ုပ်တို့အတွက် သတိပေးချက်တစ်ခုပါပဲ။—၁ ကော. ၁၀:၁-၁၁

၁၅ ဝမ်းနည်းစရာက ဘုရားသခင် ကတိပေးထားတဲ့ပြည်ထဲ ရောက်သွားတဲ့အစ္စရေးလူတွေဟာ ယေဟောဝါအပေါ် ဆက်သစ္စာမရှိခဲ့ကြဘူး။ သူတို့တွေဟာ အကျင့်ပျက်မှုတွေ၊ ကိုယ့်ကလေးတွေကို ပူဇော်တဲ့ထုံးစံတွေ ပါဝင်တဲ့ ခါနာန်ဘုရားတွေကို စပြီးကိုးကွယ်ခဲ့ကြတယ်။ ဒါကြောင့် အစ္စရေးလူတွေကို ဖိနှိပ်ဖို့ တခြားလူမျိုးတွေကို ယေဟောဝါ ခွင့်ပြုခဲ့တယ်။ ဒါပေမဲ့ အစ္စရေးလူတွေ နောင်တရတဲ့အခါမှာ ယေဟောဝါ သူတို့ကိုခွင့်လွှတ်ပြီး ရန်သူတွေလက်ကနေ ကယ်တင်ခဲ့တယ်။ အဲဒီလို ခဏခဏ ဖြစ်ခဲ့တယ်။ (နေဟမိ ၉:၂၆-၂၈၊ ၃၁ ကိုဖတ်ပါ။) လေဝိသားတွေ ဒီလိုဝန်ခံခဲ့တယ်– “ကိုယ်တော်က သူတို့ကို နှစ်ပေါင်းများစွာ ဆက်ပြီးသည်းခံခဲ့တယ်။ စွမ်းအားတော်နဲ့ပြည့်နေတဲ့ ကိုယ်တော့်ပရောဖက်တွေအားဖြင့် မပြတ်သတိပေးပေမဲ့ နားမထောင်ကြဘူး။ နောက်ဆုံးတော့ သူတို့ကို ပတ်ဝန်းကျင်လူမျိုးတွေလက်ထဲ အပ်ခဲ့တယ်။”—နေ. ၉:၃၀ကဘ

၁၆၊ ၁၇။ (က) အစ္စရေးလူတွေ ယေဟောဝါရဲ့ပညတ်ကို နောက်ထပ် မနာခံတဲ့အခါ ဘာဆိုးကျိုး ခံစားရသလဲ။ (ခ) အစ္စရေးလူတွေ ဘာကို ဝန်ခံခဲ့ကြသလဲ၊ ဘာလုပ်ဖို့ ကတိပြုခဲ့ကြသလဲ။

၁၆ အစ္စရေးလူတွေဟာ ဗာဗုလုန်ကနေ ပြန်လာပြီးနောက်မှာ ယေဟောဝါစကားကို နားမထောင်ကြပြန်ဘူး။ အဲဒါကြောင့် ဘာဆိုးကျိုး ခံစားခဲ့ရသလဲ။ လေဝိသားတွေဟာ သူတို့ရဲ့ဆုတောင်းချက်မှာ ဒီလို ဆက်ဖော်ပြခဲ့တယ်– “အခုတော့ ကျွန်တော်တို့က ကျွန်တွေပါ။ ပြည်ထွက်သီးနှံတွေ၊ ကောင်းမွန်တဲ့အရာတွေကိုစားသုံးဖို့ ဘိုးဘေးတွေကို ကိုယ်တော်ပေးတဲ့ပြည်မှာ ကျွန်တော်တို့ ကျွန်တွေဖြစ်နေပါပြီ။ ကျွန်တော်တို့ကိုအုပ်ချုပ်ဖို့ ကိုယ်တော်ခန့်ထားတဲ့ တိုင်းတစ်ပါးဘုရင်တွေက ဒီပြည်ထွက်သီးနှံအလျှံပယ်ကို စားနေကြပြီ။ ဒီလိုဖြစ်ရတာ ကျွန်တော်တို့ရဲ့အပြစ်တွေကြောင့်ပါ။ . . . ဒါကြောင့် ကျွန်တော်တို့ အကြီးအကျယ်ဒုက္ခရောက်နေပါပြီ။”—နေ. ၉:၃၆၊ ၃၇ကဘ

