ဘဝအတ္ထုပ္ပတ္တိ
‘ကျွန်းအပေါင်းတို့ ဝမ်းမြောက်ပါစေ’
ဘယ်တော့မှ မမေ့နိုင်တဲ့ နေ့တစ်နေ့ပါပဲ။ ကျွန်တော်နဲ့ ကမ္ဘာ့ဒေသအသီးသီးက ရောက်လာတဲ့ ညီအစ်ကိုတချို့ အုပ်ချုပ်ရေးအဖွဲ့ရဲ့ စည်းဝေးခန်းမထဲမှာ စောင့်နေကြတယ်။ စာပေပြုစုရေး ကော်မတီဝင်တွေကို စောင့်နေတာ။ ဘာသာပြန်သူတွေ ကြုံနေရတဲ့ ပြဿနာတွေရဲ့ ဖြေရှင်းနည်း တချို့ကို ကျွန်တော်တို့ တင်ပြရမှာ။ အဲဒါ ၂၀၀ဝ ပြည့်နှစ်၊ မေ ၂၂ တုန်းကပေါ့။ ဒီစည်းဝေးက ဘာကြောင့် အဲဒီလောက်တောင် အရေးကြီးရတာလဲ။ အဲဒီအကြောင်း မရှင်းပြခင် ကျွန်တော့်နောက်ကြောင်း အနည်းငယ်ပြောပြပါရစေ။
၁၉၅၅၊ သြစတြေးလျနိုင်ငံ၊ ကွင်းစလန်ပြည်နယ်မှာ ကျွန်တော် မွေးဖွားလာတယ်။ မကြာခင်မှာပဲ ကျွန်တော့်အမေ အက်စတယ်လ်က ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာစလေ့လာပြီး တစ်နှစ်အကြာမှာ နှစ်ခြင်းခံခဲ့တယ်။ နောက် ၁၃ နှစ်အကြာမှာ ကျွန်တော့်အဖေ ရွန်လည်း အမှန်တရားကို လက်ခံခဲ့တယ်။ ကျွန်တော်ကတော့ ၁၉၆၈၊ ကွင်းစလန်ပြည်နယ်၊ စိန့်ဂျော့ခ်ျမြို့ စည်းဝေးပွဲတစ်ခုမှာ နှစ်ခြင်းခံခဲ့တယ်။
ကျွန်တော်ဟာ ငယ်ငယ်ကတည်းက စာဖတ်ဝါသနာပါတယ်။ ဘာသာစကားတွေကို စိတ်ဝင်စားတယ်။ မိဘတွေနဲ့အတူ ခရီးသွားတိုင်း ရှုခင်းတွေကြည့်မယ့်အစား ကားနောက်ခန်းမှာထိုင်ပြီး စာဖတ်နေတတ်တယ်။ ဒါပေမဲ့ ကျွန်တော့်စာဖတ်ဝါသနာက ကျောင်းမှာ တော်တော်အထောက်အကူပြုတယ်။ တပ်စ်မေးနီးယားကျွန်း၊ ဂလင်းနော်ခီမြို့ အထက်တန်းကျောင်းမှာ ကျွန်တော် ဆုတွေအများကြီး ရခဲ့တယ်။
အဲဒီအတောအတွင်း အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခု ချခဲ့ရတယ်။ တက္ကသိုလ်ဆက်တက်ဖို့ ပညာသင်ဆုကို လက်ခံမလားဆိုတဲ့ ဆုံးဖြတ်ချက်ပဲ။ စာပေကို မြတ်နိုးတာမှန်ပေမဲ့ ယေဟောဝါထက် ဘယ်သူ့ကိုမှ၊ ဘယ်အရာကိုမှ ပိုမချစ်ဖို့ အမေ သင်ပေးထားလို့ ကျေးဇူးတင်ရမယ်။ (၁ ကော. ၃:၁၈၊ ၁၉) မိဘတွေရဲ့ ခွင့်ပြုချက်အရ အထက်တန်းကျောင်းပြီးတာနဲ့ ကျောင်းထွက်ပြီး ရှေ့ဆောင်စလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ၁၉၇၁၊ ဇန်နဝါရီ၊ ကျွန်တော့်အသက် ၁၅ နှစ်မှာပေါ့။
နောက်ရှစ်နှစ်လုံးလုံး တပ်စ်မေးနီးယားမှာ ရှေ့ဆောင်လုပ်ခွင့်ရခဲ့တယ်။ အဲဒီအတောအတွင်း
တပ်စ်မေးနီးယားက မိန်းမချောလေး ဂျဲနီ အယ်လ်ကော့ခ်နဲ့ လက်ထပ်လိုက်တယ်။ ကျွန်တော်တို့နှစ်ယောက်ဟာ သီးခြားမြို့တွေဖြစ်တဲ့ စမစ်တန်နဲ့ ကွင်းစတောင်းမြို့တွေမှာ အထူးရှေ့ဆောင်အဖြစ် လေးနှစ် အမှုဆောင်ခဲ့တယ်။ပစိဖိတ်ကျွန်းတွေမှာ သာသနာပြုဘဝ
