မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကတိထားရာတွေကို သူတို့ “မြင်” ခဲ့ကြ

ကတိထားရာတွေကို သူတို့ “မြင်” ခဲ့ကြ

‘ထိုသူတို့သည် ကတိထားရာများကို မရခဲ့ကြသော်လည်း အဝေးမှ မြော်မြင်ကြ၏။’ —ဟေဗြဲ ၁၁:၁၃

၁။ မမြင်ရတဲ့အရာတွေကို စိတ်ကူးနိုင်တဲ့အတွက် ဘယ်လိုအကျိုးရရှိသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

ယေဟောဝါက ကျွန်တော်တို့ကို အဖိုးတန်လက်ဆောင်တစ်ခု ပေးထားတယ်။ အဲဒါကတော့ မမြင်ရတဲ့အရာတွေကို စိတ်ကူးကြည့်နိုင်စွမ်းပဲ။ အဲဒီစွမ်းရည်က ကောင်းမွန်တဲ့အနာဂတ်ကို မျှော်လင့်နေဖို့၊ ကြိုတင်အစီအစဉ်ဆွဲနိုင်ဖို့၊ ပြဿနာတွေကို ရှောင်နိုင်ဖို့ ကူညီပေးတယ်။ ယေဟောဝါဟာ အနာဂတ်ကို ကြိုမြင်နိုင်တယ်။ အနာဂတ်မှာဖြစ်ပျက်မယ့် အရာတချို့အကြောင်းကို ကျမ်းစာကတစ်ဆင့် ပြောပြတယ်။ ကျွန်တော်တို့ကတော့ အနာဂတ်ကို ကြိုမမြင်နိုင်ပေမဲ့ စိတ်ကူးကြည့်နိုင်တယ်။ အဲဒီလိုစိတ်ကူးကြည့်ခြင်းက ယုံကြည်ခြင်းရှိနိုင်ဖို့ ကူညီပေးတယ်။—၂ ကော. ၄:၁၈

၂၊ ၃။ (က) ကျွန်တော်တို့ရဲ့ စိတ်ကူးနိုင်စွမ်းက ဘယ်လို အကူအညီဖြစ်စေသလဲ။ (ခ) ဒီဆောင်းပါးမှာ ဘယ်မေးခွန်းတွေကို ဆွေးနွေးမလဲ။

တစ်ခါတလေ ဘယ်တော့မှ မဖြစ်နိုင်တဲ့အရာတွေကို ကျွန်တော်တို့ စိတ်ကူးယဉ်တတ်ကြတယ်။ ဥပမာ၊ ကလေးမလေးတစ်ယောက်က လိပ်ပြာကို စီးနေတယ်လို့ စိတ်ကူးယဉ်တယ်ဆိုရင် ဒါမဖြစ်နိုင်တဲ့အရာပဲ။ ဒါပေမဲ့ ရှမွေလရဲ့မိခင် ဟန္နကတော့ ဖြစ်နိုင်တာတွေကို စိတ်ကူးခဲ့တယ်။ သားလေးကို တဲတော်ခေါ်သွားရမယ့်နေ့အကြောင်းပဲ သူစဉ်းစားနေတယ်။ ရှမွေလဟာ အဲဒီမှာ ယဇ်ပုရောဟိတ်တွေနဲ့အတူ အလုပ်လုပ်ရမယ်။ ဒါဟာ စိတ်ကူးယဉ်အိပ်မက်လောက်ပဲ မဟုတ်ပါဘူး။ လုပ်ကိုလုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့အရာဖြစ်တယ်။ ဒါကြောင့် အဲဒီနေ့အကြောင်း စိတ်ကူးကြည့်ခြင်းက ယေဟောဝါအပေါ် ကတိတည်နိုင်ဖို့ ဟန္နကို ခွန်အားဖြစ်စေခဲ့တယ်။ (၁ ရာ. ၁:၂၂) ကျွန်တော်တို့လည်း ယေဟောဝါရဲ့ ကတိတွေအကြောင်း စိတ်ကူးတာက တကယ်ဖြစ်လာမယ့်အရာတွေကို စိတ်ကူးနေတာဖြစ်တယ်။—၂ ပေ. ၁:၁၉-၂၁

