မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်တော်ရဲ့ ရင့်ကျက်မှုအဆင့်ကိုရောက်ဖို့ သင် ကြိုးစားနေသလား

ခရစ်တော်ရဲ့ ရင့်ကျက်မှုအဆင့်ကိုရောက်ဖို့ သင် ကြိုးစားနေသလား

‘ခရစ်တော်၏ ပြည့်စုံခြင်းပမာဏ အဆင့်တည်းဟူသော ကြီးရင့်သူအဖြစ်သို့ ရောက်သည်အထိ ကြိုးစားပါ။’—ဧ. ၄:၁၃

သီချင်း– ၆၉၇၀

၁၊ ၂။ ခရစ်ယာန်ယောက်တိုင်းမှာ ဘယ်ပန်းတိုင်ရှိသင့်သလဲ။ ဥပမာပေးပါ။

အိမ်ရှင်မတစ်ယောက်ဟာ ဈေးမှာ သစ်သီးဝယ်တဲ့အခါ ဘယ်လိုရွေးသလဲ။ အလုံးကြီးတိုင်း၊ ဈေးပေါတိုင်း ရွေးမှာမဟုတ်ဘူး။ အဲဒီအစား မှည့်ဝင်းတဲ့အသီးကိုပဲ ရွေးမှာဖြစ်တယ်။ အနံ့သင်း၊ လတ်ဆတ်၊ အရသာချိုမြပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့အသီးတွေ ဖြစ်ရမယ်။ မှန်ပါတယ်။ ရင့်မှည့်နေတဲ့အသီးကိုပဲ သူရွေးချယ်မှာဖြစ်တယ်။

ရင့်ကျက်တဲ့ ခရစ်ယာန်တစ်ယောက်ဟာ အမှားအမှန်ခွဲခြားနိုင်အောင် ကူညီပေးတဲ့ ကျမ်းစာမူတွေကို ရှာဖွေတယ်

လူတစ်ယောက်ဟာ ဆက်ကပ်အပ်နှံနှစ်ခြင်းခံပြီးနောက် ယေဟောဝါနဲ့ ဆက်ဆံရေး ဆက်တိုးတက်နေရမယ်။ ပန်းတိုင်ကတော့ ရင့်ကျက်တဲ့ခရစ်ယာန် ဖြစ်လာဖို့ပဲ။ ရင့်ကျက်တယ်ဆိုတာ အသက်ကြီးတာကို မဆိုလိုဘူး။ ဘုရားရေးရာဘက်မှာ တိုးတက်ခြင်း၊ တစ်နည်းအားဖြင့် ယေဟောဝါနဲ့ ဆက်ဆံရေး ပိုကောင်းလာခြင်းကို ဆိုလိုတယ်။ တမန်တော်ပေါလုက ဧဖက်မြို့က ခရစ်ယာန်တွေကို ရင့်ကျက်သူတွေဖြစ်စေချင်တယ်။ “ယုံကြည်ခြင်း၌လည်းကောင်း၊ ဘုရားသခင်၏သားတော်ကို တိကျမှန်ကန်စွာ သိကျွမ်းခြင်း၌လည်းကောင်း တစ်လုံးတစ်ဝတည်းဖြစ်၍ ခရစ်တော်၏ ပြည့်စုံခြင်းပမာဏ အဆင့်တည်းဟူသော ကြီးရင့်သူအဖြစ်သို့ ရောက်သည်အထိ” ကြိုးစားဖို့ သူတို့ကို ပေါလုအားပေးခဲ့တယ်။—ဧ. ၄:၁၃

