မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“သခင်၌ရှိသောသူကိုသာ” အိမ်ထောင်ပြုပါ—လက်တွေ့ကျသေးရဲ့လား

“သခင်၌ရှိသောသူကိုသာ” အိမ်ထောင်ပြုပါ—လက်တွေ့ကျသေးရဲ့လား

“အသင်းတော်ထဲမှာ အိမ်ထောင်ဖက် ရှာမတွေ့နိုင်လို့ အသက်ကြီးတဲ့အခါ အထီးကျန်ဖြစ်မှာကို စိုးရိမ်မိတယ်။”

“လောကမှာရှိတဲ့ အမျိုးသားတချို့က ချစ်ခင်စရာ ကောင်းတယ်၊ ကြင်နာတတ်ပြီး တအားအလိုက်သိတယ်။ ကျွန်မရဲ့ ဘာသာရေးကိုလည်း မကန့်ကွက်ဘူး။ ညီအစ်ကိုတချို့ထက်တောင် ပိုစိတ်ဝင်စားပုံရသေးတယ်။”

တစ်ကိုယ်ရေ ညီအစ်ကိုညီအစ်မတချို့ အဲဒီလို ပြောကြတယ်။ ယေဟောဝါက သူ့ကျေးကျွန်တွေကို “သခင်၌ရှိသောသူကိုသာ၊” တစ်နည်းအားဖြင့် ခရစ်ယာန်စစ်တွေကိုသာ အိမ်ထောင်ပြုစေချင်တယ်ဆိုတာ သူတို့သိတယ်။ (၁ ကော. ၇:၃၉) ဒါပေမဲ့ ခရစ်ယာန်တချို့ ဘာကြောင့် အဲဒီလိုပြောကြသလဲ။

သံသယဝင်ရတဲ့ အကြောင်းရင်း

အထက်ပါစကားတွေကိုပြောတဲ့ ခရစ်ယာန်တွေဟာ တစ်ကိုယ်ရေညီအစ်ကိုတွေထက် ညီအစ်မတွေ ပိုများတယ်လို့ ခံစားနေရတာဖြစ်နိုင်တယ်။ နိုင်ငံများစွာမှာ အဲဒီလိုဖြစ်နေတာ မှန်ပါတယ်။ ဥပမာ၊ ကိုရီးယားနိုင်ငံမှာ တစ်ကိုယ်ရေခရစ်ယာန်တွေရဲ့ ၅၇ ရာခိုင်နှုန်းက ညီအစ်မတွေဖြစ်ပြီး ၄၃ ရာခိုင်နှုန်းက ညီအစ်ကိုတွေဖြစ်တယ်။ ကိုလံဘီယာနိုင်ငံမှာ တစ်ကိုယ်ရေခရစ်ယာန်တွေရဲ့ ၆၆ ရာခိုင်နှုန်းက ညီအစ်မတွေဖြစ်ပြီး ၃၄ ရာခိုင်နှုန်းက ညီအစ်ကိုတွေဖြစ်တယ်။

ဒေသတချို့မှာ သက်သေခံမဟုတ်တဲ့မိဘတွေဟာ သူတို့ရဲ့သမီးတွေကို ငွေတွေ၊ တန်ဖိုးကြီးပစ္စည်းတွေနဲ့ တင်တောင်းဖို့ တောင်းဆိုတာမျိုးဖြစ်နိုင်တယ်။ တစ်ကိုယ်ရေညီအစ်ကိုတချို့ကလည်း အဲဒီလောက် မတတ်နိုင်တာ ဖြစ်နိုင်တယ်။ ဒါကြောင့် ခရစ်ယာန်ခင်ပွန်းတစ်ယောက် ရှာတွေ့နိုင်ပါ့မလားလို့ ညီအစ်မတချို့ စိုးရိမ်ကြတယ်။ *

ယေဟောဝါကို ယုံကြည်ကိုးစားဖို့ လိုအပ်

သင်လည်း အဲဒီလိုခံစားနေရတယ်ဆိုရင် သင့်အခြေအနေကို ယေဟောဝါ သိပြီး သင့်ခံစားချက်ကို နားလည်တယ်ဆိုတာ ယုံကြည်စိတ်ချပါ။—၆ ရာ. ၆:၂၉၊ ၃၀