၁၉၇၈ မှာ ကျွန်တော်တို့ဇနီးမောင်နှံဟာ ပါပူဝါနယူးဂီနီ၊ ပေါ့မော်စဘီမြို့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာစည်းဝေးတစ်ခုကို သွားတက်တယ်။ အဲဒီမှာ သာသနာပြုတစ်ယောက်က ဟီရီမိုတူစကားနဲ့ ဟောပြောချက်ပေးတာကို ကျွန်တော် အခုထိမှတ်မိနေတုန်းပဲ။ သူ ဘာပြောနေတယ်ဆိုတာ နားမလည်ပေမဲ့ ကျွန်တော်လည်း သူ့လိုပဲ သာသနာပြုတစ်ယောက် ဖြစ်ချင်လာတယ်။ ဘာသာခြားစကားသင်ယူပြီး ညီအစ်ကိုညီအစ်မတွေကို သူတို့ရဲ့ မိခင်ဘာသာစကားနဲ့ အားရှိစရာဟောပြောချက်တွေ ပေးချင်လာတယ်။ နောက်ဆုံး၊ ယေဟောဝါကိုအမှုဆောင်ရာမှာ ဘာသာစကားမြတ်နိုးစိတ်ကို ဘယ်လိုအသုံးပြုရမယ်ဆိုတာ နားလည်သွားတယ်။
အိမ်ပြန်ရောက်တဲ့အခါ သာသနာပြုတွေအဖြစ် အမှုဆောင်ဖို့ ဖိတ်ခေါ်စာရလို့ ဘယ်လောက်ဝမ်းသာသွားမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ ဒီလိုနဲ့ ၁၉၇၉၊ ဇန်နဝါရီမှာ တူဗာလူနိုင်ငံ၊ ဖူနာဖူတီကျွန်းကို ကျွန်တော်တို့ ရောက်လာတယ်။ အဲဒီတုန်းက တူဗာလူတစ်နိုင်ငံလုံးမှာ နှစ်ခြင်းခံပြီးသား ကြေညာသူ ၃ ယောက်ပဲရှိတယ်။
တူဗာလူစကားသင်ရတာ မလွယ်ပါဘူး။ အဲဒီစကားနဲ့ရနိုင်တဲ့ တစ်ခုတည်းသောစာအုပ်ကတော့ “ဓမ္မသစ်ကျမ်း” စာအုပ်ပဲ။ အဘိဓာန်မရှိ၊ ဘာသာစကားသင်တန်းတွေလည်း မရှိဘူး။ ဒါကြောင့် တစ်နေ့ကို စကားလုံးအသစ် ၁၀ လုံးကနေ အလုံး ၂၀ အထိ သင်ယူဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ကိုယ်သင်ယူတဲ့စကားလုံးအများစုရဲ့ အဓိပ္ပာယ်အမှန်ကို နားမလည်မှန်း မကြာခင်မှာပဲ သိလိုက်ရတယ်။ ဥပမာ၊ နတ်ဆိုးပညာမှားတယ်လို့ ပြောချင်ပေမဲ့ ချိန်ခွင်တွေ၊ တုတ်ကောက်တွေကို မသုံးရဘူးလို့ ပြောမိလျက်သားဖြစ်နေတယ်။ ဒါပေမဲ့ ကျမ်းစာသင်အံမှုအများကြီးရှိနေတော့ ဇွဲမလျှော့ဘဲ ဆက်သင်ယူခဲ့တယ်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ကျွန်တော်တို့ရဲ့ ဦးဆုံးကျမ်းစာသင်သားတစ်ယောက်က “အခုတော့ ကျွန်မတို့ရဲ့စကားကို ညီအစ်ကိုတို့ ကောင်းကောင်းပြောလာနိုင်လို့ သိပ်ဝမ်းသာတာပဲ။ အစတုန်းကတော့ ဘာပြောနေမှန်း မှန်းလို့ကိုမရဘူး” လို့ပြောတယ်။