၃။ ဧဖက်အသင်းတော်နဲ့ ဒီနေ့ခေတ် ယေဟောဝါရဲ့လူမျိုးမှာ ဘယ်ဆင်တူချက်ရှိသလဲ။

ဧဖက်အသင်းတော်ဆီ ပေါလု စာရေးချိန်မှာ အဲဒီအသင်းတော်တည်ရှိခဲ့တာ နှစ်အတော်ကြာနေပြီ။ အသင်းတော်မှာရှိတဲ့ ညီအစ်ကိုညီအစ်မများစွာဟာ အတွေ့အကြုံရှိပြီးသား ရင့်ကျက်တဲ့ခရစ်ယာန်တွေဖြစ်တယ်။ ဒါပေမဲ့ ယေဟောဝါနဲ့ဆက်ဆံရေး ပိုခိုင်မြဲအောင်လုပ်ဖို့ လိုအပ်နေသူတချို့ ရှိသေးတယ်။ ဒီနေ့လည်း အဲဒီလိုပဲ။ ညီအစ်ကိုညီအစ်မများစွာဟာ ယေဟောဝါကို နှစ်ပေါင်းများစွာ ဝတ်ပြုလာတဲ့ ရင့်ကျက်သူတွေ ဖြစ်ကြတယ်။ ဒါပေမဲ့ တချို့ကတော့ အဲဒီအဆင့်ထိ မရောက်သေးဘူး။ ဥပမာ၊ နှစ်တိုင်း နှစ်ခြင်းခံသူ ထောင်ပေါင်းများစွာရှိတဲ့အတွက် ရင့်ကျက်တဲ့အဆင့်ကို တက်လှမ်းဖို့ လိုအပ်နေတယ်။ သင်ကော ဘယ်လိုလဲ။—ကော. ၂:၆၊ ၇

ခရစ်ယာန်တစ်ယောက် ဘယ်လိုတိုးတက်နိုင်သလဲ

၄၊ ၅။ ရင့်ကျက်တဲ့ခရစ်ယာန်တွေမှာ ဘယ်လိုကွဲပြားမှုတွေရှိသလဲ။ ဒါပေမဲ့ သူတို့အားလုံးမှာ ဘယ်တူညီချက်ရှိသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

ဈေးမှာ ရင့်မှည့်တဲ့အသီးတွေကိုကြည့်တဲ့အခါ ပုံစံအမျိုးမျိုးရှိကြတယ်။ ဒါပေမဲ့ ရင့်မှည့်တယ်ဆိုတာ ဖော်ပြတဲ့အချက်တချို့မှာတော့ တူညီကြတယ်။ ရင့်ကျက်တဲ့ခရစ်ယာန်တွေလည်း အဲဒီလိုပဲ။ သူတို့အားလုံး တစ်ပုံစံတည်း မဟုတ်ကြဘူး။ နိုင်ငံ၊ နောက်ခံ၊ အသက်အရွယ်၊ အကြိုက် အမျိုးမျိုးရှိကြတယ်။ ဒါပေမဲ့ တူညီတာတစ်ခုကတော့ ရင့်ကျက်သူအဖြစ် သတ်မှတ်ဖော်ပြတဲ့ အရည်အသွေးတချို့ သူတို့အားလုံးမှာ ရှိနေခြင်းပဲ။ အဲဒီအရည်အသွေးတချို့က ဘာတွေလဲ။

‘ယေရှုကို အခုထက် ပိုတုပနိုင်အောင် ဘယ်ကဏ္ဍတွေမှာ ငါ ပြောင်းလဲဖို့ လိုနေသလဲ’

ရင့်ကျက်တဲ့ခရစ်ယာန်တစ်ယောက်ဟာ ယေရှုကို တုပပြီး “ခြေရာတော်ကို ထက်ကြပ်မကွာလိုက်လျှောက်” တယ်။ (၁ ပေ. ၂:၂၁) ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှနဲ့ တစ်သက်တာလုံးချစ်ဖို့၊ လူသားချင်းကို ကိုယ်နဲ့အမျှချစ်ဖို့ အရေးကြီးတယ်လို့ ယေရှု မိန့်မှာထားတယ်။ (မ. ၂၂:၃၇-၃၉) ရင့်ကျက်တဲ့ခရစ်ယာန်ဟာ အဲဒီမိန့်မှာချက်ကို လိုက်နာဖို့ ကြိုးစားတယ်။ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်းရှိခြင်း၊ တခြားသူတွေကို မေတ္တာပြခြင်းဟာ ဘဝမှာ အရေးကြီးဆုံးဖြစ်မှန်း သူ့အသက်ရှင်နေထိုင်ပုံက ထင်ရှားဖော်ပြတယ်။

သက်ကြီးခရစ်ယာန်တွေဟာ အသင်းတော်တာဝန်တွေကို ပခုံးပြောင်းထမ်းဆောင်နေတဲ့ လူငယ်တွေကို ထောက်ကူပေးခြင်းအားဖြင့် ယေရှုရဲ့နှိမ့်ချမှုကို တုပနိုင် (အပိုဒ် ၆ ကိုကြည့်ပါ)