ကျမ်းစာခေတ်က ယေဟောဝါရဲ့ကျေးကျွန်များစွာဟာ ကိုယ်တော့်ကတိတွေအကြောင်း စိတ်ကူးနိုင်ခဲ့ကြတယ်။ သူတို့ ဘာအကျိုးရရှိခဲ့သလဲ။ ကျွန်တော်တို့လည်း ဘုရားသခင့်ကတိတွေ ပြည့်စုံလာချိန်အကြောင်း စိတ်ကူးခြင်းကနေ ဘယ်လိုအကျိုးရရှိနိုင်သလဲ။

အနာဂတ်အကြောင်း စိတ်ကူးတဲ့အခါ သူတို့ရဲ့ယုံကြည်ခြင်း ခိုင်မာလာ

၄။ ပိုကောင်းတဲ့အနာဂတ်အကြောင်း အာဗေလ စိတ်ကူးနိုင်ခဲ့တာ ဘာကြောင့်လဲ။

ယေဟောဝါရဲ့ ကတိတွေကို ယုံကြည်သူတွေထဲမှာ အာဗေလဟာ ဦးဆုံးပဲ။ အာဒံနဲ့ ဧဝ အပြစ်ပြုပြီးနောက် မြွေကို ယေဟောဝါ ဘာပြောခဲ့တယ်ဆိုတာ အာဗေလသိတယ်။ ယေဟောဝါက “သင်နှင့် မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ငါသည် ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်။ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်’’ လို့ပြောတယ်။ (က. ၃:၁၄၊ ၁၅) အဲဒီစကားတွေ ဘယ်လိုပြည့်စုံလာမယ်ဆိုတာ အာဗေလ အတိအကျ မသိဘူး။ ဒါပေမဲ့ ဘုရားသခင် ပြောခဲ့တာတွေကို သူ တော်တော်စဉ်းစားခဲ့မှာပဲ။ ‘မြွေကြောင့် ထိခိုက်ခံရမယ့်သူ၊ လူသားတွေ ပြန်စုံလင်လာအောင် လုပ်ပေးမယ့်သူက ဘယ်သူများလဲ’ လို့ သူ တွေးခဲ့မှာပဲ။ ယေဟောဝါရဲ့ကတိအားလုံး ပြည့်စုံလာမယ်ဆိုတာ အာဗေလ ယုံကြည်တယ်။ ဒါကြောင့် သူပူဇော်တဲ့ယဇ်ကို ယေဟောဝါ နှစ်သက်လက်ခံခဲ့တယ်။ကမ္ဘာဦး ၄:၃–၅ နဲ့ ဟေဗြဲ ၁၁:၄ တို့ကိုဖတ်ပါ။

၅။ အနာဂတ်အကြောင်း စိတ်ကူးကြည့်ခြင်းက ဧနောက်ကို ဘာကြောင့် သတ္တိရှိစေခဲ့သလဲ။

ဘုရားသခင်ကို အခိုင်အမာယုံကြည်ခဲ့သူ နောက်တစ်ယောက်ကတော့ ဧနောက်ဖြစ်တယ်။ ဘုရားသခင်ကို ဆန့်ကျင်ပြီး “ထိတ်လန့်ဖွယ်စကား” တွေပြောတဲ့ လူဆိုးတွေအလယ်မှာ သူ အသက်ရှင်ခဲ့ရတယ်။ ဒါပေမဲ့ ဧနောက်ဟာ ဘုရားသခင့်သတင်းစကားကို သတ္တိရှိရှိ ဟောပြောခဲ့တယ်။ လူဆိုးတွေကို ယေဟောဝါ ဖျက်ဆီးပစ်တော့မယ်လို့ သူဟောတယ်။ (ယု. ၁၄၊ ၁၅) အဲဒီလိုဟောနိုင်ဖို့ သူ့ကို ဘာက ကူညီပေးခဲ့သလဲ။ ကမ္ဘာပေါ်မှာရှိတဲ့လူတိုင်းသာ ယေဟောဝါကို ဝတ်ပြုမယ်ဆိုရင် ဘယ်လိုအခြေအနေရှိမယ်ဆိုတာ သူစိတ်ကူးကြည့်ခဲ့လို့ ဖြစ်နိုင်တယ်။ဟေဗြဲ ၁၁:၅၊ ၆ ကိုဖတ်ပါ။