၁၇ အစ္စရေးလူတွေ ဒီလိုဒုက္ခခံရဖို့ ဘုရားသခင် ခွင့်ပြုတာဟာ မတရားဘူးလို့ လေဝိသားတွေ ပြောနေတာလား။ လုံးဝမဟုတ်ပါဘူး။ “ကျွန်တော်တို့ကြုံရတဲ့ ဆင်းရဲဒုက္ခမှန်သမျှမှာ ကိုယ်တော်ဟာ ဖြောင့်မတ်ပါတယ်။ ကိုယ်တော်က သစ္စာရှိစွာပြုမူခဲ့တယ်။ ကျွန်တော်တို့ကတော့ ဆိုးညစ်စွာပြုမူခဲ့သူတွေပါ” လို့ သူတို့ဝန်ခံခဲ့တယ်။ (နေ. ၉:၃၃ကဘ) လေဝိသားတွေဟာ အစ္စရေးလူတွေ ဘုရားသခင့်ပညတ်ကို နာခံပါမယ်လို့ ကတိပြုခြင်းဖြင့် ဒီဆုတောင်းချက်ကို နိဂုံးချုပ်လိုက်တယ်။ (နေဟမိ ၉:၃၈ ကိုဖတ်ပါ; ၁၀:၂၉) သူတို့ဟာ ကတိခံဝန်ချက်ကို စာနဲ့ရေးပြီး အဲဒီမှာ ဂျူးခေါင်းဆောင် ၈၄ ဦးက လက်မှတ်ရေးထိုးကြတယ်။—နေ. ၁၀:၁-၂၇

၁၈၊ ၁၉။ (က) ဘုရားသခင့်ကမ္ဘာသစ်ထဲ ဝင်ချင်တယ်ဆိုရင် ကျွန်ုပ်တို့ ဘာလုပ်ရမလဲ။ (ခ) ကျွန်ုပ်တို့ ဘာအတွက် ဆက်ဆုတောင်းရမလဲ။ ဘာကြောင့်လဲ။

၁၈ ကျွန်ုပ်တို့က ကမ္ဘာသစ်မှာ ယေဟောဝါအလိုရှိတဲ့လူစားမျိုး ဖြစ်ချင်တယ်ဆိုရင် ကိုယ်တော့်ရဲ့ ဆုံးမမှုကို ခံယူဖို့လိုတယ်။ တမန်တော်ပေါလုက “အဖဆုံးမခြင်းကို မခံရသောသား ရှိသလော” လို့ မေးခဲ့တယ်။ (ဟေဗြဲ ၁၂:၇) ကျွန်ုပ်တို့က ယေဟောဝါရဲ့ဆုံးမမှုကို လက်ခံပြီး ကိုယ်တော့်ကိုသစ္စာရှိရှိ အမှုဆောင်တယ်ဆိုရင် ကျွန်ုပ်တို့ကို လေ့ကျင့်ဖို့ ယေဟောဝါကို ခွင့်ပြုတာဖြစ်တယ်။ ကျွန်ုပ်တို့က အပြစ်ကြီးတစ်ခု လုပ်မိတဲ့အခါမှာ တကယ်နောင်တရပြီး ကိုယ်တော့်ဆုံးမမှုကို နှိမ့်ချစွာ လက်ခံတယ်ဆိုရင် ယေဟောဝါ ကျွန်ုပ်တို့ကို ခွင့်လွှတ်မယ်ဆိုတာ စိတ်ချနိုင်ပါတယ်။

၁၉ မကြာခင်မှာ ယေဟောဝါဟာ အီဂျစ်ပြည်ကနေ အစ္စရေးလူတွေကို ကယ်တင်ခဲ့တဲ့အချိန်တုန်းကထက် ပိုအံ့သြစရာကောင်းတဲ့ လုပ်ရပ်တွေကို လုပ်ပါတော့မယ်။ အဲဒီအချိန်ကျရင် ကိုယ်တော်ဟာ ဘယ်လောက်ကြီးမြတ်တဲ့ဘုရားဖြစ်တယ်ဆိုတာ လူတိုင်း သိရကြပါလိမ့်မယ်။ (ယေဇ. ၃၈:၂၃) ရှေးအချိန်က အစ္စရေးလူတွေဟာ ဘုရားသခင်ကတိပြုထားတဲ့ပြည်ထဲ အမှန်တကယ်ဝင်ခဲ့ရသလို ယေဟောဝါကို သစ္စာရှိကြောင်း တင်ပြသူအားလုံး ကမ္ဘာသစ်ထဲ ဝင်ရမယ်ဆိုတာ သေချာပါတယ်။ (၂ ပေ. ၃:၁၃) ဒါကြောင့် ဂုဏ်ကျက်သရေရှိတဲ့ ဘုရားသခင့်နာမည် သန့်ရှင်းမြင့်မြတ်စေဖို့ ဆက်ဆုတောင်းကြပါစို့။ နောက်ဆောင်းပါးမှာ အခုနဲ့ ထာဝစဉ် ဘုရားသခင့်ကောင်းချီး ခံစားရဖို့ ကျွန်ုပ်တို့လုပ်ဆောင်ရမယ့်အရာကို သိရှိစေတဲ့ နောက်ဆုတောင်းချက်တစ်ခုအကြောင်း ဆွေးနွေးပါလိမ့်မယ်။