၆၊ ၇။ (က) ရင့်ကျက်တဲ့ခရစ်ယာန်အဖြစ် သတ်မှတ်ဖော်ပြတဲ့ အရည်အသွေးတချို့က ဘာတွေလဲ။ (ခ) ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမေးသင့်သလဲ။

ရင့်ကျက်တဲ့ခရစ်ယာန် တင်ပြတဲ့ အရည်အသွေးတစ်ခုကတော့ မေတ္တာဖြစ်တယ်။ (ဂလ. ၅:၂၂၊ ၂၃) နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်း၊ စိတ်ရှည်ခြင်းတို့ကိုလည်း တင်ပြတယ်။ အဲဒီအရည်အသွေးတွေက အခက်အခဲတွေ၊ စိတ်ဓာတ်ကျစရာတွေကို အပြုံးမပျက် ခံရပ်နိုင်ဖို့ ကူညီပေးတယ်။ ရင့်ကျက်သူဟာ ကိုယ်ပိုင်လေ့လာမှုလုပ်တဲ့အခါ အမှားအမှန်ခွဲခြားနိုင်အောင် ကူညီပေးတဲ့ ကျမ်းစာမူတွေကို ရှာဖွေတယ်။ အဲဒီနောက် ကျမ်းစာနဲ့လေ့ကျင့်ထားတဲ့ သိစိတ်ကိုသုံးပြီး ပညာရှိဆုံးဖြတ်ချက်တွေ ချတယ်။ ရင့်ကျက်တဲ့ခရစ်ယာန်ဟာ နှိမ့်ချမှုလည်းရှိတယ်။ ယေဟောဝါရဲ့ နည်းလမ်းနဲ့ စံနှုန်းတွေဟာ ကိုယ့်နည်းလမ်းနဲ့ စံနှုန်းတွေထက် အမြဲပိုသာတယ်ဆိုတာ သူ အသိအမှတ်ပြုတယ်။ * ဇွဲထက်သန်စွာ သတင်းကောင်းဟောပြောတယ်။ အသင်းတော်ရဲ့ စည်းလုံးမှုတိုးများအောင် လုပ်ဆောင်တယ်။

ယေဟောဝါကို ဝတ်ပြုလာတာ နှစ်ပေါင်း ဘယ်လောက်ပဲကြာနေပါစေ ‘ယေရှုကို အခုထက် ပိုတုပနိုင်အောင် ဘယ်ကဏ္ဍတွေမှာ ငါ ပြောင်းလဲဖို့ လိုနေသလဲ၊ ပိုတိုးတက်နိုင်မယ့် နည်းလမ်းတွေရှိသလား’ လို့ ယောက်တိုင်း ကိုယ့်ကိုယ်ကိုယ် မေးသင့်တယ်။

‘ကြေခဲသောအစာဟာ ရင့်ကျက်သူတွေအတွက်ဖြစ်’

၈။ ကျမ်းစာကို ယေရှု ဘယ်လောက်ကျွမ်းကျင်ပိုင်နိုင်သလဲ။

ယေရှုခရစ်ဟာ ကျမ်းစာကို သိပ်ကျွမ်းကျင်ပိုင်နိုင်တယ်။ အသက် ၁၂ နှစ်မှာတောင် ဗိမာန်တော်ကဆရာတွေနဲ့ ပြောဆိုဆွေးနွေးတဲ့အခါ ကျမ်းစာကို အသုံးပြုခဲ့တယ်။ “သူ၏စကားကို နားထောင်သူအပေါင်းတို့သည် သူ၏ဉာဏ်ပညာနှင့် အဖြေများကို အံ့သြ” ခဲ့ကြတယ်။ (လု. ၂:၄၆၊ ၄၇) နောက်ပိုင်း၊ အမှုဆောင်လုပ်ငန်းမှာ ရန်သူတွေ နှုတ်ဆိတ်သွားအောင် ကျမ်းစာကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုခဲ့တယ်။—မ. ၂၂:၄၁-၄၆

၉။ (က) ရင့်ကျက်ချင်တဲ့ခရစ်ယာန်တစ်ယောက်မှာ ဘယ်လို လေ့လာမှုအလေ့အထတွေ ရှိသလဲ။ (ခ) ကျမ်းစာလေ့လာတဲ့ရည်ရွယ်ချက်က ဘာလဲ။