၆။ ရေလွှမ်းမိုးဘေးပြီးနောက် ဘယ်အကြောင်းတွေကို နောဧ စိတ်ကူးခဲ့ပုံရသလဲ။

နောဧဟာ ယေဟောဝါကို ယုံကြည်တဲ့အတွက် ရေလွှမ်းမိုးဘေးမှာ ဖျက်ဆီးမခံခဲ့ရဘူး။ (ဟေဗြဲ ၁၁:၇) အဲဒီနောက် ယေဟောဝါဆီ တိရစ္ဆာန်ယဇ်တွေ ပူဇော်ခဲ့တာလည်း ယုံကြည်ခြင်းကြောင့်ပဲ။ (က. ၈:၂၀) ရေလွှမ်းမိုးဘေးပြီးနောက် ကမ္ဘာကြီးဟာ ဆိုးသွမ်းလာပြန်တယ်။ ယေဟောဝါကို နိမ်ရောဒ ဆန့်ကျင်ပုန်ကန်ပေမဲ့ နောဧကတော့ ယုံကြည်ခြင်းခိုင်မာနေဆဲပဲ။ (က. ၁၀:၈-၁၂) တစ်နေ့ကျရင် အပြစ်နဲ့သေခြင်းကို ဘုရားသခင် ဖယ်ရှားပေးမယ်ဆိုတာ အာဗေလလိုပဲ သူ ယုံကြည်တယ်။ ရက်စက်တဲ့အုပ်စိုးရှင်တွေ မရှိတော့မယ့်အချိန်ကိုလည်း နောဧ တွေးတောခဲ့မှာပဲ။ ကျွန်တော်တို့လည်း မကြာခင်ရောက်လာတော့မယ့် ကောင်းမွန်တဲ့အနာဂတ်အကြောင်း စိတ်ကူးနိုင်ပါတယ်။—ရော. ၆:၂၃

ဘုရားသခင့်ကတိတွေ ပြည့်စုံလာမယ့် အချိန်ကို သူတို့စိတ်ကူးခဲ့

၇။ အာဗြဟံ၊ ဣဇာက်နဲ့ ယာကုပ်ဟာ ဘယ်အနာဂတ်အကြောင်း စိတ်ကူးနိုင်ခဲ့သလဲ။

အာဗြဟံ၊ ဣဇာက်နဲ့ ယာကုပ်တို့လည်း ကောင်းမွန်တဲ့အနာဂတ်အကြောင်း စိတ်ကူးနိုင်ခဲ့တယ်။ သူတို့ရဲ့ “အမျိုးအနွယ်” အားဖြင့် လူသားအားလုံး ကောင်းချီးခံစားရမယ်ဆိုပြီး သူတို့ကို ယေဟောဝါကတိပေးတယ်။ (က. ၂၂:၁၈; ၂၆:၄; ၂၈:၁၄) သူတို့ရဲ့မျိုးနွယ်ဟာ လူမျိုးကြီးဖြစ်လာပြီး လှပတဲ့ ကတိထားရာပြည်မှာ နေထိုင်ရမယ်ဆိုပြီးတော့လည်း ကတိပေးတယ်။ (က. ၁၅:၅-၇) အာဗြဟံ၊ ဣဇာက်နဲ့ ယာကုပ်ဟာ ယေဟောဝါရဲ့ကတိတွေ ပြည့်စုံမယ်ဆိုတာကို ယုံကြည်စိတ်ချတဲ့အတွက် သူတို့ရဲ့မိသားစုတွေ အဲဒီပြည်မှာနေထိုင်နေတဲ့ပုံကို ကောင်းကောင်းစိတ်ကူးကြည့်နိုင်ခဲ့တယ်။ ယေဟောဝါဟာ အာဒံနဲ့ ဧဝ အပြစ်လုပ်ပြီးချိန်ကစပြီး တစ်နေ့ကျရင် လူသားတွေ စုံလင်တဲ့အသက် ပြန်ရရှိမယ်ဆိုတာကို သစ္စာရှိကျေးကျွန်တွေ နားလည်ဖို့ ကူညီပေးခဲ့တယ်။