စကားမြန်မြန်တတ်အောင်ကူညီပေးတဲ့ အချက်တစ်ခုရှိသေးတယ်။ ငှားနေစရာ အိမ်တစ်အိမ်မှ မရှိတော့ ရွာထဲကသက်သေခံမိသားစုနဲ့ပဲ နေရတယ်။ ဒီတော့ အိမ်မှာရော နေရာတိုင်းမှာပါ တူဗာလူစကားပဲ ပြောရတော့တာပေါ့။ နှစ်အတော်ကြာကြာ အင်္ဂလိပ်စကားမပြောရလို့ တူဗာလူစကားဟာ ကျွန်တော်တို့ရဲ့ အဓိကစကားဖြစ်လာတယ်။
မကြာခင်မှာပဲ အမှန်တရားကို လူအတော်များများ စိတ်ဝင်စားလာကြတယ်။ ဒါပေမဲ့ ဘယ်စာအုပ်သုံးပြီး ကျမ်းစာသင်ပေးရမလဲ။ သူတို့စကားနဲ့ထုတ်ဝေထားတဲ့ ဘာစာပေမှမရှိဘူး။ ဒီတော့ ၁ ကော. ၁၄:၉) ‘တူဗာလူစကားပြောဦးရေဟာ ၁၅,၀၀၀ လောက်တောင် မရှိလို့ ဒီစကားနဲ့စာပေတွေ ထွက်လာနိုင်ပါ့မလား’ ဆိုပြီး ကျွန်တော်တို့ တွေးပူမိတယ်။ အဲဒီမေးခွန်းတွေကို ယေဟောဝါ အဖြေပေးခဲ့ပါတယ်။ ဒါက အချက်နှစ်ချက်ကို သက်သေထူတယ်– (၁) ယေဟောဝါဟာ ‘ရပ်ဝေးကကျွန်းတွေ’ မှာရှိတဲ့လူတွေကို မိမိအကြောင်း သိစေချင်တယ်။ (၂) ယေဟောဝါဟာ လောကအမြင်မှာ ‘နိမ့်ကျဆင်းရဲ’ သူတွေကို မိမိနာမမှာ ခိုလှုံစေချင်တယ်။—ယေ. ၃၁:၁၀၊ ကဘ; ဇေ. ၃:၁၂။
သူတို့ ကိုယ်ပိုင်လေ့လာမှု ဘယ်လိုလုပ်မလဲ။ အစည်းအဝေးတွေမှာ ဘယ်လိုသီချင်းဆိုမလဲ။ ဘယ်လိုဟောပြောချက်ပေးမလဲ။ အစည်းအဝေးတွေအတွက် ဘယ်လိုပြင်ဆင်မလဲ။ နှစ်ခြင်းခံတဲ့အထိ ဘယ်လိုတိုးတက်နိုင်မလဲ။ စိတ်နှိမ့်ချတဲ့ ဒီလူတွေကို ယေဟောဝါအကြောင်း သင်ပေးနိုင်ဖို့ သူတို့စကားနဲ့ထုတ်ဝေတဲ့ စာပေတွေ လိုအပ်တယ်။ (အမှန်တရားသွန်သင်ပေးတဲ့ ဘာသာပြန်လုပ်ငန်း
၁၉၈၀ မှာ စာပေတွေကို တူဗာလူစကားနဲ့ ဘာသာပြန်ဖို့ ဌာနခွဲရုံးက ကျွန်တော်တို့ကို တာဝန်ပေးတယ်။ အဲဒီစကားကို ကောင်းကောင်းမတတ်သေးဘူးလို့ ခံစားရပေမဲ့ ကျွန်တော်တို့ လုပ်ငန်းစခဲ့ကြတယ်။ (၁ ကော. ၁:၂၈၊ ၂၉) ဦးဆုံး၊ အစည်းအဝေးတွေအတွက် စာပေတွေကို တစ်ပိုင်တစ်နိုင် ပုံနှိပ်ဖို့ အစိုးရဆီက ပုံနှိပ်စက်အဟောင်းတစ်လုံး ဝယ်ခဲ့တယ်။ နောက်ပိုင်း၊ ထာဝရအသက်သို့ ပို့ဆောင်သော သမ္မာတရား စာအုပ်ကိုတောင် တူဗာလူစကားနဲ့ ဘာသာပြန်ပြီး အဲဒီစက်သေးသေးလေးနဲ့ ပုံနှိပ်ခဲ့တယ်။ မင်နံ့ပြင်းပြင်းကို ကျွန်တော်အမှတ်ရနေတုန်းပဲ။ အပူပိုင်းဒေသရဲ့ ချစ်ချစ်တောက် အပူရှိန်အောက်မှာ အဲဒီစာပေအားလုံးကို လက်နဲ့ပုံနှိပ်ရတာ တော်တော်ခက်တယ်။ အဲဒီတုန်းက လျှပ်စစ်မီးလည်း မရှိဘူး။
