မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘သင်တို့၏ဘုရားသခင် ငါယေဟောဝါသည် သန့်ရှင်းတော်မူ၏’

‘သင်တို့၏ဘုရားသခင် ငါယေဟောဝါသည် သန့်ရှင်းတော်မူ၏’

ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့

‘သင်တို့၏ဘုရားသခင် ငါယေဟောဝါသည် သန့်ရှင်းတော်မူ၏’

ဝတ်ပြုရာ အခန်းကြီး ၁၉

“ယေဟောဝါဘုရားသခင်သည် သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏။” (ဗျာ. ၄:၈) ယေဟောဝါသည် အမြင့်မြတ်ဆုံးအတိုင်းအတာဖြင့် သန့်ရှင်းစင်ကြယ်ကြောင်း ကျမ်းစာက အထက်ပါအတိုင်း ဖော်ပြသည်။ ဘုရားသခင်သည် အပြစ်နှင့် လုံးဝကင်းစင်တော်မူသည်။ အပြစ်သည် မည်သည့်နည်းဖြင့်မျှ ကိုယ်တော်ကို မညစ်စွန်းစေနိုင်ပါ။ ယင်းက မစုံလင်သောလူသားများသည် အသန့်ရှင်းဆုံးဘုရားသခင်နှင့် နီးကပ်ရန် မျှော်လင့်ချက်မရှိတော့ဟု ဆိုလိုပါသလော။ လုံးဝမဆိုလိုပါ။ ဝတ်ပြုရာ အခန်းကြီး ၁၉ တွင်မှတ်တမ်းတင်ထားသော အားတက်ဖွယ်စကားများကို သုံးသပ်ကြည့်ကြစို့။

ယေဟောဝါက မောရှေအား ‘အစ္စရေးအမျိုးသား ပရိသတ်အပေါင်းတို့အား ဆင့်ဆိုလော့’ ဟုမိန့်တော်မူသည်။ ထို့နောက် ဆက်မိန့်ဆိုသောစကားများက လူတိုင်းနှင့်သက်ဆိုင်သည်။ အဘယ်အရာကို သူတို့အား မောရှေဆင့်ဆိုရမည်နည်း။ ဘုရားသခင် ဤသို့ဆက်မိန့်တော်မူ၏– ‘“သင်တို့၏ဘုရားသခင် ငါယေဟောဝါသည် သန့်ရှင်းသောကြောင့် သင်တို့လည်း သန့်ရှင်းခြင်းရှိကြလော့။”’ (အခန်းငယ် ၂) အစ္စရေးလူတိုင်း သန့်ရှင်းကြရမည်။ “ကြလော့” ဟူသောစကားက ယင်းသည် အကြံပြုချက်မဟုတ်ဘဲ အမိန့်ဖြစ်ကြောင်း ဖော်ပြသည်။ သို့ဆိုလျှင် ဘုရားသခင်သည် မဖြစ်နိုင်ရာကို မျှော်လင့်နေခြင်းလော။

ယေဟောဝါသည် မိမိ၏သန့်ရှင်းမှုကို လူတို့တစ်ထပ်တည်းလိုက်နာရမည့်စံနှုန်းအဖြစ်မဟုတ်ဘဲ အမိန့်ချမှတ်ရသည့်အကြောင်းရင်းအဖြစ် ဖော်ပြနေကြောင်း သတိပြုပါ။ တစ်နည်းပြောရလျှင် ယေဟောဝါသည် မိမိကိုဝတ်ပြုနေသည့် မစုံလင်သူအစ္စရေးလူမျိုးအား မိမိသန့်ရှင်းသမျှအတိုင်းအတာဖြင့် သန့်ရှင်းရမည်ဟု ဆိုနေခြင်းမဟုတ်ပါ။ ထိုသို့သန့်ရှင်းရန် မဖြစ်နိုင်ပေ။ “အသန့်ရှင်းဆုံးဘုရားသခင်” ယေဟောဝါသည် သန့်ရှင်းမှုတွင် အခြားသူအားလုံးထက် အသာလွန်ဆုံးဖြစ်သည်။ (သု. ၃၀:၃ကဘ) သို့သော် ယေဟောဝါသည် သန့်ရှင်းသောကြောင့် မိမိအားဝတ်ပြုနေသည့် မစုံလင်သူတို့လည်း အတတ်နိုင်ဆုံးအတိုင်းအတာအထိ သန့်ရှင်းမှုရှိရန် ကိုယ်တော်မျှော်လင့်သည်။ သို့ဆိုလျှင် သူတို့သည် သန့်ရှင်းကြောင်း အဘယ်နည်းများဖြင့် သက်သေပြနိုင်သနည်း။