၈။ ခိုင်မာတဲ့ ယုံကြည်ခြင်းနဲ့ နာခံမှုရှိဖို့ အာဗြဟံကို ဘာက ကူညီပေးခဲ့သလဲ။

အာဗြဟံရဲ့ယုံကြည်ခြင်း သိပ်ခိုင်မာတဲ့အတွက် ခက်ခဲတဲ့အခြေအနေတွေမှာတောင် ယေဟောဝါကို နာခံခဲ့တယ်။ အာဗြဟံနဲ့ တခြားသစ္စာရှိသူတွေဟာ သူတို့အသက်ရှင်ချိန်မှာ ယေဟောဝါရဲ့ကတိတွေ မပြည့်စုံခဲ့ပေမဲ့ အဲဒါတွေအကြောင်း ကောင်းကောင်းစိတ်ကူးကြည့်နိုင်ခဲ့တယ်။ ‘ထိုသူတို့သည် ကတိထားရာများကို အဝေးမှ မြော်မြင်လျက် ဝမ်းသာစွာကြိုဆိုကြ၏’ လို့ ကျမ်းစာပြောတယ်။ (ဟေဗြဲ ၁၁:၈–၁၃ ကိုဖတ်ပါ။) ယေဟောဝါဟာ အတိတ်တုန်းက ကတိတွေကို အမြဲပြည့်စုံစေခဲ့တယ်ဆိုတာ အာဗြဟံ သိတယ်။ ဒါကြောင့် အနာဂတ်မှာလည်း ယေဟောဝါရဲ့ကတိအားလုံး ပြည့်စုံလာမယ်ဆိုတာ သူ ယုံကြည်စိတ်ချတယ်။

ကျမ်းစာမှာပါတဲ့ သစ္စာရှိသူတွေဟာ ကမ္ဘာကို ယေဟောဝါနဲ့ ကိုယ်တော့်အစိုးရ ထာဝစဉ်အုပ်ချုပ်မယ့်အချိန်ကို မျှော်လင့်စောင့်စားခဲ့တယ်

၉။ ဘုရားသခင့်ကတိတွေကို ယုံကြည်ခြင်းက အာဗြဟံကို ဘယ်လိုအကျိုးပြုခဲ့သလဲ။

အာဗြဟံဟာ ယေဟောဝါရဲ့ကတိတွေကို ယုံကြည်တဲ့အတွက် ယေဟောဝါမိန့်မှာတဲ့အတိုင်း ဆက်လုပ်ဆောင်ခဲ့တယ်။ ဥပမာ၊ ဥရမြို့ကအိမ်ကို စွန့်ခဲ့တယ်။ ကျန်ဘဝတစ်လျှောက်လုံး ဘယ်မြို့မှာမှ အခြေတကျ မနေထိုင်ခဲ့ဘူး။ သူ့ဝန်းကျင်မှာရှိတဲ့ မြို့တွေကို ယေဟောဝါကို မကိုးကွယ်သူတွေ အုပ်စိုးနေတဲ့အတွက် အဲဒီမြို့တွေ တည်မြဲမှာမဟုတ်မှန်း သူသိတယ်။ (ယောရှု ၂၄:၂) အာဗြဟံဟာ ကမ္ဘာကို ယေဟောဝါနဲ့ ကိုယ်တော့်အစိုးရ ထာဝစဉ်အုပ်ချုပ်မယ့်အချိန်ကို မျှော်လင့်စောင့်စားခဲ့တယ်။ အဲဒီအစိုးရဟာ “စစ်မှန်သည့် အုတ်မြစ်များရှိသော ဘုရားသခင်တည်ထောင်ပြုစုသောမြို့” ဖြစ်တယ်။ (ဟေဗြဲ ၁၁:၁၀) အာဗြဟံသာမက အာဗေလ၊ ဧနောက်၊ နောဧနဲ့ တခြားသူတွေဟာ ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်တယ်။ လှပတဲ့ ကမ္ဘာပေါ်မှာ ထာဝစဉ်အသက်ရှင်မယ့်အကြောင်း စိတ်ကူးလိုက်တိုင်း ယေဟောဝါအပေါ်ထားရှိတဲ့ သူတို့ရဲ့ ယုံကြည်ခြင်း ပိုခိုင်မာလာတယ်။ဟေဗြဲ ၁၁:၁၅၊ ၁၆ ကိုဖတ်ပါ။