ဒါပေမဲ့ ကျမ်းစာမှာ သခင်၌ရှိသောသူကိုသာ အိမ်ထောင်ပြုဖို့ ယေဟောဝါ မိန့်မှာထားတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အတွက် အကောင်းဆုံးဖြစ်မယ့်အရာကို ယေဟောဝါသိပြီး ကျွန်တော်တို့ကို ကာကွယ်ပေးချင်လို့ပဲ။ ကျွန်တော်တို့ကို ထိခိုက်စေနိုင်တဲ့၊ စိတ်ညစ်စေနိုင်တဲ့ ဆုံးဖြတ်ချက်အမှားတွေ မချစေချင်ဘူး။ နေဟမိခေတ်တုန်းက ဂျူးများစွာဟာ ဘုရားသခင်ကို မကိုးကွယ်တဲ့အမျိုးသမီးတွေနဲ့ အိမ်ထောင်ပြုခဲ့တယ်။ ဒါကြောင့် ရှောလမုန်ရဲ့ မကောင်းတဲ့ပုံနမူနာကို နေဟမိ ပြန်ပြောပြတယ်။ ‘ဘုရားသခင်က သူ့ကို ချစ်တဲ့အတွက် အစ္စရေးဘုရင်အဖြစ် ခန့်အပ်တယ်။ ဒါပေမဲ့ တိုင်းတစ်ပါးမိန်းမတွေက သူအပြစ်ကျူးလွန်အောင် လုပ်နိုင်ခဲ့တယ်။’ (နေ. ၁၃:၂၃-၂၆ကဘ) ယေဟောဝါက မိမိရဲ့ သတိပေးချက်တွေဟာ ကျွန်တော်တို့ကောင်းကျိုးအတွက်ဖြစ်တယ်ဆိုတာ သိတယ်။ ဒါကြောင့် သခင်၌ရှိသောသူကိုသာ လက်ထပ်ဖို့ ခရစ်ယာန်တွေကို လမ်းညွှန်ထားတယ်။ (ဆာ. ၁၉:၇-၁၀; ဟေရှာ. ၄၈:၁၇၊ ၁၈) မေတ္တာပါပြီး ယုံကြည်စိတ်ချနိုင်တဲ့ လမ်းညွှန်ချက်ကို ကိုယ်တော်ပေးထားလို့ ကျေးဇူးတင်စရာပဲ။ ယေဟောဝါကို အုပ်စိုးရှင်အဖြစ် ကျွန်တော်တို့ နာခံခြင်းက ကိုယ်တော့်ကို စကြဝဠာအချုပ်အခြာအာဏာရှင်အဖြစ် အသိအမှတ်ပြုရာကျတယ်။—သု. ၁:၅

“ဘက်မညီတဲ့ထမ်းပိုး” ကို သင်ထမ်းချင်မှာ မဟုတ်ဘူး။ တစ်နည်းအားဖြင့် ယေဟောဝါကို မချစ်တဲ့သူနဲ့ အိမ်ထောင်ပြုချင်မှာ မဟုတ်ဘူး။ သူက ယေဟောဝါကို သင် ဝတ်မပြုတော့အောင် လုပ်နိုင်တယ်။ (၂ ကော. ၆:၁၄) ယေဟောဝါရဲ့ အကြံဉာဏ်က အမြဲလက်တွေ့ကျတယ်။ ဒီနေ့အချိန်မှာ ခရစ်ယာန်များစွာဟာ ယေဟောဝါကို နာခံဖို့ ပညာရှိရှိ ရွေးချယ်ကြတယ်။ ဒါပေမဲ့ တချို့ကတော့ မနာခံဖို့ ရွေးချယ်ကြတယ်။