ယေဟောဝါသည် သန့်ရှင်းခြင်းရှိကြလော့ဟူသောပညတ်ပေးပြီးနောက် ဘဝကဏ္ဍတိုင်းနှင့်သက်ဆိုင်သည့် တောင်းဆိုချက်များကို မောရှေမှတစ်ဆင့် ပြဋ္ဌာန်းခဲ့သည်။ အစ္စရေးလူတိုင်း ဤကျင့်ဝတ်စံနှုန်းများကို နာခံရန် ကိုယ်တော်မျှော်လင့်သည်– မိဘနှင့်အသက်ကြီးသူများကို သင့်လျော်သောရိုသေလေးစားမှုတင်ပြရန် (အခန်းငယ် ၃၊ ၃၂); နားမကြားသူ၊ မျက်စိမမြင်သူနှင့် အခြားဆင်းရဲနွမ်းပါးသူတို့ကို ထောက်ထားစာနာမှုတင်ပြရန် (အခန်းငယ် ၉၊ ၁၀၊ ၁၄); အခြားသူများနှင့်ဆက်ဆံရာတွင် ရိုးသားရန်၊ မျက်နှာမလိုက်ရန် (အခန်းငယ် ၁၁-၁၃၁၅၊ ၃၅၊ ၃၆); ကိုယ်နှင့်စပ်ဆိုင်သော ဝတ်ပြုသူချင်းများကို ကိုယ်နှင့်အမျှချစ်ရန် (အခန်းငယ် ၁၈) တို့ဖြစ်သည်။ ထိုစံနှုန်းများနှင့် ဖော်ပြထားသောအခြားစံနှုန်းများကို နာခံခြင်းဖြင့် အစ္စရေးလူတို့သည် “[သူတို့၏]ဘုရားသခင်အဖို့ သန့်ရှင်း” ကြောင်းသက်သေပြနိုင်ပါလိမ့်မည်။—တောလည်ရာ ၁၅:၄၀

သန့်ရှင်းမှုနှင့်ပတ်သက်သောပညတ်က ယေဟောဝါဘုရားသခင်၏ အတွေးအခေါ်နှင့် နည်းလမ်းတော်များအကြောင်း ကျွန်ုပ်တို့ကို ထိုးထွင်းသိမြင်စေသည်။ တစ်ခုမှာ ကိုယ်တော်နှင့်ရင်းနှီးသောဆက်ဆံရေးရှိလိုပါက သန့်ရှင်းခြင်းနှင့်ဆိုင်သည့် ကိုယ်တော်၏စံနှုန်းများနှင့်အညီ အတတ်နိုင်ဆုံးအသက်ရှင်ရန် လိုအပ်ကြောင်း သိရှိရသည်။ (၁ ပေတရု ၁:၁၅၊ ၁၆) ထိုစံနှုန်းများကို နာခံခြင်းဖြင့် ရရှိနိုင်သမျှတွင် အကောင်းဆုံးဘဝလမ်းစဉ်ကို ကျွန်ုပ်တို့မွေ့လျော်နိုင်ပါသည်။—ဟေရှာယ ၄၈:၁၇

သန့်ရှင်းမှုနှင့်ပတ်သက်သောပညတ်က ယေဟောဝါအားဝတ်ပြုကိုးကွယ်သူတို့အပေါ် ကိုယ်တော်၏ယုံကြည်စိတ်ချမှုကိုလည်း ဖော်ပြသည်။ ယေဟောဝါသည် ကျွန်ုပ်တို့တတ်နိုင်သည်ထက်ပို၍ ဘယ်တော့မျှ မမျှော်လင့်ပါ။ (ဆာလံ ၁၀၃:၁၃၊ ၁၄) မိမိ၏ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းခံထားရသော ကျွန်ုပ်တို့လူသားများသည် သန့်ရှင်းမှုကို အတိုင်းအတာတစ်ခုအထိ ပြုစုပျိုးထောင်နိုင်စွမ်းရှိကြောင်း ကိုယ်တော်သိသည်။ (ကမ္ဘာဦး ၁:၂၆) ထို့ကြောင့် သန့်ရှင်းတော်မူသောဘုရားသခင် ယေဟောဝါထံ ချဉ်းကပ်နိုင်ပုံအကြောင်း ပို၍သင်ယူရန် သင်လှုံ့ဆော်ခံရပါသလော။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ကျွန်ုပ်တို့သည် သန့်ရှင်းမှုကို ပြုစုပျိုးထောင်နိုင်စွမ်းရှိကြ