မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လိုအပ်နေသူတွေကို ကျွန်ုပ်တို့ ကူညီပေးနိုင်ပုံ

လိုအပ်နေသူတွေကို ကျွန်ုပ်တို့ ကူညီပေးနိုင်ပုံ

“ရွေးကောက်ပွဲတစ်ခုရဲ့ အနိုင်အၡုံးရလဒ်ကြောင့် အကြမ်းဖက်မှုတွေဖြစ်ပွားပြီး သောင်းနဲ့ချီတဲ့ ယေဟောဝါသက်သေတွေဟာ သူတို့ရဲ့နေအိမ်တွေကနေ ထွက်ပြေးခဲ့ရတယ်” လို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံက အကြီးအကဲတစ်ယောက်ဖြစ်တဲ့ ဖရန်ဆွာက ပြောပြတယ်။ “အစားအစာနဲ့ ဆေးဝါးတွေ ရှားပါးသွားပြီး ရှိနေတာတွေက အဆမတန် ဈေးတက်လာတယ်။ ဘဏ်တွေပိတ်သွားတယ်၊ ငွေထုတ်စက်တွေ ရပ်သွားတယ်။”

ဌာနခွဲရုံးက ညီအစ်ကိုတွေဟာ အလှူငွေနဲ့ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေ ချက်ချင်း စုဆောင်းလိုက်တယ်၊ အဲဒီနောက် ထွက်ပြေးလာပြီး နိုင်ငံတစ်ဝန်းမှာရှိတဲ့ နိုင်ငံတော်ခန်းမတွေမှာ ရောက်ရှိနေတဲ့ သက်သေခံတွေဆီ ပို့ပေးတယ်။ အတိုက်အခံအုပ်စုတွေက လမ်းတွေကို ပိတ်လိုက်တယ်၊ ဒါပေမဲ့ သက်သေခံတွေဟာ ကြားနေတယ်ဆိုတာကို နှစ်ဖက်စလုံးက သိထားလို့ ဌာနခွဲကားတွေက အဲဒီနေရာတွေကို ဖြတ်သန်းခွင့်ရခဲ့တယ်။

“နိုင်ငံတော်ခန်းမတစ်ခုကို သွားတဲ့လမ်းမှာ လက်ဖြောင့်တပ်သားတွေက ကျွန်တော်တို့ရဲ့ကားကို သေနတ်နဲ့ပစ်တယ်။ ဒါပေမဲ့ ကျည်ဆန်တွေက ကျွန်တော်တို့ကြားကနေ ဖြတ်သွားတယ်။ လက်နက်ကိုင်ထားတဲ့ စစ်သားတစ်ယောက် ကျွန်တော်တို့ရှိတဲ့ဘက်ကို ပြေးလာတာတွေ့လိုက်လို့ ကျွန်တော်တို့ ကားကို အမြန်ပြန်ကွေ့ပြီး ဌာနခွဲကို ပြန်လာခဲ့ကြတယ်။ ကျွန်တော်တို့ အသက်ရှင်လွတ်မြောက်ခဲ့လို့ ယေဟောဝါကို ကျေးဇူးတင်တယ်။ နောက်တစ်နေ့မှာ အဲဒီနိုင်ငံတော်ခန်းမမှာရှိတဲ့ သက်သေခံ ၁၃၀ ဟာ လုံခြုံတဲ့နေရာတစ်ခုကို ဘေးအန္တရာယ်ကင်းကင်းနဲ့ ရောက်သွားတယ်။ တချို့က ဌာနခွဲကို ရောက်လာကြတယ်၊ ဆူပူလှုပ်ရှားမှုတွေပြီးသွားတဲ့အထိ သူတို့ကို အဲဒီမှာ ကြည့်ရှုစောင့်ရှောက်ထားခဲ့တယ်။”

“နောက်ပိုင်းမှာ နိုင်ငံအနှံ့က ညီအစ်ကိုတွေ ရေးလိုက်တဲ့ ကျေးဇူးတင်စာ အများကြီးကို ဌာနခွဲက လက်ခံရရှိခဲ့တယ်။ သူတို့လိုအပ်တဲ့အချိန်မှာ သူတို့ရဲ့ညီအစ်ကိုတွေက ကူညီပေးတယ်ဆိုတာကို တွေ့ကြုံခံစားခဲ့ရလို့ ယေဟောဝါအပေါ် ပိုပြီး ယုံကြည်စိတ်ချလာကြတယ်” လို့ ဖရန်ဆွာက ပြောပြတယ်။