ရင့်ကျက်ချင်တဲ့ ခရစ်ယာန်ဟာ ယေရှုရဲ့ စံနမူနာကို တုပတယ်။ ကျမ်းစာကို ပိုင်ပိုင်နိုင်နိုင် နားလည်တတ်ကျွမ်းချင်တယ်။ ‘ကြေခဲသောအစာဟာ ရင့်ကျက်သူတွေအတွက်ဖြစ်’ တယ်ဆိုတာ နားလည်တဲ့အတွက် နက်နဲတဲ့ကျမ်းစာအမှန်တရားတွေကို ပုံမှန်ရှာဖွေလေ့လာတယ်။ (ဟေဗြဲ ၅:၁၄) သူဟာ ကျမ်းစာကို “တိကျမှန်ကန်စွာ သိကျွမ်း” လိုစိတ်ရှိတယ်။ (ဧ. ၄:၁၃) ဒါကြောင့် ‘ငါ နေ့တိုင်း ကျမ်းစာဖတ်သလား။ ကိုယ်ပိုင်လေ့လာမှုဇယား ရှိသလား။ အပတ်တိုင်း မိသားစုဝတ်ပြုမှု လုပ်သလား’ လို့ကိုယ့်ကိုယ်ကိုယ် မေးပါ။ ကျမ်းစာလေ့လာတဲ့အခါ ယေဟောဝါရဲ့ အတွေးအခေါ်နဲ့ ခံစားချက်တွေကို သိလာအောင် ကူညီပေးနိုင်တဲ့ မူတွေကို ရှာဖွေပါ။ အဲဒီမူတွေကိုသုံးပြီး ဆုံးဖြတ်ချက်တွေချပါ။ အဲဒီလိုလုပ်ဆောင်မယ်ဆိုရင် ယေဟောဝါနဲ့ ပိုရင်းနှီးလာပါလိမ့်မယ်။

၁၀။ ရင့်ကျက်သူတစ်ယောက်ရဲ့ ကျမ်းစာအသိပညာဟာ သူ့ရဲ့နေ့စဉ်အသက်တာမှာ ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲ။

၁၀ ရင့်ကျက်တဲ့ခရစ်ယာန်ဟာ ကျမ်းစာအသိပညာ ရှိရုံထက်မက ပိုလိုအပ်တယ်ဆိုတာ နားလည်တယ်။ သူဟာ ဘုရားသခင့်ပညတ်နဲ့ မူတွေကို ချစ်မြတ်နိုးရမယ်။ ကိုယ့်အလိုထက် ယေဟောဝါရဲ့ အလိုအတိုင်း လုပ်ဆောင်ခြင်းအားဖြင့် အဲဒီမေတ္တာကို သက်သေပြရမယ်။ သူ့ရဲ့ အသက်ရှင်နေထိုင်ပုံ၊ စဉ်းစားတွေးခေါ်ပုံ၊ ပြုမူပုံကိုတောင် ပြောင်းလဲဖို့ အသင့်ရှိရမယ်။ ဥပမာ၊ သူဟာ ယေရှုကို တုပပြီး “ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်သိခြင်းတို့နှင့်အညီ ဘုရားသခင်၏ အလိုတော်အတိုင်း ဖန်ဆင်းခံရသော စရိုက်သစ်ကို” မွေးမြူဖို့ ကြိုးစားတယ်။ (ဧဖက် ၄:၂၂–၂၄ ကိုဖတ်ပါ။) ဘုရားသခင်က သန့်ရှင်းသောစွမ်းအားတော်ကို သုံးပြီး ကျမ်းရေးသူတွေကို လမ်းညွှန်ခဲ့တယ်။ ဒါကြောင့် ကျမ်းစာလေ့လာတဲ့အခါ အသိပညာနဲ့ မေတ္တာ တိုးများလာအောင်၊ ယေဟောဝါနဲ့ဆက်ဆံရေး တိုးတက်လာအောင် ဘုရားသခင့်စွမ်းအားတော်က ကူညီပေးပါလိမ့်မယ်။

