မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆင်းရဲသော်လည်း ပျော်ရွှင်ပြီး မျှော်လင့်ချက်ရှိ

ဆင်းရဲသော်လည်း ပျော်ရွှင်ပြီး မျှော်လင့်ချက်ရှိ

ဘိုလီးဗီးယားနိုင်ငံမှစာတစ်စောင်

ဆင်းရဲသော်လည်း ပျော်ရွှင်ပြီး မျှော်လင့်ချက်ရှိ

ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံတစ်ခုမှာ ခရစ်ယာန်သာသနာပြုအဖြစ် အမှုဆောင်နေရပေမဲ့ ဆင်းရဲပြီးမျှော်လင့်ချက်မဲ့နေတဲ့အခြေအနေကို မြင်ရတာ ရိုးသွားပြီး ခံစားချက်မဲ့သွားတာမျိုး တစ်ခါမှမဖြစ်ဖူးဘူး။ လူတိုင်း ဆင်းရဲဝေဒနာခံစားနေရတာကနေ ချက်ချင်းသက်သာမှုရသွားတာကို ကျွန်မသိပ်မြင်ချင်တယ်။ ဘုရားသခင့်နိုင်ငံတော်ကပဲ ဒီပြဿနာတွေကို ဖြေရှင်းပေးမယ်ဆိုတာ ကျွန်မသိတယ်။ ဒါပေမဲ့ ဘုရားသခင့်တရားစကားတော်ကို လိုက်နာတဲ့သူတွေက ဆိုးရွားလှတဲ့အခြေအနေတွေကြားမှာတောင် ပျော်ရွှင်နေကြတာကို ခဏခဏတွေ့ဖူးတယ်။ သူတို့ထဲကတစ်ယောက်ကတော့ ဆဗီးနားဖြစ်တယ်။

လွန်ခဲ့တဲ့နှစ်အတော်များများတုန်းက ဆဗီးနားက သူ့ယောက်ျား တခြားနိုင်ငံမှာ လခကောင်းတဲ့အလုပ်သွားရှာဖို့ ကားအိုကြီးတစ်စီးပေါ်တက်သွားတာကို လက်ထဲမှာ သမီးနှစ်ယောက်ကိုချီပြီး ကြည့်နေခဲ့တယ်။ သူ့ပြန်အလာကို စောင့်ခဲ့ပေမဲ့ လတွေသာ နှစ်တွေအဖြစ်ပြောင်းကုန်တယ်။ သူ့ယောက်ျားကတော့ တစ်ခါမှ ပြန်မပေါ်လာတော့ဘူး။ သူ့ယောက်ျား ထွက်သွားတဲ့အချိန်ကစပြီး ဆဗီးနားက သူနဲ့သမီးနှစ်ယောက်ဖြစ်တဲ့ မီလီနာနဲ့ဂီလီယန်အတွက် တစ်နေ့စာတစ်နေ့စာရဖို့ မနည်းရုန်းကန်ခဲ့ရတယ်။

ဆဗီးနားကို ကျွန်မစတွေ့တဲ့ တစ်ညနေမှာ သူက သူ့အစ်မရဲ့စတိုးဆိုင်မှာ သိပ်ချေးများတဲ့ဈေးဝယ်သူတွေကို စိတ်ရှည်ရှည်နဲ့ကူညီပေးနေတယ်။ သူတစ်နေ့လုံး ပင်ပင်ပန်းပန်းအလုပ်လုပ်ထားတယ်ဆိုတာ သူ့မျက်လုံးကိုကြည့်ရင် သိနိုင်တယ်။ သူနဲ့သူ့သမီးတွေနဲ့အတူ ကျမ်းစာလေ့လာဖို့ ကျွန်မကမ်းလှမ်းကြည့်တယ်။ “ကျွန်မသိပ်လေ့လာချင်ပါတယ်။ ဒါပေမဲ့ ကျွန်မက သိပ်အလုပ်များတယ်။ သမီးတွေနဲ့ပဲလေ့လာရင် ပိုအဆင်ပြေလိမ့်မယ်” လို့သူပြောတယ်။ ကျွန်မလည်း သဘောတူလိုက်တယ်။ သူ့သမီးတွေနဲ့ ကျမ်းစာလေ့လာတာ ကြာလာတာနဲ့အမျှ ဆဗီးနားအကြောင်း ပိုသိလာပြီး သူ့ရဲ့ခက်ခဲတဲ့အခြေအနေကို နားလည်လာတယ်။