သဘာဝဘေးနဲ့ လူကြောင့်ဖြစ်တဲ့ဘေးတွေ ရင်ဆိုင်ရတဲ့အခါမှာ အကူအညီလိုအပ်နေတဲ့ ညီအစ်ကိုတွေကို “နွေးထွေးစွာနေ၍ ဝစွာစားကြလော့” လို့ ကျွန်ုပ်တို့ မပြောဘူး။ (ယာ. ၂:၁၅၊ ၁၆) အဲဒီအစား သူတို့လိုအပ်တာတွေကို ကူညီပေးဖို့ လုပ်ဆောင်ကြတယ်။ အဲဒီလိုပဲ ပထမရာစုတုန်းကလည်း အစာခေါင်းပါးလိမ့်မယ်ဆိုတဲ့ သတိပေးချက် ကြားတဲ့အခါမှာ ‘တပည့်တော်တွေဟာ ယုဒပြည်မှာနေတဲ့ ညီအစ်ကိုတွေဆီ အသီးအသီး တတ်နိုင်သရွေ့ ကယ်ဆယ်ရေးအထောက်အပံ့ ပေးပို့ဖို့ ဆုံးဖြတ်’ ခဲ့ကြတယ်။—တ. ၁၁:၂၈-၃၀

ယေဟောဝါရဲ့ကျေးကျွန်တွေဟာ အကူအညီလိုအပ်နေသူတွေကို ရုပ်ပစ္စည်းတွေနဲ့ ကူညီပေးဖို့ အသင့်ရှိကြတယ်။ ဒါပေမဲ့ လူတွေဟာ ဝတ်ပြုရေးမှာလည်း အကူအညီလိုအပ်ကြတယ်။ (မ. ၅:၃) သူတို့ကို ဝတ်ပြုရေးမှာ အကူအညီလိုအပ်နေတယ်ဆိုတာသိရှိစေဖို့နဲ့ အဲဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့အတွက် ယေရှုက မိမိရဲ့နောက်လိုက်တွေကို တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ပါဝင်ဖို့ အမိန့်ပေးခဲ့တယ်။ (မ. ၂၈:၁၉၊ ၂၀) ကျွန်ုပ်တို့ဟာ ဒီလုပ်ငန်းမှာပါဝင်ဖို့အတွက် ကိုယ့်ရဲ့အချိန်၊ ခွန်အားနဲ့ ဥစ္စာပစ္စည်းတွေကို အသုံးပြုကြတယ်။ အဖွဲ့အစည်းအနေနဲ့ကတော့ ရုပ်ပစ္စည်းလိုအပ်ရာတွေ ထောက်ပံ့ရာမှာ အလှူငွေတချို့ကို အသုံးပြုတယ်၊ ဒါပေမဲ့ အဓိက,ကတော့ နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်းမှာ အသုံးပြုတယ်။ ဒီနည်းအားဖြင့် ကျွန်ုပ်တို့က ဘုရားသခင်နဲ့ လူလူချင်းကို ချစ်တယ်ဆိုတာ ဖော်ပြတယ်။—မ. ၂၂:၃၇-၃၉

ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာချီလုပ်ငန်းကို ထောက်ပံ့သူတွေအနေနဲ့ သူတို့ရဲ့အလှူငွေတွေကို အသင့်တော်ဆုံးနည်းနဲ့ အသုံးပြုနေတယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ အကူအညီလိုအပ်နေတဲ့ သင်တို့ရဲ့ညီအစ်ကိုတွေကို ကူညီပေးနိုင်မလား။ တပည့်ဖြစ်စေခြင်းလုပ်ငန်းကို ထောက်ပံ့လိုတဲ့ဆန္ဒ သင့်မှာ ရှိပါသလား။ ဆန္ဒရှိပြီး “တတ်နိုင်တယ်ဆိုရင် လိုအပ်နေသူတွေကို ကောင်းမှုပြုဖို့ မတွန့်ဆုတ်နဲ့။”—သု. ၃:၂၇ကဘ။