စည်းလုံးမှု တိုးများစေပါ

၁၁။ ယေရှု မြေကြီးပေါ်ရှိတုန်းက ဘာကြုံတွေ့ခဲ့ရသလဲ။

၁၁ ယေရှုဟာ စုံလင်တဲ့လူသားတစ်ယောက်ဖြစ်တယ်။ ဒါပေမဲ့ မြေကြီးပေါ်ရှိတုန်းက မစုံလင်သူတွေကြားမှာ နေထိုင်ခဲ့ရတယ်။ မိဘ၊ မောင်နှမ အားလုံးမစုံလင်ကြဘူး။ အရင်းနှီးဆုံးတပည့်တွေတောင် မာနကြီးတာ၊ တစ်ကိုယ်ကောင်းဆန်တာ စတဲ့စရိုက်ဆိုးတွေ တင်ပြခဲ့ကြတယ်။ ဥပမာ၊ ယေရှု မသေဆုံးခင်ညမှာ တပည့်အချင်းချင်း ‘ဘယ်သူ အကြီးမြတ်ဆုံးလဲ’ ဆိုပြီး ငြင်းခုံခဲ့ကြတယ်။ (လု. ၂၂:၂၄) ဒါပေမဲ့ အဲဒီမစုံလင်တဲ့တပည့်တွေဟာ မကြာခင် ရင့်ကျက်လာပြီး စည်းလုံးတဲ့အသင်းတော်ကို တည်ထောင်မယ်ဆိုတာ ယေရှု သိတယ်။ စည်းလုံးမှုရှိအောင် သူတို့ကို ကူညီပေးဖို့ အဲဒီညမှာပဲ ဆုတောင်းပေးခဲ့တယ်။ ‘အို၊ အဖ၊ ကိုယ်တော်သည် ကျွန်ုပ်နှင့် တစည်းတလုံးတည်းရှိတော်မူ၍ ကျွန်ုပ်သည်လည်း ကိုယ်တော်နှင့် တစည်းတလုံးတည်းရှိသကဲ့သို့ ထိုသူအပေါင်းတို့ကို ကျွန်ုပ်တို့နှင့် တစည်းတလုံးတည်းရှိစေတော်မူပါ။ . . . ကျွန်ုပ်တို့သည် တစ်လုံးတစ်ဝတည်းဖြစ်သကဲ့သို့ သူတို့ကိုလည်း တစ်လုံးတစ်ဝတည်းဖြစ်စေပါ’ လို့ ဆုတောင်းခဲ့တယ်။—ယော. ၁၇:၂၁၊ ၂၂

၁၂၊ ၁၃။ (က) ခရစ်ယာန်တွေအနေနဲ့ ကျွန်တော်တို့ရဲ့ ပန်းတိုင်က ဘာလဲ။ (ခ) စည်းလုံးမှုတိုးများလာအောင် လုပ်ဆောင်ဖို့ ညီအစ်ကိုတစ်ယောက် ဘယ်လိုတတ်သိလာသလဲ။

၁၂ ရင့်ကျက်တဲ့ခရစ်ယာန်ဟာ အသင်းတော်ရဲ့ စည်းလုံးမှုကို တိုးများစေတယ်။ (ဧဖက် ၄:၁–၆၊ ၁၅၊ ၁၆ ကိုဖတ်ပါ။) ခရစ်ယာန်တွေအနေနဲ့ ကျွန်တော်တို့ရဲ့ ပန်းတိုင်ဟာ “လိုက်ဖက်စွာ စေ့စပ်ပေါင်းစည်း” နိုင်ဖို့၊ တစ်နည်းအားဖြင့် စည်းစည်းလုံးလုံး အတူလုပ်ဆောင်နိုင်ဖို့ဖြစ်တယ်။ အဲဒီလိုစည်းလုံးမှုမျိုးရှိဖို့ဆိုရင် နှိမ့်ချမှုလိုအပ်တယ်။ ရင့်ကျက်သူဟာ တခြားသူတွေရဲ့ မစုံလင်မှုကြောင့် ကိုယ်ထိခိုက်နစ်နာရင်တောင် အသင်းတော်ရဲ့စည်းလုံးမှု မပြိုကွဲအောင် ကြိုးစားတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အခုလိုမေးပါ– ‘ညီအစ်ကိုညီအစ်မတစ်ယောက်ယောက် အမှားလုပ်တဲ့အခါ ငါ ဘယ်လိုတုံ့ပြန်သလဲ။ တစ်ယောက်ယောက်က ငါ့ကို ထိခိုက်နစ်နာအောင်လုပ်တဲ့အခါ ဘယ်လိုခံစားရသလဲ။ သူနဲ့ မခေါ်မပြောတော့ဘဲ နေသလား ဒါမှမဟုတ် ပြန်ပြေလည်အောင် ကြိုးစားသလား။’ ရင့်ကျက်တဲ့ခရစ်ယာန်ဟာ စည်းခြားတဲ့တံတိုင်း မဖြစ်ချင်ဘူး။ ပေါင်းကူးတံတားပဲ ဖြစ်ချင်တယ်။