တူဗာလူစကားနဲ့ အဘိဓာန်မရှိလို့၊ ရှာဖွေလေ့လာစရာလည်း ဘာစာအုပ်မှမရှိလို့ ဘာသာပြန်ရတာ သိပ်ခက်တယ်။ ဒါပေမဲ့ အကူအညီတွေကို နည်းအမျိုးမျိုးနဲ့ ရခဲ့တယ်။ ဥပမာ၊ အမှန်တရားဆန့်ကျင်သူတစ်ယောက်ရဲ့ အိမ်ကို တစ်မနက်မှာ ကျွန်တော် မှားရောက်သွားတယ်။ ကျောင်းဆရာလုပ်ခဲ့ဖူးတဲ့ အဲဒီလူကြီးက နောက်နောင် သူ့အိမ်ကို မလာဖို့ သတိပေးတယ်။ ပြီးနောက် “တစ်ခုတော့ ပြောလိုက်အုံးမယ်။ မင်းတို့ဘာသာပြန်တဲ့ စာပေတွေမှာ အပြောခံဝါကျတွေ သိပ်များနေတယ်။ တူဗာလူစကားမှာ အဲဒီလိုပြောလေ့မရှိဘူး” လို့ပြောတယ်။ တခြားသူတွေကို မေးကြည့်တော့ သူပြောတာမှန်နေတယ်။ ဒီလိုနဲ့ ဘာသာပြန်အရည်အသွေးတိုးတက်
အောင် ပြုပြင်ပြောင်းလဲနိုင်ခဲ့တယ်။ အမှန်တရားကို ဆန့်ကျင်ပေမဲ့ ကျွန်တော်တို့ရဲ့စာပေတွေကို ဖတ်နေတာထင်ရှားတဲ့ အဲဒီလူကတစ်ဆင့် ယေဟောဝါကူညီပေးခဲ့တာကို သိပ်အံ့သြမိတယ်။လူတွေကို ဝေငှခဲ့တဲ့ ဦးဆုံး တူဗာလူစာပေကတော့ သတိရအောက်မေ့ပွဲဖိတ်စာပဲ။ အဲဒီနောက် နိုင်ငံတော်သတင်း နံပါတ် ၃၀ ဝေစာ ကိုလည်း အင်္ဂလိပ်နဲ့ တစ်ပြိုင်တည်းထုတ်ဝေနိုင်ခဲ့တယ်။ လူတွေရဲ့ မိခင်ဘာသာစကားနဲ့ ဝေငှဖို့ စာပေတွေရရှိနိုင်ပြီဖြစ်လို့ ဝမ်းသာလိုက်တာ။ မကြာခင်မှာပဲ တူဗာလူစကားနဲ့ ဘရိုရှာတချို့၊ စာအုပ်တချို့ကိုလည်း ရရှိခဲ့တယ်။ ၁၉၈၃ မှာ တူဗာလူစကားနဲ့ ကင်းမျှော်စင်ကို သြစတြေးလျဌာနခွဲမှာ စတင်ပုံနှိပ်ခဲ့တယ်။ စာမျက်နှာ ၂၄ မျက်နှာရှိပြီး သုံးလတစ်ကြိမ် ထုတ်ဝေခဲ့တယ်။ အဲဒီစာအုပ်တွေ၊ မဂ္ဂဇင်းတွေကို တူဗာလူ,လူမျိုးတွေ ကြိုက်နှစ်သက်သလား။ သိပ်ကြိုက်တာပေါ့။ သူတို့လည်း စာဖတ်ရတာကို သိပ်နှစ်သက်တယ်။ ကျွန်တော်တို့ဆီမှာ စာပေအသစ်ထုတ်ဝေတိုင်း အစိုးရက ရေဒီယိုသတင်းမှာ ကြေညာပေးတယ်။ တစ်ခါတလေ အဲဒီအကြောင်းကိုပဲ တစ်နေ့လုံးတင်ဆက်လေ့ရှိတယ်။ *
ဘာသာပြန်လုပ်ငန်းကို ဘယ်လိုလုပ်ဆောင်ခဲ့သလဲ။ ဦးဆုံး၊ စာရွက်ပေါ်မှာ ဘောပင်နဲ့ အားလုံးချရေးလိုက်တယ်။ အဲဒီနောက် သြစတြေးလျဌာနခွဲကို ပို့ဖို့ အဆင်သင့်ဖြစ်တဲ့အထိ လက်နှိပ်စက်နဲ့ အကြိမ်ကြိမ်ရိုက်ရတယ်။ အဲဒီနောက် သြစတြေးလျဌာနခွဲမှာ ညီအစ်မနှစ်ယောက်က အဲဒီတူဗာလူစာသားတွေကို ကွန်ပျူတာထဲ သတ်သတ်စီ ရိုက်ထည့်ကြတယ်။ တူဗာလူစကားကိုတော့ သူတို့နားမလည်ဘူး။ အဲဒီနောက် သူတို့ရိုက်ထည့်ထားတဲ့ စာသားနှစ်ခုကို ကွန်ပျူတာစနစ်နဲ့ နှိုင်းယှဉ်ကြည့်တယ်။ ဒီလိုနဲ့ အမှားနည်းနိုင်သမျှနည်းအောင် လုပ်ဆောင်နိုင်ခဲ့တယ်။ အဲဒီနောက် စာပေတွေကို စာသားနဲ့ရုပ်ပုံတွဲပြီး စာစီပုံလောင်းတယ်။ စာစီပုံလောင်းထားတဲ့စာရွက်တွေကို ကျွန်တော်တို့ဆီ လေကြောင်းနဲ့ပို့ပေးတယ်။ ကျွန်တော်တို့က အဲဒါတွေကိုစစ်ပြီး ပုံနှိပ်ဖို့ ပြန်ပို့ပေးရတယ်။