လက်တွေ့ကျနေဆဲပါပဲ

သြစတြေးလျနိုင်ငံက မက်ဂီလို့ခေါ်တဲ့ ညီအစ်မတစ်ယောက်ဟာ ခရစ်ယာန်စစ်မဟုတ်သူတစ်ယောက်နဲ့ ချိန်းတွေ့ခဲ့တယ်။ * “သူနဲ့တွေ့ဖို့အရေး အစည်းအဝေးတွေ ပျက်ခဲ့ရတယ်။ ဘုရားနဲ့ဆက်ဆံရေး တော်တော်အားနည်းလာတယ်” လို့ သူပြောတယ်။ အိန္ဒိယနိုင်ငံက ရာသာနား လို့ခေါ်တဲ့ ညီအစ်မငယ်တစ်ယောက်လည်း ကျမ်းစာလေ့လာနေတဲ့ အတန်းဖော်တစ်ယောက်နဲ့ ချိန်းတွေ့ခဲ့တယ်။ တကယ်တော့ အဲဒီအတန်းဖော်က ရာသာနားနဲ့ ချိန်းတွေ့ချင်လို့သာ ကျမ်းစာလေ့လာခဲ့တာဖြစ်တယ်။ ရာသာနားဟာ တဖြည်းဖြည်း ယေဟောဝါကို ဝတ်မပြုတော့ဘဲ အဲဒီအတန်းဖော်နဲ့လက်ထပ်နိုင်ဖို့ ဘာသာတောင်ပြောင်းလိုက်တယ်။

ကင်မရွန်းနိုင်ငံက ညီအစ်မ ဒန်ကာဟာ အသက် ၁၉ နှစ်မှာ ယေဟောဝါကို ဝတ်မပြုသူတစ်ယောက်နဲ့ အိမ်ထောင်ပြုခဲ့တယ်။ မင်္ဂလာမဆောင်ခင်မှာတော့ အဲဒီလူက ယေဟောဝါကို ဆက်ဝတ်ပြုခွင့်ပေးမယ်လို့ ဒန်ကာကို ကတိပေးခဲ့တယ်။ ဒါပေမဲ့ မင်္ဂလာဆောင်ပြီး နှစ်ပတ်အကြာမှာတော့ အစည်းအဝေးတွေ သွားခွင့်မပေးတော့ဘူး။ “တစ်ယောက်တည်း အထီးကျန်ပြီး ငိုခဲ့ရတယ်။ ကိုယ့်ဘဝ ကိုယ်မပိုင်တော့ဘူးဆိုတာ သိလိုက်ရတယ်။ အကြီးအကျယ် နောင်တရမိတယ်” လို့ ဒန်ကာပြောတယ်။

ခရစ်ယာန်တချို့ရဲ့ အိမ်ထောင်ဖက်ဟာ ယေဟောဝါကို ဝတ်မပြုပေမဲ့ သဘောကောင်းပြီး မျှမျှတတရှိတာ ဖြစ်နိုင်ပါတယ်။ သင့်အိမ်ထောင်ဖက်ဟာ ယေဟောဝါကို ဝတ်မပြုပေမဲ့ သဘောကောင်းသူ ဖြစ်ဦးတော့ သင်နဲ့ ယေဟောဝါရဲ့ ဆက်ဆံရေးကို ဘယ်လိုထိခိုက်မလဲ။ သင့်အကျိုးအတွက် ဘုရားသခင်ပေးထားတဲ့ လမ်းညွှန်ချက်ကို နားမထောင်မိလို့ သင်ဘယ်လိုခံစားရမလဲ။ အရေးကြီးဆုံးကတော့ သင့်လုပ်ရပ်အတွက် ယေဟောဝါ ဘယ်လိုခံစားရမလဲ။—သု. ၁:၃၃