ဆဗီးနားရဲ့တစ်နေ့တာက မနက် ၄:၀၀ ကနေစတယ်။ တစ်ခန်းတည်းရှိတဲ့အိမ်ထဲမှာ သမီးတွေအိပ်နေတုန်း ဆဗီးနားက ဒန်အိုးဟောင်းကြီးအောက်မှာ မီးမွှေးလိုက်တယ်။ အရသာလေးလေးစပ်စပ်ရှိတဲ့ အစာသွပ်မုန့်အတွက် အသားကိုချက်တယ်။ မိသားစုဝမ်းရေးအတွက် အဲဒါကို သူရောင်းရတယ်။ မုန့်အနှစ်ကိုတော့ ညကတည်းက သူပြင်ဆင်ထားတယ်။

ဆဗီးနားက အမိုး၊ မီးဖို၊ ပရိုပိန်းဓာတ်ငွေ့ဘူး၊ စားပွဲ၊ ခွေးခြေခုံ၊ အိုးတွေနဲ့ဆီအပြင် အသား၊ မုန့်အနှစ်နဲ့ ဂါလံပေါင်းများစွာပါတဲ့ အိမ်လုပ်သစ်သီးဖျော်ရည်တွေစတဲ့ တစ်နေ့တာအတွက်လိုအပ်တဲ့အရာအားလုံးကို ငှားရမ်းထားတဲ့တွန်းလှည်းပေါ် သေချာတင်လိုက်တယ်။

မနက် ၆:၀၀ နာရီမှာ ဆဗီးနားနဲ့ သူ့သမီးနှစ်ယောက်က သွားဖို့အဆင်သင့်ပဲ။ တံခါးကိုသော့ပိတ်လိုက်တယ်။ သူတို့မျက်နှာတွေမှာ ခံစားချက်မဲ့နေတယ်။ တစ်ယောက်မှ စကားလည်းမပြောဘူး၊ ရယ်လည်းမရယ်ကြဘူး။ လောလောဆယ်လုပ်နေတဲ့အလုပ်ကိုပဲ အားသွန်ခွန်စိုက်လုပ်နေကြတယ်။ မနက်ခင်းတော်တော်များများမှာ ဒီလိုမြင်ကွင်းမျိုးကို ကျွန်မတို့ ခရစ်ယာန်သာသနာပြုအိမ်ရဲ့ပြတင်းပေါက်ကနေ ကျွန်မကြည့်လေ့ရှိတယ်။ ဟုတ်တယ်၊ ဆဗီးနားက ဘိုလီးဗီးယားနိုင်ငံရဲ့ လမ်းဘေးတစ်နေရာမှာ အစားအသောက်ရောင်းဖို့ မနက်မိုးမလင်းခင် အိမ်ကထွက်သွားတဲ့ အမျိုးသမီးတွေထဲက တစ်ယောက်ပေါ့။

မနက် ၆:၃၀ မှာ တောင်ပေါ်ကနေ နေစထွက်လာတဲ့အချိန်မှာ ဆဗီးနားနဲ့သမီးတွေက သူတို့ဈေးရောင်းမယ့်နေရာကို ရောက်နေကြပြီ။ စကားတစ်ခွန်းမှမပြောဘဲ တွန်းလှည်းပေါ်ကပစ္စည်းတွေကို ချတယ်။ ပြီးတော့ မီးဖိုချောင်အရှင်လေးကို တပ်ဆင်လိုက်ကြတယ်။ ဦးဆုံးအစာသွပ်မုန့်ကို ဆီပူပူထဲ တရှဲရှဲနဲ့ ထည့်ကြော်လိုက်တယ်။ မနက်ခင်း လေပြည်အေးထဲမှာ အရသာရှိလှတဲ့မုန့်အနံ့က ပျံ့သွားပြီး ဆာလောင်နေတဲ့သူတွေကို ဆွဲဆောင်နေတယ်။

“ဘယ်နှစ်ခုလဲ” လို့ ဦးဆုံးဖောက်သည်ကို ဆဗီးနားမေးလိုက်တယ်။ အိပ်ချင်မူးတူးဖြစ်နေတဲ့လူကြီးက အပေါ်ကိုမော့မကြည့်ဘဲ လက်နှစ်ချောင်းထောင်ပြတယ်။ ဒါနဲ့ ဆဗီးနားက ရွှေအိုရောင်အစာသွပ်မုန့်ပူပူလေးနှစ်ခု ချပေးလိုက်တယ်။ ပြီးတဲ့နောက် မုန့်နှစ်ခုဖိုးပိုက်ဆံကို ယူလိုက်တယ်။ တစ်နေ့တာအတွင်းမှာ ဒီလိုတဒင်္ဂဖြစ်ရပ်လေးတွေ အကြိမ်ပေါင်းရာနဲ့ချီဖြစ်ပျက်တယ်။ နောက်ဆုံးအစာသွပ်မုန့်ကို ရောင်းပြီးတဲ့နောက် ပစ္စည်းတွေသိမ်းဆည်းပြီး အိမ်ပြန်လာကြတယ်။ မနက်ပိုင်းအလုပ်ကြောင့် ဆဗီးနားရဲ့ခြေထောက်တွေ ကိုက်ခဲပေမဲ့ သူ့အစ်မရဲ့စတိုးဆိုင်မှာလုပ်တဲ့ ဒုတိယအလုပ်ကို ဆက်သွားရပြန်တယ်။