အခုချိန်မှာတော့ ဘာသာပြန်လုပ်ငန်း အများကြီးတိုးတက်လာပြီ။ ဘာသာပြန်အဖွဲ့တွေက ကွန်ပျူတာမှာ တိုက်ရိုက်စာရိုက်ထည့်ပြီး အမှားပြင်ကြတယ်။ ဘာသာပြန်အဖွဲ့ရှိတဲ့နေရာမှာပဲ တစ်ယောက်ယောက်က စာစီပုံလောင်းတယ်။ အဲဒီနောက် အင်တာနက်ကတစ်ဆင့် ပုံနှိပ်ဌာနခွဲတွေဆီ ပို့ပေးတယ်။ ဘာသာပြန်စာသားတွေကိုပို့ဖို့ ဘယ်သူမှ စာတိုက်ဆီ အပြေးအလွှားသွားစရာ မလိုတော့ဘူး။
တခြားတာဝန်များ
နှစ်တွေကုန်လွန်တာနဲ့အမျှ ဂျဲနီနဲ့ ကျွန်တော်ဟာ ပစိဖိတ်ဒေသအသီးသီးမှာ တာဝန်အမျိုးမျိုး ရရှိခဲ့တယ်။ ၁၉၈၅ မှာ တူဗာလူကနေ ဆာမိုအာဌာနခွဲကို ပြောင်းဖို့ တာဝန်ကျတယ်။ အဲဒီမှာ ဆာမိုအာ၊ တွန်ဂန်၊ တိုကီလောင်အန်၊ တူဗာလူစကားတွေနဲ့ပြန်ဆိုနေတဲ့ ဘာသာပြန်လုပ်ငန်းကို ကူညီပေးခဲ့ရတယ်။ * ၁၉၉၆ မှာ ဖီဂျီဌာနခွဲမှာ အမှုဆောင်ဖို့ တာဝန်ကျတယ်။ အဲဒီမှာလည်း ဖီဂျီ၊ ကီရီဘာတီ၊ နာရူအန်၊ ရိုတူမန်၊ တူဗာလူစကားတွေနဲ့ပြန်ဆိုနေတဲ့ ဘာသာပြန်လုပ်ငန်းကို ကူညီပေးခဲ့ရတယ်။
ဘာသာပြန်လုပ်ငန်းက ခက်ခဲပင်ပန်းပေမဲ့ ဒီလုပ်ငန်းကို ဘာသာပြန်သူတွေ သိပ်နှစ်သက်မြတ်နိုးလို့ အမြဲအံ့သြမိတယ်။ ဒီသစ္စာရှိညီအစ်ကိုညီအစ်မတွေဟာ ယေဟောဝါလိုပဲ လူအားလုံးကို သူတို့ရဲ့မိခင်ဘာသာစကားနဲ့ သတင်းကောင်းကြားစေချင်တယ်။ (ဗျာ. ၁၄:၆) ဥပမာ၊ တွန်ဂန်စကားနဲ့ ဦးဆုံးကင်းမျှော်စင်ကို ဘာသာပြန်ဖို့ စီစဉ်ဖွဲ့စည်းချိန်မှာ တွန်ဂါမှာရှိတဲ့ အကြီးအကဲအားလုံးနဲ့ ကျွန်တော်တွေ့ဆုံပြီး ဘာသာပြန်အဖြစ် ဘယ်သူ့ကို လေ့ကျင့်ပေးလို့ရမလဲဆိုပြီး မေးခဲ့တယ်။ စက်ပြင်ဆရာ အကြီးအကဲတစ်ယောက်က နောက်နေ့မှာအလုပ်ထွက်ပြီး ဘာသာပြန်အဖြစ် အမှုဆောင်မယ်လို့ ချက်ချင်းထပြောတယ်။ ဒီညီအစ်ကိုရဲ့ ယုံကြည်ခြင်းကြောင့် တော်တော်အားရှိသွားတယ်။ သူ့မှာ မိသားစုရှိပြီး သူတို့ကို ကျွေးမွေးနိုင်ဖို့ ဘယ်လိုငွေရှာရမယ်ဆိုတာ မသိပေမဲ့ အဲဒီလိုလုပ်ဖို့ သူဆုံးဖြတ်ခဲ့တာ။ သူနဲ့သူ့မိသားစုကို ယေဟောဝါ ကြည့်ရှုစောင့်ရှောက်ခဲ့ပါတယ်။ အဲဒီညီအစ်ကိုဟာ ဘာသာပြန်လုပ်ငန်းမှာ နှစ်ပေါင်းများစွာ အမှုဆောင်ခဲ့တယ်။