၁၀။ ယေဟောဝါရဲ့ကတိကြောင့် စာရာ ဘယ်အကြောင်း စိတ်ကူးနိုင်ခဲ့သလဲ။

၁၀ အာဗြဟံရဲ့ဇနီး စာရာလည်း ယေဟောဝါရဲ့ကတိတွေကို အခိုင်အမာ ယုံကြည်တယ်။ အသက် ၉၀ ရှိပြီး ကလေးမရှိသေးပေမဲ့ ကလေးရမယ့်အချိန်ကို မျှော်လင့်ခဲ့တယ်။ သူ့သားသမီးတွေ လူမျိုးကြီးဖြစ်လာမယ့်အချိန်ကိုတောင် စိတ်ကူးခဲ့မှာပဲ။ (ဟေဗြဲ ၁၁:၁၁၊ ၁၂) စာရာ ဘာကြောင့် ဒီလောက်တောင် ယုံကြည်စိတ်ချရတာလဲ။ အကြောင်းကတော့ အာဗြဟံကို ယေဟောဝါ အခုလိုပြောခဲ့လို့ပဲ– ‘သူ့ကို ငါကောင်းချီးပေးမယ်။ သူက မင်းအတွက် သားတစ်ယောက် မွေးပေးလိမ့်မယ်။ ငါကောင်းချီးပေးမှာမို့လို့ သူ့ဆီကနေ လူမျိုးတွေ၊ ဘုရင်တွေ ဆင်းသက်လာလိမ့်မယ်။’ (က. ၁၇:၁၆ကဘ) ယေဟောဝါဟာ ကတိပေးထားတဲ့အတိုင်း စာရာကို ဣဇာက်လို့ခေါ်တဲ့ သားတစ်ယောက်ပေးခဲ့တယ်။ ဒီအံ့ဖွယ်အမှုကြောင့် ယေဟောဝါရဲ့ ကျန်ကတိတွေလည်း ပြည့်စုံလာမယ်ဆိုတာ စာရာ ယုံကြည်စိတ်ချခဲ့တယ်။ ကျွန်တော်တို့လည်း ယေဟောဝါ ကတိပြုထားတဲ့ ကောင်းမြတ်တဲ့အရာအားလုံးအကြောင်း စိတ်ကူးခြင်းအားဖြင့် ယုံကြည်ခြင်းခိုင်မာလာနိုင်တယ်။

ရရှိမယ့်ဆုကျေးဇူးအကြောင်း သူ အမြဲစဉ်းစား

၁၁၊ ၁၂။ ယေဟောဝါကို ချစ်သည်ထက်ချစ်လာဖို့ မောရှေကို ဘာက ကူညီပေးခဲ့သလဲ။

၁၁ မောရှေလည်း ယေဟောဝါရဲ့ ကတိတွေကို ယုံကြည်တယ်။ အီဂျစ်မင်းသားတစ်ပါးအဖြစ် ကြီးပြင်းလာပေမဲ့ တခြားအရာအားလုံးထက် ယေဟောဝါကို ပိုချစ်တဲ့အတွက် အာဏာတွေ၊ စည်းစိမ်တွေကို မလိုချင်ခဲ့ဘူး။ မောရှေဟာ မိဘအရင်းတွေဆီကနေ ယေဟောဝါအကြောင်း သိရှိခဲ့တယ်။ ယေဟောဝါဟာ ဟီဘရူးတွေကို ကျွန်ဘဝကနေ ကယ်လွှတ်ပြီး ကတိထားရာပြည်ကို ပေးမယ်လို့ ကတိပြုထားတဲ့အကြောင်း မောရှေကို မိဘတွေ သင်ပေးတယ်။ (က. ၁၃:၁၄၊ ၁၅; ထွ. ၂:၅-၁၀) အဲဒီကတိတွေအကြောင်း မောရှေ စိတ်ကူးလေ ယေဟောဝါကို ပိုချစ်လေ ဖြစ်လာတယ်။

၁၂ ကျမ်းစာမှာ အခုလိုပြောတယ်– “မောရှေသည် ကြီးပြင်းလာသောအခါ ဖာရောဘုရင့်သမီး၏သားတော်ဟု အခေါ်ခံရခြင်းကို ယုံကြည်ခြင်းအားဖြင့် ငြင်းပယ်၍ အပြစ်နှင့်ဆိုင်သောပျော်မွေ့ခြင်းကို ခဏခံစားခြင်းထက် ဘုရားသခင်၏လူတို့နှင့်အတူ ညှဉ်းဆဲခံရန် ရွေးချယ်လေ၏။ အကြောင်းမူကား ဘိသိက်ပေးခံရသူအဖြစ် ကဲ့ရဲ့ရှုတ်ချခံရခြင်းကို အီဂျစ်ပြည်၏ဘဏ္ဍာထက် သာ၍မြတ်သောဘဏ္ဍာဟု ယူမှတ်၍ ရရှိမည့်ဆုကျေးဇူးကို စေ့စေ့ကြည့်ရှုသောကြောင့်ဖြစ်၏။”—ဟေဗြဲ ၁၁:၂၄-၂၆