၁၃ ညီအစ်ကိုအူဝါရဲ့ အဖြစ်ကို စဉ်းစားကြည့်ပါ။ သူဟာ အရင်တုန်းက တခြားညီအစ်ကိုညီအစ်မတွေရဲ့ မစုံလင်မှုကြောင့် စိတ်ထိခိုက်လေ့ရှိသူဖြစ်တယ်။ နောက်ပိုင်း၊ ကျမ်းစာနဲ့ ကျမ်းစာအပေါ် ထိုးထွင်းအမြင် စာအုပ်ကို သုံးပြီး ဒါဝိဒ်ရဲ့ ဘဝဖြစ်ရပ်ကို လေ့လာဖို့ ဆုံးဖြတ်လိုက်တယ်။ ဘာကြောင့် ဒါဝိဒ်ကိုမှ ရွေးရတာလဲ။ ဒါဝိဒ်ဟာ ဘုရားသခင့်ကျေးကျွန်တချို့ရဲ့ ကျမ်းစာနဲ့မညီတဲ့ အပြုအမူတွေကို ကိုယ်တွေ့ ကြုံခဲ့ရလို့ပဲ။ ဥပမာ၊ ဘုရင်ရှောလုက ဒါဝိဒ်ကိုသတ်ဖို့၊ လူတချို့က ဒါဝိဒ်ကို ကျောက်ခဲနဲ့ပေါက်ဖို့ ကြိုးစားတယ်။ ဇနီးဖြစ်သူကတောင် သူ့ကိုလှောင်ပြောင်ခဲ့တယ်။ (၁ ရာ. ၁၉:၉-၁၁; ၃၀:၁-၆; ၂ ရာ. ၆:၁၄-၂၂) ဒါပေမဲ့ တခြားသူတွေ သူ့ကို ဘာလုပ်လုပ် သူကတော့ ယေဟောဝါကို ချစ်မြဲ၊ ယုံကြည်ကိုးစားမြဲပဲ။ ဒါဝိဒ်ဟာ သနားကြင်နာတတ်သူလည်းဖြစ်တယ်။ အဲဒီမှတ်တမ်းကို လေ့လာပြီးနောက် ဒါဝိဒ်ကို တုပဖို့လိုတယ်ဆိုတာ ညီအစ်ကိုအူဝါ သဘောပေါက်လာတယ်။ ညီအစ်ကိုညီအစ်မတွေရဲ့ မစုံလင်မှုနဲ့ပတ်သက်တဲ့ သူ့သဘောထားကို ပြောင်းလဲဖို့လိုတယ်ဆိုတာ သူသိလာတယ်။ သူတို့ရဲ့အမှားတွေကိုပဲ တနုံ့နုံ့တွေးနေမယ့်အစား အသင်းတော်ရဲ့စည်းလုံးမှု တိုးများလာအောင် လုပ်ဆောင်ဖို့လိုအပ်တယ်။ သင်လည်း အဲဒီလိုလုပ်ဆောင်ဖို့ သန္နိဋ္ဌာန်ချထားသလား။