အဲဒီဘာသာပြန်သူတွေရဲ့ သဘောထားဟာ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့ သဘောထားနဲ့ တစ်ထပ်တည်းပဲ။ လူနည်းစုလေးပဲပြောတဲ့ ဘာသာစကားဖြစ်နေရင်တောင် ဘာသာစကားအားလုံးနဲ့ စာပေတွေကို သိပ်ထုတ်ဝေပေးချင်တယ်။ ဥပမာ၊ တူဗာလူစကားနဲ့ စာပေတွေကို ထုတ်ဝေရကျိုးနပ်ပါ့မလားလို့ မေးစရာပေါ်လာတဲ့အခါ အုပ်ချုပ်ရေးအဖွဲ့က အခုလိုပြန်ဖြေတယ်– “တူဗာလူစကားနဲ့ ဘာသာပြန်နေတာကို ရပ်ပစ်လိုက်ဖို့ ဘာအကြောင်းရင်းမှ ကျွန်တော်တို့ မတွေ့ဘူး။ တခြားဘာသာစကားအုပ်စုတွေနဲ့ ယှဉ်ရင် တူဗာလူလယ်ကွင်းဟာ သေးငယ်ကောင်း သေးငယ်လိမ့်မယ်။ ဒါပေမဲ့ အဲဒီမှာရှိတဲ့လူတွေလည်း မိခင်ဘာသာစကားနဲ့ သတင်းကောင်းကြားရဖို့ လိုအပ်တယ်။” အဲဒီအဖြေကြောင့် ကျွန်တော် သိပ်အားရှိသွားတယ်။
၂၀၀၃ မှာ ဂျဲနီနဲ့ ကျွန်တော်ဟာ ဖီဂျီဘာသာပြန်ဌာနကနေ နယူးယောက်၊ ပက်တာစင်မှာရှိတဲ့ ဘာသာပြန်လုပ်ငန်းဌာနကို ပြောင်းဖို့ တာဝန်ရတယ်။ အိပ်မက်တွေ တကယ်ဖြစ်လာသလိုပါပဲ။ စာပေတွေကို နောက်ထပ်ဘာသာစကားများစွာနဲ့ ဘာသာပြန်ဖို့ ထောက်ကူပေးနေတဲ့အဖွဲ့မှာ ပါဝင်ကူညီနိုင်ပြီ။ နောက်နှစ်နှစ်လောက်အတွင်းမှာ နိုင်ငံအသီးသီးမှာရှိတဲ့ ဘာသာပြန်အဖွဲ့တွေကို လေ့ကျင့်ပေးဖို့ ကျွန်တော်တို့ တာဝန်ရခဲ့တယ်။
သမိုင်းဝင်ဆုံးဖြတ်ချက်တချို့
အစပိုင်းမှာ ကျွန်တော်ပြောခဲ့တဲ့ အစည်းအဝေးအကြောင်း ပြန်ပြောပါရစေ။ ၂၀၀၀ ပြည့်နှစ်မှာ အုပ်ချုပ်ရေးအဖွဲ့က ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဘာသာပြန်အဖွဲ့ကို ကူညီပေးဖို့ လိုအပ်တယ်လို့ ယူဆခဲ့တယ်။ ဘာသာပြန်သူအများစုဟာ ဘာသင်တန်းမှ မတက်ရသေးဘူး။ ဒါကြောင့် စာပေပြုစုရေးကော်မတီနဲ့ ပြုလုပ်တဲ့ အဲဒီအစည်းအဝေးပြီးနောက် အုပ်ချုပ်ရေးအဖွဲ့က ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဘာသာပြန်သူအားလုံးကို လေ့ကျင့်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်။ အင်္ဂလိပ်စာသားကို နားလည်အောင် ဘယ်လိုလုပ်ရမယ်၊ ဘာသာပြန်ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမယ်၊ အဖွဲ့လိုက် ဘယ်လိုပူးပေါင်းလုပ်ဆောင်ရမယ် ဆိုတာတွေကို သင်ပေးဖို့ပေါ့။
အဲဒီလေ့ကျင့်မှုအားလုံးကနေ ဘာရလဒ် ရရှိခဲ့သလဲ။ ဘာသာပြန်အရည်အသွေး တိုးတက်လာတယ်။ ပိုများတဲ့ဘာသာစကားတွေနဲ့လည်း ဘာသာပြန်ဆိုလာနိုင်တယ်။ သာသနာပြုအဖြစ် အမှုဆောင်ဖို့ ကျွန်တော်တာဝန်ကျတဲ့ ၁၉၇၉ တုန်းက ကင်းမျှော်စင်ကို ဘာသာစကား ၈၂ မျိုးနဲ့ပဲ ရရှိနိုင်တယ်။ အဲဒီအပြင် ဘာသာစကားအများစုမှာ ကင်းမျှော်စင်ကို အင်္ဂလိပ်စကားနဲ့ထုတ်ဝေပြီး လအနည်းငယ်ကြာမှ ရရှိတယ်။ အခုတော့ ကင်းမျှော်စင်ကို ဘာသာစကား ၂၄၀ ကျော်နဲ့ ဘာသာပြန်နေပြီး အများစုကို အင်္ဂလိပ်နဲ့ တစ်ပြိုင်တည်း ရရှိနိုင်ပြီ။ လူတွေဟာ ကျမ်းစာအမှန်တရားအကြောင်း သင်ကြားပေးတဲ့ အကြောင်းအရာတစ်ခုခုကို ဘာသာစကား ၇၀၀ ကျော်နဲ့ ဖတ်ရှုနိုင်ပြီ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကတော့ ဒါဟာ မဖြစ်နိုင်တဲ့ကိစ္စပဲ။