“သခင်၌ရှိသောသူကိုသာ” အိမ်ထောင်ပြုပါဆိုတဲ့ ယေဟောဝါရဲ့ လမ်းညွှန်ချက်ကို နာခံတာက အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်မှန်း ကမ္ဘာတစ်ဝန်းက ညီအစ်ကိုညီအစ်မတွေ ယုံကြည်စိတ်ချကြတယ်။ တစ်ကိုယ်ရေ ညီအစ်ကိုညီအစ်မတွေဟာ ယေဟောဝါကို ဝတ်ပြုသူနဲ့သာ အိမ်ထောင်ပြုခြင်းအားဖြင့် ယေဟောဝါရဲ့စိတ်ကို ရွှင်လန်းစေဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်။ ဂျပန်နိုင်ငံက ညီအစ်မ မီချီကိုဟာ ယေဟောဝါကိုမချစ်တဲ့သူနဲ့ လက်ထပ်ဖို့ ဆွေမျိုးတွေရဲ့ ဖိအားပေးမှု ကြုံရပေမဲ့ ဘုရားသခင်ကို နာခံဖို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။ သူငယ်ချင်းတချို့ဟာ ခရစ်ယာန်စစ်တွေနဲ့ အိမ်ထောင်ကျသွားပြီး သူကတော့ အိမ်ထောင်မကျလို့ တော်တော်ခံစားရတယ်။ “ယေဟောဝါဟာ ‘ပျော်ရွှင်တဲ့ဘုရား’ ဖြစ်လို့ ကျွန်မတို့ရဲ့ ပျော်ရွှင်မှုက အိမ်ထောင်ကျတာ၊ မကျတာနဲ့ မဆိုင်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် အမြဲပြောတယ်။ ကျွန်မတို့ရဲ့ အလိုဆန္ဒကို ကိုယ်တော်ဖြည့်ဆည်းပေးမယ်ဆိုတာကိုလည်း ကျွန်မယုံကြည်တယ်။ ဒါကြောင့် အိမ်ထောင်ပြုချင်ပေမဲ့ အိမ်ထောင်ဖက် ရှာမတွေ့ရင်လည်း ရှာတွေ့တဲ့အထိ တစ်ကိုယ်တည်းနေတာ အကောင်းဆုံးပဲ” လို့သူပြောတယ်။ (၁ တိ. ၁:၁၁) နောက်ပိုင်း မီချီကိုဟာ ညီအစ်ကိုတစ်ယောက်နဲ့ အိမ်ထောင်ကျသွားတယ်။ ယေဟောဝါရဲ့ လမ်းညွှန်ချက်ကို နားထောင်ခဲ့လို့ သူပျော်ရွှင်နေတယ်။

သင့်တော်တဲ့အိမ်ထောင်ဖက် မတွေ့မချင်း စောင့်ဆိုင်းခဲ့တဲ့ ညီအစ်ကိုတချို့လည်း ရှိပါတယ်။ ဥပမာ၊ သြစတြေးလျနိုင်ငံက ညီအစ်ကို ဘီလ်ဟာ သက်သေခံမဟုတ်တဲ့ အမျိုးသမီးတွေကို စိတ်ဝင်စားခဲ့ဖူးတယ်လို့ ဝန်ခံတယ်။ ဒါပေမဲ့ မယုံကြည်သူနဲ့ “ဘက်မညီသည့် ထမ်းပိုး” ထမ်းမိတဲ့အဖြစ်မျိုး မရောက်ချင်လို့ သူတို့တစ်ယောက်နဲ့မှ လက်ပွန်းတတီး မနေခဲ့ဘူး။ နှစ်တွေတစ်လျှောက် ညီအစ်မတချို့ကိုလည်း စိတ်ဝင်စားခဲ့တယ်။ ဒါပေမဲ့ သူတို့က ပြန်မကြိုက်ဘူး။ နှစ်ပေါင်း ၃၀ စောင့်ဆိုင်းပြီးနောက်မှာတော့ သူနဲ့ ပန်းတိုင်တူတဲ့ ခရစ်ယာန်ညီအစ်မတစ်ယောက်ကို ရှာတွေ့ခဲ့တယ်။ “ကျွန်တော် နောင်တမရပါဘူး။ အတူအမှုဆောင်သွား၊ အတူလေ့လာပြီး အတူဝတ်ပြုရတာ ကောင်းချီးပဲလို့ ခံစားရတယ်။ ကျွန်တော့်အမျိုးသမီးရဲ့ မိတ်ဆွေတွေလည်း ယေဟောဝါကို ဝတ်ပြုသူတွေဖြစ်လို့ သူတို့နဲ့တွေ့ဆုံပေါင်းသင်းရတာ ပျော်စရာကောင်းတယ်။ အိမ်ထောင်သာယာဖို့ ကျမ်းစာလမ်းညွှန်ချက်တွေကိုလည်း အတူကျင့်သုံးနိုင်တယ်” လို့သူပြောတယ်။