ဘုရားသခင့်အလိုတော် ထမ်းဆောင်သူတွေကို မိတ်ဆွေအဖြစ် ရွေးချယ်ပါ

၁၄။ ဘယ်လိုလူတွေကို မိတ်ဆွေအဖြစ် ယေရှု ရွေးချယ်ခဲ့သလဲ။

၁၄ ယေရှုခရစ်ဟာ လူတွေကို ခင်ခင်မင်မင်ဆက်ဆံတယ်။ ယောက်ျား၊ မိန်းမ၊ လူကြီးလူငယ်၊ ကလေးပါမကျန် ယေရှုနဲ့အတူနေရတာ အနေမကျပ်ဘဲ သက်သောင့်သက်သာ ရှိကြတယ်။ ဒါပေမဲ့ ယေရှုက မိတ်ဆွေတွေကို သေချာစိစစ်ရွေးချယ်တယ်။ “သင်တို့သည် ငါပညတ်သောအရာများကို ကျင့်ကြံလျှင် ငါ၏မိတ်ဆွေဖြစ်ကြ၏” လို့ တမန်တော်တွေကို ပြောတယ်။ (ယော. ၁၅:၁၄) သူ့နောက်ကို သစ္စာရှိရှိလိုက်တဲ့သူ၊ ယေဟောဝါကိုချစ်ပြီး ဝတ်ပြုတဲ့သူတွေကိုပဲ မိတ်ဆွေအဖြစ် ရွေးချယ်ခဲ့တယ်။ သင်ကော ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ချစ်မြတ်နိုးသူတွေကို မိတ်ဆွေအဖြစ် ရွေးချယ်သလား။ အဲဒီလိုရွေးချယ်ဖို့ ဘာကြောင့် အရေးကြီးသလဲ။

ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ချစ်မြတ်နိုးသူတွေကို မိတ်ဆွေအဖြစ် သင် ရွေးချယ်သလား

၁၅။ ရင့်ကျက်တဲ့ခရစ်ယာန်တွေနဲ့ ပေါင်းသင်းခြင်းကနေ လူငယ်တွေ ဘယ်လိုအကျိုးရရှိနိုင်သလဲ။

၁၅ သစ်သီးဝလံအများစုဟာ နေခြည်နုနု ရရှိတဲ့အခါ ကောင်းကောင်းရင့်မှည့်လေ့ရှိတယ်။ အဲဒီလိုပဲ၊ ညီအစ်ကိုညီအစ်မတွေရဲ့ နွေးထွေးတဲ့မေတ္တာက ရင့်ကျက်တဲ့ခရစ်ယာန်ဖြစ်လာအောင် သင့်ကို ကူညီပေးနိုင်တယ်။ သင်ဟာ ကိုယ့်အသက်တာကို ဘယ်လိုအသုံးပြုမယ်ဆိုတာ စဉ်းစားနေတဲ့လူငယ်လား။ ဒါဆို ယေဟောဝါကို နှစ်အတန်ကြာအမှုဆောင်ခဲ့သူတွေ၊ အသင်းတော်မှာ စည်းလုံးမှုတိုးများအောင် လုပ်ဆောင်နေသူတွေကို မိတ်ဆွေအဖြစ် ရွေးချယ်ခြင်းက ပညာရှိရာကျတယ်။ သူတို့ဟာ နှစ်တွေတစ်လျှောက် ဘဝအချိုးအကွေ့၊ အတက်အကျတွေ၊ ဘုရားသခင့်လုပ်ငန်းမှာ အခက်အခဲတွေကို ကြုံခဲ့ရနိုင်တယ်။ အဲဒီလိုလူတွေက အကောင်းဆုံးအသက်တာကို ရွေးချယ်ဖို့ သင့်ကို ကူညီပေးနိုင်တယ်။ သူတို့နဲ့ အချိန်ပေးပေါင်းသင်းတဲ့အခါ ပညာရှိဆုံးဖြတ်ချက်တွေ ချနိုင်အောင်၊ ခရစ်ယာန်တစ်ယောက်အဖြစ် ရင့်ကျက်လာအောင် အကူအညီရရှိနိုင်တယ်။ဟေဗြဲ ၅:၁၄ ကိုဖတ်ပါ။