၂၀၀၄ မှာ အုပ်ချုပ်ရေးအဖွဲ့က ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို နောက်ထပ်ဘာသာစကားများစွာနဲ့ အမြန်ဆုံးထုတ်ဝေဖို့ အရေးကြီးတယ်လို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီဆုံးဖြတ်ချက်ကြောင့် လူများစွာဟာ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို မိခင်ဘာသာစကားနဲ့ ဖတ်ရှုနိုင်ကြပြီ။ ၂၀၁၄ မှာ ကျမ်းစာတစ်အုပ်လုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ဘာသာစကားပေါင်း ၁၂၈ မျိုးနဲ့ ရရှိနိုင်ပြီ။ အဲဒီထဲမှာ တောင်ပစိဖိတ်မှာပြောတဲ့ ဘာသာစကားတွေလည်း ပါဝင်တယ်။
အမှတ်ရဆုံး အဖြစ်အပျက်တစ်ခုကတော့ ၂၀၁၁ တူဗာလူခရိုင်စည်းဝေးမှာပဲ။ တစ်နိုင်ငံလုံးမှာ မိုးခေါင်နေတာ လပေါင်းများ
စွာရှိပြီ။ စည်းဝေးကြီးကို ဖျက်သိမ်းရတော့မယ်လို့ ညီအစ်ကိုတွေ ထင်နေကြတယ်။ ဒါပေမဲ့ ဝမ်းသာစရာက ကျွန်တော်တို့ရောက်သွားတဲ့ ညနေမှာပဲ သဲကြီးမဲကြီး မိုးရွာပါလေရော။ ဒီလိုနဲ့ စည်းဝေးကြီး ကျင်းပနိုင်ခဲ့တယ်။ အဲဒီစည်းဝေးမှာ တူဗာလူစကားနဲ့ ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန်ဂရိကျမ်းစာကို ကျွန်တော်ထုတ်ဝေခွင့်ရတာ အခွင့်ထူးပါပဲ။ တူဗာလူစကားပြော ညီအစ်ကိုညီအစ်မဦးရေ အနည်းငယ်ပဲရှိပေမဲ့ သူတို့လည်း ယေဟောဝါဆီက ဒီလက်ဆောင်မွန်ကို ရရှိနိုင်ကြပြီ။ စည်းဝေးနောက်ဆုံးရက်မှာ နောက်တစ်ကြိမ် သဲကြီးမဲကြီးမိုးရွာပြန်တယ်။ ဒါကြောင့် လူတိုင်းဟာ အမှန်တရားရေကိုရော ပကတိမိုးရေကိုပါ အလျှံပယ်ရရှိခဲ့ကြတယ်။ဝမ်းနည်းစရာကတော့ အဲဒီစည်းဝေးမှာ ကျွန်တော်နဲ့အတူ ဂျဲနီ မရှိနိုင်တာပါပဲ။ ကင်ဆာရောဂါကို ၁၀ နှစ်လုံးလုံး ခါးစည်းခံရင်း ၂၀၀၉ မှာ သူသေဆုံးသွားတယ်။ ကျွန်တော်တို့ရဲ့ အိမ်ထောင်သက် ၃၅ နှစ်အကြာမှာပေါ့။ သူထမြောက်လာတဲ့အခါ တူဗာလူစကားနဲ့ ကျမ်းစာထုတ်ဝေခဲ့တာ သိရလို့ သိပ်ဝမ်းသာပါလိမ့်မယ်။