၁၃။ ယေဟောဝါရဲ့ ကတိတွေအကြောင်း စဉ်းစားခြင်းကနေ မောရှေ ဘယ်လိုအကျိုးရရှိခဲ့သလဲ။

၁၃ ဟီဘရူးတွေကို ကျွန်ဘဝကနေ ကယ်တင်မယ့် ယေဟောဝါရဲ့ ကတိအကြောင်း မောရှေ အလေးအနက် စဉ်းစားခဲ့မှာပဲ။ အဲဒီအပြင် လူသားအားလုံးကို သေခြင်းကနေ ယေဟောဝါ ကယ်တင်မယ်ဆိုတာ တခြားကျေးကျွန်တွေလိုပဲ မောရှေ သိတယ်။ (ယောဘ ၁၄:၁၄၊ ၁၅; ဟေဗြဲ ၁၁:၁၇-၁၉) ဒါကြောင့် လူတွေကို ယေဟောဝါ ဘယ်လောက်ချစ်တယ်ဆိုတာ မောရှေနားလည်တယ်။ ဒီအချက်က ယေဟောဝါကို ပိုချစ်လာစေတယ်။ ပိုယုံကြည်စိတ်ချလာစေတယ်။ တစ်သက်လုံး ယေဟောဝါကို ဆက်အမှုဆောင်ဖို့ သူ့ကို ကူညီပေးခဲ့တယ်။ (တရား. ၆:၄၊ ၅) သူ့ကို သတ်မယ်လို့ ဖာရော ခြိမ်းခြောက်တာကိုတောင် မကြောက်တော့ဘူး။ အနာဂတ်မှာ ယေဟောဝါ ဆုချမယ်ဆိုတာကို မောရှေ ယုံကြည်တယ်။—ထွ. ၁၀:၂၈၊ ၂၉

ဘုရားသခင့်အစိုးရ လုပ်ဆောင်ပေးမယ့်အရာတွေကို စိတ်ကူးကြည့်ပါ

ကမ္ဘာသစ်မှာ ရောက်ရှိနေတယ်လို့ သင် စိတ်ကူးကြည့်နိုင်သလား (အပိုဒ် ၁၅ ကိုကြည့်ပါ)

၁၄။ အနာဂတ်နဲ့ပတ်သက်ပြီး လူတချို့ ဘယ်လိုစိတ်ကူးယဉ်ကြသလဲ။

၁၄ လူများစွာဟာ အနာဂတ်အကြောင်း စဉ်းစားပြီး မဖြစ်နိုင်မယ့်အရာတွေကို စိတ်ကူးယဉ်ကြတယ်။ ဥပမာ၊ ဆင်းရဲသားတချို့က ချမ်းသာလာမယ့်အကြောင်း စိတ်ကူးယဉ်ကြတယ်။ ဒါပေမဲ့ စာတန့်လောကမှာ ‘ဒုက္ခတွေ၊ ဝမ်းနည်းစရာတွေ ပြည့်နေ’ မယ်လို့ ကျမ်းစာပြောတယ်။ (ဆာ. ၉၀:၁၀ကဘ) တချို့ကျတော့လည်း ကမ္ဘာ့ပြဿနာတွေကို လူ့အစိုးရတစ်ခု ဖြေရှင်းပေးမယ့်အကြောင်း စိတ်ကူးယဉ်ကြတယ်။ ဒါပေမဲ့ ဘုရားသခင့်အစိုးရပဲ အဲဒီလိုလုပ်ပေးနိုင်မယ်လို့ ကျမ်းစာပြောတယ်။ (ဒံ. ၂:၄၄၊ ၄၅) ဒီလောက ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူးလို့ လူများစွာ ထင်ကြတယ်။ ဒါပေမဲ့ ဆိုးသွမ်းတဲ့ဒီလောကကို ဘုရားသခင် ဖျက်ဆီးပစ်မယ်လို့ ကျမ်းစာပြောတယ်။ (ဇေ. ၁:၁၈; ၁ ယော. ၂:၁၅-၁၇) ယေဟောဝါရဲ့ စကားတွေနဲ့ ဆန့်ကျင်တာတွေကို စိတ်ကူးယဉ်သူတွေဟာ အကြီးအကျယ်စိတ်ပျက်ရပါလိမ့်မယ်။

၁၅။ (က) အနာဂတ်နဲ့ပတ်သက်တဲ့ ဘုရားသခင့်ကတိတွေအကြောင်း စိတ်ကူးခြင်းကနေ ကျွန်တော်တို့ ဘယ်လိုအကျိုးရရှိသလဲ။ (ခ) သင် စောင့်မျှော်နေတဲ့ အနာဂတ်ကတိတစ်ခုအကြောင်း ပြောပြပါ။