၁၆။ အသင်းတော်မှာရှိတဲ့ အသက်ကြီးသူတွေက ညီအစ်မငယ်တစ်ယောက်ကို ဘယ်လိုကူညီပေးခဲ့သလဲ။

၁၆ ဟဲလ်ဂါဟာ အထက်တန်းကျောင်း နောက်ဆုံးနှစ်တုန်းက ကြုံခဲ့ရတာကို မှတ်မိနေတုန်းပဲ။ အတန်းဖော်တွေက ကျောင်းပြီးရင် ဘာဆက်လုပ်မယ်ဆိုတာ ပြောနေကြတယ်။ သူတို့အများစုက အလုပ်ကောင်းကောင်းရဖို့ တက္ကသိုလ်ဆက်တက်ချင်ကြတယ်။ ဟဲလ်ဂါကတော့ အဲဒီအကြောင်း အသင်းတော်က ရင့်ကျက်တဲ့မိတ်ဆွေတွေနဲ့ တိုင်ပင်တယ်။ သူအခုလိုပြောတယ်– “သူတို့အများစုက ကျွန်မထက် အသက်ကြီးတဲ့အတွက် ကောင်းကောင်းကူညီပေးနိုင်ခဲ့တယ်။ အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်ဖို့ ကျွန်မကို အားပေးကြတယ်။ ဒါနဲ့ ရှေ့ဆောင်လုပ်ငန်းမှာ ငါးနှစ်ပါဝင်ဖြစ်ခဲ့တယ်။ လူငယ်ဘဝအများစုကို ယေဟောဝါရဲ့လုပ်ငန်းမှာ အသုံးပြုခဲ့လို့ အခု ပြန်စဉ်းစားလိုက်တိုင်း သိပ်ပျော်တယ်။ နောင်တရစရာအကြောင်း လုံးဝမရှိဘူး။”

၁၇၊ ၁၈။ ယေဟောဝါကို ဘယ်လို အကောင်းဆုံးပေးဆက်နိုင်သလဲ။

၁၇ ကျွန်တော်တို့က ယေရှုကို တုပမယ်ဆိုရင် ရင့်ကျက်တဲ့ခရစ်ယာန်တွေ ဖြစ်လာပါလိမ့်မယ်။ ယေဟောဝါနဲ့ ပိုရင်းနှီးလာပြီး အမှုတော်ထမ်းဆောင်ချင်စိတ် တိုးများလာပါလိမ့်မယ်။ ခရစ်ယာန်တစ်ယောက်ဟာ ရင့်ကျက်တဲ့အဖြစ်ကို ရောက်ရှိမှသာ ယေဟောဝါကို အကောင်းဆုံးပေးဆက်နိုင်မယ်။ “သင်တို့၏ကောင်းသောအကျင့်များကို သူတစ်ပါးတို့သည် မြင်၍ ကောင်းကင်ဘုံရှိ သင်တို့အဖ၏ဘုန်းတော်ကို ချီးမွမ်းစေရန် သင်တို့၏အလင်းကို လူတို့ရှေ့၌ လင်းစေကြလော့” လို့ တပည့်တွေကို ယေရှု အားပေးခဲ့တယ်။—မ. ၅:၁၆

၁၈ ရင့်ကျက်တဲ့ခရစ်ယာန်ဟာ အသင်းတော်ကို ဘယ်လို ကောင်းကျိုးပြုနိုင်တယ်ဆိုတာ ကျွန်တော်တို့ လေ့လာခဲ့ကြတယ်။ ခရစ်ယာန်တစ်ယောက်ဟာ ကိုယ့်ရဲ့ သြတ္တပ္ပစိတ်၊ တစ်နည်းအားဖြင့် သိစိတ်ကို အသုံးပြုပုံအားဖြင့်လည်း ရင့်ကျက်မှုကို ဖော်ပြတယ်။ ပညာရှိဆုံးဖြတ်ချက်တွေချနိုင်ဖို့ ကိုယ်ကိုယ်ကိုယ်သိစိတ်က ဘယ်လိုကူညီပေးနိုင်သလဲ။ တခြားသူတွေရဲ့ သိစိတ်ကို လေးစားကြောင်း ဘယ်လိုတင်ပြနိုင်သလဲ။ နောက်ဆောင်းပါးမှာ အဲဒီမေးခွန်းတွေကို ဆွေးနွေးပါမယ်။

^ စာပိုဒ်၊ 6 ဥပမာ၊ အတွေ့အကြုံရှိတဲ့ သက်ကြီးညီအစ်ကိုတွေဟာ တာဝန်တွေကို ပခုံးပြောင်းလွှဲအပ်ပေးဖို့၊ အဲဒီတာဝန်တွေ လွှဲအပ်ခံရတဲ့ လူငယ်ညီအစ်ကိုတွေကို ထောက်ကူပေးဖို့ တောင်းဆိုခံရနိုင်တယ်။