ယေဟောဝါကို စောင့်ဆိုင်းနေရင်း

ယေဟောဝါရဲ့ လမ်းညွှန်ချက်ကို ယုံကြည်စိတ်ချပြီး အိမ်ထောင်ဖက်တစ်ယောက်ကို စောင့်ဆိုင်းနေရင်း ဘာလုပ်ဆောင်နိုင်သလဲ။ ကိုယ်အိမ်ထောင်မပြုရတဲ့အကြောင်းရင်းကို ပြန်စဉ်းစားနိုင်တယ်။ သင်ဟာ ယေဟောဝါရဲ့ မိန့်မှာချက်ကို နာခံချင်လို့ အိမ်ထောင်မပြုတာဆိုရင် ယေဟောဝါရဲ့ စိတ်ကို ရွှင်လန်းစေတယ်ဆိုတာ ယုံကြည်စိတ်ချပါ။ (၁ ရာ. ၁၅:၂၂; သု. ၂၇:၁၁) ယေဟောဝါဆီ ပုံမှန်ဆုတောင်းပြီး သင် ခံစားနေရတာတွေကို တိတိကျကျ ပြောပြပါ။ (ဆာ. ၆၂:၈) သွေးဆောင်မှုတွေ၊ မှားယွင်းတဲ့ဆန္ဒတွေကို အတတ်နိုင်ဆုံး တိုက်လှန်မယ်ဆိုရင် တစ်နေ့ပြီးတစ်နေ့ ယေဟောဝါနဲ့ဆက်ဆံရေး ပိုခိုင်မြဲလာပါလိမ့်မယ်။ သင်ဟာ ယေဟောဝါအတွက် တန်ဖိုးရှိသူဖြစ်လို့ သင့်အလိုဆန္ဒနဲ့ လိုအပ်ရာတွေကို ကိုယ်တော် ဂရုစိုက်တယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။ ခင်ပွန်း ဒါမှမဟုတ် ဇနီးတစ်ယောက်ပေးမယ်လို့တော့ ဘယ်သူ့ကိုမှ ကိုယ်တော် ကတိမပေးထားပါဘူး။ ဒါပေမဲ့ အိမ်ထောင်ဖက်တစ်ယောက်ကို သင် အမှန်တကယ်လိုအပ်နေတယ်ဆိုရင် သင့်လိုအပ်ရာကို ဘယ်လိုအကောင်းဆုံးဖြည့်ဆည်းပေးရမယ်ဆိုတာ ယေဟောဝါသိတယ်။—ဆာ. ၁၄၅:၁၆; မ. ၆:၃၂

‘အို ယေဟောဝါ၊ ကျွန်တော့်ကို အမြန်ထူးလှည့်ပါ။ ကျွန်တော့်အစွမ်းခွန်အားတွေ ကုန်ဆုံးတော့မယ်။ မျက်နှာမလွှဲလိုက်ပါနဲ့’ လို့ပြောခဲ့တဲ့ ဒါဝိဒ်လို တစ်ခါတလေ သင် ခံစားရနိုင်တယ်။ (ဆာ. ၁၄၃:၅-၇၊ ၁၀ကဘ) ဒါပေမဲ့ စိတ်ဓာတ်မကျပါနဲ့။ သင့်အတွက် ဘုရားအလိုတော်က ဘာဖြစ်တယ်ဆိုတာ ဖော်ပြဖို့ ဘုရားသခင်ကို အချိန်ပေးပါ။ ကျမ်းစာဖတ်ရှုခြင်း၊ ဖတ်ရှုတဲ့အရာကို လေးလေးနက်နက် တွေးတောဆင်ခြင်ခြင်းအားဖြင့် ယေဟောဝါရဲ့ စကားကို နားထောင်ပါ။ အဲဒီလိုလုပ်ဆောင်ခြင်းက သင့်ဆီကနေ ယေဟောဝါ ဘာတောင်းဆိုတယ်၊ ရှေးခေတ်ကျေးကျွန်တွေကို ကိုယ်တော် ဘယ်လိုကူညီပေးခဲ့တယ်ဆိုတာ သိလာစေပါလိမ့်မယ်။ ယေဟောဝါရဲ့စကားကို နားထောင်ခြင်းအားဖြင့် ကိုယ်တော့်ကို ယုံကြည်စိတ်ချမှုအပြည့်နဲ့ ဆက်နာခံနိုင်ပါလိမ့်မယ်။