၁၅ သိပ်ကောင်းတဲ့အနာဂတ် ပြုလုပ်ပေးမယ်လို့ ယေဟောဝါ ကတိပြုထားတယ်။ အဲဒီအကြောင်း ကျွန်တော်တို့ စဉ်းစားတဲ့အခါ ပိုပျော်လာတယ်။ ဆက်အမှုဆောင်ဖို့ ခွန်အားရရှိနိုင်တယ်။ ကောင်းကင်မျှော်လင့်ချက်ရှိသည်ဖြစ်စေ၊ မြေကြီးမျှော်လင့်ချက်ရှိသည်ဖြစ်စေ ဘုရားသခင့်ကတိတွေကို ခံစားနေရတယ်လို့ သင် မြင်ယောင်ကြည့်နိုင်သလား။ သင်ဟာ မြေကြီးပေါ်မှာ ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်သူဖြစ်ရင် မြေကြီးကို လှပတဲ့ဥယျာဉ်ဖြစ်အောင် မိတ်ဆွေတွေနဲ့အတူ လုပ်ဆောင်နေတယ်လို့ မြင်ယောင်ကြည့်ပါ။ အလုပ်ကြီးကြပ်သူတွေက သင့်ကို သိပ်ဂရုစိုက်တယ်။ သင့်ပတ်လည်မှာလည်း ယေဟောဝါကို ချစ်တဲ့သူတွေချည်းပဲ။ သင်ဟာ ကျန်းမာသန်စွမ်းနေပြီး အားအင်အပြည့်ပဲ။ ဘာကိုမှလည်း စိတ်ပူစရာမလိုတော့ဘူး။ ကိုယ့်အစွမ်းအစတွေကို တခြားသူတွေကို ကူညီဖို့၊ ယေဟောဝါကို ဂုဏ်တင်ဖို့ အသုံးပြုနိုင်ပြီဖြစ်လို့ သိပ်ပျော်နေတယ်။ ထမြောက်လာသူတွေကို ယေဟောဝါအကြောင်း သိလာအောင် ကူညီပေးနေတာတောင် ဖြစ်နိုင်တယ်။ (ယော. ၁၇:၃; တ. ၂၄:၁၅) အဲဒါတွေအကြောင်း စိတ်ကူးတာဟာ မဖြစ်နိုင်တာတွေကို စိတ်ကူးနေတာမဟုတ်ဘူး။ အနာဂတ်နဲ့ပတ်သက်တဲ့ ကျမ်းစာအမှန်တရားဖြစ်လို့ အဲဒါတွေအားလုံး တကယ်ပြည့်စုံလာပါလိမ့်မယ်။—ဟေရှာ. ၁၁:၉; ၂၅:၈; ၃၃:၂၄; ၃၅:၅-၇; ၆၅:၂၂

သင် စောင့်မျှော်နေတဲ့အရာအကြောင်း ပြောဆိုပါ

၁၆၊ ၁၇။ ယေဟောဝါကတိပြုထားတဲ့ အနာဂတ်အကြောင်း ပြောဆိုခြင်းကနေ ကျွန်တော်တို့ ဘယ်လို အကျိုးရရှိသလဲ။

၁၆ ကမ္ဘာသစ်မှာ ဘာလုပ်ချင်တယ်ဆိုတဲ့အကြောင်း ညီအစ်ကိုညီအစ်မတွေနဲ့ ပြောဆိုခြင်းက ဒီလှပတဲ့အနာဂတ်ကို သဲသဲကွဲကွဲ မြင်နိုင်အောင် အချင်းချင်း ကူညီပေးရာရောက်တယ်။ ကိုယ်ဘာလုပ်ရမယ်ဆိုတာ အတိအကျ မသိတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ကိုယ်စောင့်မျှော်နေတဲ့အရာအကြောင်း ပြောဆိုခြင်းအားဖြင့် ယေဟောဝါရဲ့ကတိကို ယုံကြည်ကြောင်း ဖော်ပြနိုင်တယ်။ ဒီနည်းအားဖြင့် ကျွန်တော်တို့ဟာ တမန်တော်ပေါလုနဲ့ ရောမမြို့က ညီအစ်ကိုတွေလို ခက်ခဲချိန်တွေမှာ ယေဟောဝါကို ဆက်အမှုဆောင်နိုင်အောင် အချင်းချင်းကို အားပေးနိုင်တယ်။—ရော. ၁:၁၁၊ ၁၂