ယေဟောဝါက ကျွန်တော့်ကို လော်ရန်နီ စီကီဗိုလို့ခေါ်တဲ့ နောက်ထပ်ဇနီးချောတစ်ယောက် ပေးခဲ့တယ်။ လော်ရန်နီနဲ့ ဂျဲနီဟာ ဖီဂျီဗေသလမှာ အတူအမှုဆောင်ခဲ့ဖူးတယ်။ လော်ရန်နီလည်း ဘာသာပြန်တစ်ယောက်ပဲ။ ဒါကြောင့် ယေဟောဝါကို သစ္စာရှိရှိအမှုဆောင်နေတဲ့၊ ကျွန်တော့်လိုပဲ ဘာသာစကားတွေကို ချစ်မြတ်နိုးတဲ့ ဇနီးတစ်ယောက်ကို ထပ်ရရှိခဲ့ပြန်တယ်။
လူနည်းစုပဲပြောတဲ့ ဘာသာစကားတွေအပါအဝင် ဘာသာစကားအားလုံးမှာရှိတဲ့ လူတွေရဲ့ လိုအပ်ရာတွေကို မေတ္တာရှင် ဖခင်ယေဟောဝါ ဘယ်လိုဖြည့်ဆည်းပေးတယ်ဆိုတာ နှစ်တွေတစ်လျှောက် ကျွန်တော်မြင်ခဲ့ရတယ်။ (ဆာ. ၄၉:၁-၃) စာပေတွေကို မိခင်ဘာသာစကားနဲ့ ဦးဆုံးအကြိမ်ရရှိတဲ့အခါဖြစ်စေ၊ ယေဟောဝါကို ချီးမွမ်းတဲ့သီချင်းတွေကို မိခင်ဘာသာစကားနဲ့ သီဆိုရတဲ့အခါဖြစ်စေ လူတွေ ဘယ်လောက်ပျော်တယ်ဆိုတာ ကျွန်တော်တွေ့မြင်ခဲ့တယ်။ အဲဒီလိုအချိန်မျိုးတွေမှာ ယေဟောဝါရဲ့ ကြီးမားတဲ့မေတ္တာကို နားလည်ခဲ့ရတယ်။ (တ. ၂:၈၊ ၁၁) သက်ကြီးတူဗာလူညီအစ်ကို ဆောင်လိုတီစီရဲ့စကားတွေကို အခုထိ အမှတ်ရနေတုန်းပဲ။ ဘုရားသခင့်နိုင်ငံတော်သီချင်းကို မိခင်ဘာသာစကားနဲ့ ဦးဆုံးအကြိမ်သီဆိုပြီးနောက် “ဒီသီချင်းတွေက အင်္ဂလိပ်ထက် တူဗာလူစကားမှာ ပိုကောင်းတယ်လို့ အုပ်ချုပ်ရေးအဖွဲ့ကို ပြောပေးပါ” ဆိုပြီး သူပြောတယ်။
၂၀၀၅၊ စက်တင်ဘာလမှာ ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် အမှုဆောင်ဖို့ အခွင့်ထူးရရှိခဲ့လို့ ကျွန်တော်အံ့သြခဲ့ရတယ်။ ဘာသာပြန်တစ်ယောက်အဖြစ် အမှုမဆောင်ရတော့ပေမဲ့ ကမ္ဘာချီဘာသာပြန်လုပ်ငန်းကို ဆက်ထောက်ကူဖို့ ယေဟောဝါ ခွင့်ပြုထားလို့ သိပ်ကျေးဇူးတင်တယ်။ ပစိဖိတ်သမုဒ္ဒရာရဲ့ အလယ်ခေါင်မှာရှိတဲ့ သီးခြားကျွန်းတွေအပါအဝင် လူအားလုံးရဲ့လိုအပ်ရာကို ယေဟောဝါ ဂရုစိုက်ပေးနေတယ်ဆိုတာ သိရလို့ သိပ်ပျော်ရွှင်မိတယ်။ မှန်ပါတယ်။ ဆာလံဆရာပြောသလို ‘ယေဟောဝါ ဘုရင်ဖြစ်ပြီ။ ကမ္ဘာမြေ ရွှင်လန်းပါစေ။ ကျွန်းအပေါင်းတို့ ဝမ်းမြောက်ပါစေ။’—ဆာ. ၉၇:၁၊ ကဘ။
^ စာပိုဒ်၊ 18 ကျွန်တော်တို့ရဲ့ စာပေတွေနဲ့ပတ်သက်ပြီး လူတွေရဲ့တုံ့ပြန်ပုံအကြောင်း ထပ်သိချင်တယ်ဆိုရင် ကင်းမျှော်စင် ၂၀၀၀၊ ဒီဇင်ဘာ ၁၅၊ စာမျက်နှာ ၃၂; ၁၉၈၈၊ သြဂုတ် ၁၊ စာမျက်နှာ ၂၂ [လိပ်] နဲ့ နိုးလော့! ၂၀၀၀၊ ဒီဇင်ဘာ ၂၂၊ စာမျက်နှာ ၉ [လိပ်] တို့မှာကြည့်ပါ။
^ စာပိုဒ်၊ 22 ဆာမိုအာနိုင်ငံရဲ့ ဘာသာပြန်လုပ်ငန်းအကြောင်း ထပ်သိချင်တယ်ဆိုရင် ၂၀၀၉၊ နှစ်ချုပ်စာအုပ် စာမျက်နှာ ၁၂၀-၁၂၁၊ ၁၂၃-၁၂၄ [လိပ်] ကိုကြည့်ပါ။