တစ်ကိုယ်ရေခရစ်ယာန်တွေဟာ မိသားစုတွေ၊ ကလေးတွေကို ကူညီပေးခြင်းအားဖြင့် အသင်းတော်မှာ အသုံးဝင်သူတွေဖြစ်

တစ်ကိုယ်ရေဘဝမှာ ပျော်ရွှင်စွာအလုပ်များနေရင်း ဘာတွေလုပ်ဆောင်နိုင်သေးသလဲ။ ယေဟောဝါနဲ့ဆက်ဆံရေး ပိုခိုင်မြဲလာအောင်၊ နာမည်ကောင်းရှိအောင် လုပ်ဆောင်နိုင်တယ်။ ရက်ရောသူ၊ အလုပ်ကြိုးစားသူ၊ ပေါင်းရသင်းရအဆင်ပြေသူ၊ ယေဟောဝါအပေါ် သစ္စာစောင့်သိသူဖြစ်လာအောင်လည်း သင်ယူနိုင်တယ်။ အိမ်ထောင်သာယာဖို့ အဲဒီအရည်အသွေးတွေ လိုအပ်တယ်။ (က. ၂၄:၁၆-၂၁; ရု. ၁:၁၆၊ ၁၇; ၂:၆၊ ၇၊ ၁၁; သု. ၃၁:၁၀-၂၇) အမှုဆောင်လုပ်ငန်းနဲ့ အသင်းတော်မှာ အလုပ်များနေခြင်းအားဖြင့် နိုင်ငံတော်ကို ဦးစွာရှာပါ။ အဲဒီလုပ်ဆောင်မှုတွေက ပညာမဲ့တဲ့ဆုံးဖြတ်ချက်တွေ မချမိအောင် ကာကွယ်ပေးပါလိမ့်မယ်။ တစ်ကိုယ်ရေနေခဲ့တဲ့အချိန်နဲ့ပတ်သက်ပြီး ဘီလ် အခုလိုပြောတယ်– “အဲဒီအချိန်တွေက ခဏလေးနဲ့ ကုန်သွားတယ်။ ကျွန်တော့်ရဲ့အချိန်တွေကို ရှေ့ဆောင်လုပ်ငန်းမှာ အသုံးပြုခဲ့တယ်။”

“သခင်၌ရှိသောသူကိုသာ” အိမ်ထောင်ပြုပါဆိုတဲ့ ယေဟောဝါရဲ့ မိန့်မှာချက်ဟာ ခေတ်မမီတော့တဲ့၊ ခေတ်နောက်ကျသွားတဲ့ မိန့်မှာချက်မဟုတ်ပါဘူး။ ခရစ်ယာန်စစ်တစ်ယောက်နဲ့ပဲ အိမ်ထောင်ပြုခြင်းအားဖြင့် ယေဟောဝါကို ဂုဏ်တင်နိုင်တယ်။ ကိုယ်တိုင်လည်း ပျော်ရွှင်မှု ခံစားရပါလိမ့်မယ်။ ‘ယေဟောဝါကို ကြောက်ရွံ့သူ၊ ကိုယ်တော့်ပညတ်ချက်တွေကို သိပ်နှစ်သက်သူက ပျော်ရွှင်တယ်။ သူ့အိမ်မှာ စည်းစိမ်ဥစ္စာတွေ ရှိတယ်။ သူ့ရဲ့ဖြောင့်မတ်မှုက ထာဝစဉ်တည်မြဲတယ်’ လို့ ကျမ်းစာမှာ ပြောထားတယ်။ (ဆာ. ၁၁၂:၁၊ကဘ) ဒါကြောင့် “သခင်၌ရှိသောသူကိုသာ” အိမ်ထောင်ပြုပါဆိုတဲ့ ယေဟောဝါရဲ့ မိန့်မှာချက်ကို နာခံဖို့ စိတ်ပိုင်းဖြတ်ထားပါ။

^ စာပိုဒ်၊ 7 ဒီဆောင်းပါးကို ညီအစ်မတွေရဲ့ ရှုမြင်ပုံကနေ ဆွေးနွေးထားပေမဲ့ လမ်းညွှန်ချက်တွေက ညီအစ်ကိုတွေနဲ့လည်း သက်ဆိုင်ပါတယ်။

^ စာပိုဒ်၊ 13 နာမည်တချို့ကို ပြောင်းထားပါတယ်။