၁၇ ယေဟောဝါကတိပြုထားတဲ့အနာဂတ်အကြောင်း စဉ်းစားတဲ့အခါ ကိုယ့်ပြဿနာတွေအပေါ် သိပ်အာရုံမရောက်တော့ဘူး။ တစ်ကြိမ်မှာ ပေတရုက “ကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်၍ ကိုယ်တော်နောက်သို့ လိုက်ကြပါပြီ။ သို့ဖြစ်၍ အဘယ်အကျိုးကို ရကြပါမည်နည်း” လို့ ယေရှုကို မေးခဲ့တယ်။ ယေရှုက ပေတရုနဲ့ တခြားတပည့်တွေကို လှပတဲ့အနာဂတ်အကြောင်း စဉ်းစားစေချင်တယ်။ ဒါနဲ့ “လူသားသည် ဘုန်းရှိသောပလ္လင်ပေါ် ထိုင်တော်မူသောအခါ ငါ့နောက်လိုက်ကြသော သင်တို့သည်လည်း ပလ္လင်တစ်ဆယ့်နှစ်ခုပေါ်ထိုင်လျက် အစ္စရေးလူမျိုး တစ်ဆယ့်နှစ်နွယ်ကို တရားစီရင်ကြလိမ့်မည်။ ငါ့နာမကြောင့် အိမ်၊ ညီအစ်ကိုမောင်နှမ၊ မိဘ၊ သားသမီး၊ မြေယာများကို စွန့်သူတိုင်း အဆများစွာ ရမည့်အပြင် ထာဝရအသက်ကိုလည်း အမွေခံရလိမ့်မည်” လို့ တပည့်တွေကို ပြောတယ်။ (မ. ၁၉:၂၇-၂၉) ဒါကြောင့် ပေတရုနဲ့ တခြားတပည့်တွေဟာ ကောင်းကင်မှာ ယေရှုနဲ့အတူ အုပ်ချုပ်နေတဲ့အကြောင်း၊ မြေကြီးပေါ်က နာခံမှုရှိတဲ့ လူသားတွေကို စုံလင်လာအောင် ကူညီပေးနေတဲ့အကြောင်း စိတ်ကူးနိုင်ခဲ့ကြတယ်။

၁၈။ ဘုရားသခင့်ကတိတွေ ပြည့်စုံလာမယ့်အချိန်အကြောင်း စိတ်ကူးခြင်းကနေ ကျွန်တော်တို့ ဘယ်လို အကျိုးရရှိသလဲ။

၁၈ ခိုင်မာတဲ့ယုံကြည်ခြင်းရှိအောင် ယေဟောဝါရဲ့ကျေးကျွန်တွေကို ဘယ်အရာက ကူညီပေးတဲ့အကြောင်း ကျွန်တော်တို့ လေ့လာခဲ့ကြတယ်။ အာဗေလဟာ အနာဂတ်နဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ကတိအကြောင်း စိတ်ကူးခဲ့တယ်။ အဲဒီကတိကို ယုံကြည်တဲ့အတွက် ယေဟောဝါရဲ့ နှစ်သက်လက်ခံမှု ရရှိခဲ့တယ်။ အာဗြဟံဟာ “အမျိုးအနွယ်” နဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ကတိတွေ ပြည့်စုံလာမယ့်အချိန်အကြောင်း စိတ်ကူးခဲ့တယ်။ ဒါကြောင့် ခက်ခဲတဲ့အခြေအနေမှာတောင် ယေဟောဝါကို ဆက်နာခံနိုင်ခဲ့တယ်။ (က. ၃:၁၅) မောရှေဟာ ယေဟောဝါကတိပြုထားတဲ့ ဆုကျေးဇူးကို စေ့စေ့ကြည့်ရှုတဲ့အတွက် ယေဟောဝါကို ချစ်ပြီး သစ္စာရှိနိုင်ခဲ့တယ်။ (ဟေဗြဲ ၁၁:၂၆) ကျွန်တော်တို့လည်း ယေဟောဝါရဲ့ကတိအားလုံး ပြည့်စုံလာမယ့်အချိန်အကြောင်း စိတ်ကူးတဲ့အခါ ယုံကြည်ခြင်းနဲ့ ယေဟောဝါအပေါ်ထားတဲ့မေတ္တာ ခိုင်မာလာတယ်။ နောက်ဆောင်းပါးမှာ ကျွန်တော်တို့ရဲ့ စိတ်ကူးနိုင်စွမ်းကို နောက်တစ်နည်းနဲ့ ဘယ်လိုအသုံးပြုနိုင်တယ်ဆိုတဲ့အကြောင်း ဆွေးနွေးပါမယ်။