ဆဗီးနားရဲ့သမီးတွေနဲ့ ဦးဆုံးအကြိမ်ကျမ်းစာသင်အံမှုလုပ်ဖို့ စတိုးဆိုင်ကို ရောက်သွားတဲ့အခါ ထောင့်လေးတစ်ခုမှာ ခုံတန်းရှည်နှစ်ခုံ အသင့်ချထားတယ်။ ၉ နှစ်နဲ့ ၇ နှစ်အရွယ်အသီးသီးရှိတဲ့ မီလီနာနဲ့ဂီလီယန်က စစချင်းနေ့ကတည်းက တစ်ခန်းစီကိုသင်ယူဖို့ တက်တက်ကြွကြွစောင့်နေပြီး ကောင်းကောင်းပြင်ဆင်ထားတယ်။ ရှက်တတ်တဲ့ဒီကလေးမတွေက တဖြည်းဖြည်း ပွင့်ပွင့်လင်းလင်းဖြစ်လာပြီး ကျွန်မနဲ့ပိုခင်လာတယ်။ အဲဒါက ဆဗီးနားကို စိတ်ထိမိစေတယ်။ မကြာခင် ဒီလောက်အလုပ်များတဲ့ကြားက ကျွန်မနဲ့အတူ ကျမ်းစာလေ့လာဖို့ သူဆုံးဖြတ်လိုက်တယ်။

ဆဗီးနားရဲ့အသိပညာ တိုးတက်လာတာနဲ့အမျှ ယေဟောဝါဘုရားသခင်ကို ချစ်တဲ့မေတ္တာလည်း တိုးများလာတယ်။ သူ့အတွက်အသစ်အဆန်းဖြစ်တဲ့ ပျော်ရွှင်မှုကို သူစခံစားလာရတယ်။ တစ်ချိန်က၊ လမ်းဘေးဈေးသည်တစ်ယောက်ရဲ့ ပင်ပန်းနွမ်းနယ်နေပြီး ညှိုးငယ်နေတဲ့မျက်နှာက အခုတော့ တခြားစီပဲ။ ကိုယ်ကမတ်လို့၊ ခေါင်းကိုမော့လို့၊ မျက်လုံးတွေကလည်း တောက်ပလို့ပဲ။ “ဆဗီးနားက တစ်ချိန်လုံးပြုံးနေတာပဲ။ သူတစ်ခါမှ ဒီလိုမဖြစ်ဖူးဘူး” လို့သူ့အစ်မကပြောတယ်။ တခြားသူတွေလည်း ဆဗီးနားနဲ့သူ့သမီးတွေရဲ့ အပြောင်းအလဲကြီးကို သတိပြုမိကြတယ်။ ဘုရားသခင်နဲ့ပတ်သက်ပြီး သူသိပ်သိချင်ခဲ့တာတွေကို အခုတော့ သူသိရပြီလေ။

ဆဗီးနားက ကျမ်းစာလေ့လာရတာ တော်တော်ကြိုက်ပေမဲ့ အလုပ်အရမ်းများတဲ့အတွက် ခရစ်ယာန်အစည်းအဝေးတွေကိုတော့ မတက်ရောက်နိုင်ဘူး။ နောက်ဆုံး၊ ဘုရားသခင့်နိုင်ငံတော်ခန်းမကို လာလည်ကြည့်ပါဆိုတဲ့ ကျွန်မရဲ့ဖိတ်ကြားချက်ကို သူလက်ခံလိုက်တယ်။ အဲဒီနောက်ပိုင်းကစပြီး အစည်းအဝေးတွေကို တစ်ခါမှမပျက်တော့ဘူး။ ဆဗီးနားက အသင်းတော်မှာ မိတ်ဆွေစစ်တွေကို တွေ့နေပါပြီ။ ယေဟောဝါက သူ့ကိုချစ်တဲ့သူတွေ၊ တခြားအရာတွေကို အနစ်နာခံစွန့်လွှတ်ပြီး သူ့ကိုဝတ်ပြုကိုးကွယ်နေတဲ့သူတွေကို တကယ်ထောက်မပေးတယ်ဆိုတာကိုလည်း ဆဗီးနား ခံစားနေရပြီ။—လုကာ ၁၂:၂၂-၂၄; ၁ တိမောသေ ၆:၈

ဆဗီးနားက သူသိလာတဲ့အရာတွေကို တကယ်နှစ်သက်ပြီး တခြားသူတွေကို ပြန်ဝေမျှချင်တယ်။ ဒါပေမဲ့ “လူသိရှင်ကြားဟောပြောတဲ့အကြောင်း စဉ်းစားလိုက်ရုံနဲ့ သိပ်ကြောက်တာပဲ” လို့သူပြောတယ်။ ‘ရှက်တတ်ပြီး ပညာမတတ်တဲ့ ငါ့လိုအမျိုးသမီးတစ်ယောက်က တခြားသူတွေကို ဘယ်လိုများသွန်သင်ပေးနိုင်မှာလဲ’ လို့သူစဉ်းစားမိတယ်။ ဒါပေမဲ့ သူ့ကိုပြသတဲ့ ကြင်နာမှုနဲ့ သူ့ဘဝမှာ ခံစားရတဲ့ တကယ့်ကောင်းတဲ့တိုးတက်မှုတွေက ဒီအရေးကြီးတဲ့လုပ်ငန်းမှာ ပါဝင်ဖို့ သူ့ကိုလှုံ့ဆော်ပေးခဲ့တယ်။ သူ့သမီးတွေက သူ့ကို ပုံသက်သေအနေနဲ့အတုယူဖို့ ကြည့်နေတယ်ဆိုတာလည်း သူသိတယ်။ ဒါကြောင့် တခြားသူတွေကို သတင်းကောင်း စဟောလာတယ်။ သူ့သမီးတွေလည်း သူနဲ့အတူ တက်တက်ကြွကြွပါဝင်နေကြတယ်။

အခုဆို ဆဗီးနားက ပျော်စရာမကောင်းတဲ့တစ်နေ့ပြီးတစ်နေ့ကို ပင်ပန်းကြီးစွာဖြတ်သန်းနေရတဲ့ ဆင်းရဲတဲ့အမျိုးသမီးမဟုတ်တော့ပါဘူး။ သူ့စီးပွားရေးအခြေအနေကတော့ သိပ်ပြောင်းလဲမသွားပါဘူး။ ဒါပေမဲ့ ပြောင်းလဲသွားတာကတော့ ဘဝအပေါ်ထားရှိတဲ့ သူ့ရဲ့အမြင်ပါပဲ။ အခုဆို နှစ်ခြင်းခံပြီးတဲ့ခရစ်ယာန်တစ်ယောက်အနေနဲ့ သူက ကမ္ဘာ့ဆင်းရဲဒုက္ခနဲ့ စိတ်ပျက်စရာတွေရဲ့ တစ်ခုတည်းသောဖြေရှင်းနည်းဖြစ်တဲ့ ဘုရားသခင့်နိုင်ငံတော်နဲ့ပတ်သက်တဲ့ သတင်းကောင်းကို တခြားသူတွေကို ဝေမျှနေပါပြီ။—မဿဲ ၆:၁၀

အခု မနက် ၅:၀၀ ထိုးပြီ။ ဆဗီးနားက တစ်ခန်းတည်းရှိတဲ့ သူ့အိမ်ကထွက်ဖို့ အသင့်ဖြစ်နေပြန်ပြီ။ ဒါပေမဲ့ ဒီမနက်မှာ အစာသွပ်မုန့်ရောင်းဖို့တော့ မဟုတ်ဘူး။ လမ်းပေါ်သက်သေခံဖို့ ခရစ်ယာန်ညီအစ်ကိုညီအစ်မတစ်အုပ်စုနဲ့ သွားတွေ့မှာ။ တခြားသူတွေကို ကူညီပေးဖို့ သူ့အချိန်တချို့ကို အပတ်တိုင်း လိုလိုလားလားပေးတာက သူ့ဘဝကို ပိုပျော်စေတယ်။ အိမ်တံခါးကို သော့ခတ်လိုက်ပြီး ရယ်မောပျော်ရွှင်နေတဲ့မျက်နှာနဲ့ လမ်းပေါ်ထွက်သွားတယ်။ တွန်းလှည်းကို တွန်းမဲ့အစား လွယ်အိတ်ကြီးကြီးတစ်လုံးလွယ်ထားတယ်။ အိတ်ထဲမှာတော့ တခြားသူတွေကို မျှော်လင့်ခြင်းသတင်းဝေမျှရာမှာ အသုံးပြုမယ့် ကျမ်းစာနဲ့ ကျမ်းစာအခြေပြုစာပေတွေ ထည့်ထားတယ်။ “ကျမ်းစာအကြောင်း တခြားသူတွေကို ပြောနိုင်လိမ့်မယ်လို့ ကျွန်မ တစ်ခါမှအိပ်မက်မမက်ဖူးဘူး” လို့ပြုံးပျော်နေတဲ့ဆဗီးနားက ယုံကြည်စိတ်ချမှုအပြည့်နဲ့ပြောတယ်။ “အဲဒီလိုပြောရတာကို ကျွန်မသိပ်ကြိုက်တာပဲ” လို့သူထပ်ပြောသေးတယ်။