သမ္မာကျမ်းစာသည် ဘုရားသခင့် စကားတော်လော
‘ကျမ်းစာ တစ်အုပ်လုံးသည် ဘုရားသခင့် စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် ရေးထားသောကြောင့် သွန်သင်ခြင်း၊ အပြစ်ဖော်ပြခြင်း၊ ပဲ့ပြင်ခြင်း၊ ဖြောင့်မတ်စေရန် ဆုံးမခြင်းတို့တွင် အကျိုးရှိ၏။ ဤသို့ဖြင့် ဘုရားသခင်၏ လူသည် ကောင်းသောအမှု အမျိုးမျိုးအတွက် အရည်အချင်း ပြည့်၀ပြီး လုံးလုံးလျားလျား အသင့်ဖြစ်နေမည် အကြောင်းတည်း။’—၂ တိမောသေ ၃:၁၆၊ ၁၇။
တမန်တော်ပေါလုသည် သမ္မာကျမ်းစာ၏ အလွန်အဖိုးထိုက်မှုကို ထိုသို့အားမာန်ပါပါ ဖော်ပြခဲ့၏။ သူ့ခေတ်တွင် ရရှိနေပြီဖြစ်သော ကျမ်းစာစောင်များကို ရည်ညွှန်းနေခြင်း ဖြစ်သည်။ ယင်းကို ယနေ့ခေတ်တွင် ဓမ္မဟောင်းကျမ်းဟု တစ်ခါတစ်ရံ လူတို့ရည်ညွှန်းလေ့ရှိသည်။ သို့သော် မူအရကြည့်လျှင် သူ၏စကားများသည် အေဒီပထမရာစုရှိ ယေရှု၏ သစ္စာရှိတပည့်များ ရေးသားခဲ့သော ကျမ်းစာစောင်များ အပါအဝင် စုစုပေါင်း ၆၆ စောင်ပါရှိသော ကျမ်းစာတစ်အုပ်လုံးနှင့် သက်ဆိုင်ပါသည်။
သင်သည် ပေါလုကဲ့သို့ပင် သမ္မာကျမ်းစာကို အလွန်တန်ဖိုးထားပါသလော။ ကျမ်းရေးသူများသည် ဘုရားသခင့်စွမ်းအားတော်၏ လမ်းညွှန်မှုကို အမှန်ပင် ခံခဲ့ရသည်ဟု သင် ယုံကြည်ပါသလော။ ပထမရာစု ခရစ်ယာန်များသည် ထိုသို့ပင် ယုံကြည်ခဲ့ကြသည်။ စစ်မှန်သောခရစ်ယာန်များလည်း ထိုသို့ အမြဲယုံကြည် လက်ခံကြ၏။ ဥပမာ၊ ဆယ့်လေးရာစုမှ အင်္ဂလိပ်ခရစ်ယာန်ဘုန်းတော်ကြီး ဂျွန် ဝီးကလိဖ်သည် သမ္မာကျမ်းစာကို “အမှန်တရား၏ မမှားနိုင်သော စည်းမျဉ်း” အဖြစ် ရှုမြင်ခဲ့သည်။ အထက်တွင် ကိုးကားဖော်ပြထားသော ပေါလု၏ စကားများနှင့်ပတ်သက်၍ ကျမ်းစာအဘိဓာန်တစ်ခုတွင် ဘုရားသခင့် “စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် ရေးသားထားသည် ဟူသောအချက်က သမ္မာကျမ်းစာ ပြောဆိုရာများအားလုံး အမှန်တရား ဖြစ်ကြောင်း အာမခံသည်” ဟု ဖော်ပြထားသည်။—The New Bible Dictionary.
သမ္မာကျမ်းစာအပေါ် သဘောထားပြောင်းလဲခြင်း
သို့သော် မကြာသေးမီအချိန်မှစ၍ လူတို့သည် သမ္မာကျမ်းစာ၏ သြဇာညောင်းမှုကို တဖြည်းဖြည်း အယုံအကြည် လျော့နည်းလာကြသည်။ “သမ္မာကျမ်းစာသည် မိမိတို့၏ ပြုမူလုပ်ဆောင်ပုံကို လမ်းညွှန်ပေးရာတွင်၊ မိမိတို့၏ ယုံကြည်ချက်များကို တည်ဆောက်ရာတွင် အားထားရသောကျမ်းဖြစ်ကြောင်း ခရစ်ယာန်အားလုံးက သဘောတရားအရ လက်ခံထား [ဆဲ] ဖြစ်သည်” ဟုကမ္ဘာ့ဘာသာတရားများ
ဟူသော လက်စွဲစာအုပ်က ဆို၏။ သို့သော် လက်တွေ့ဘ၀တွင်မူ ကျမ်းစာကို လုံး၀လက်မခံကြတော့ချေ။ သမ္မာကျမ်းစာသည် “လူတို့ရေးသားသော ယုံကြည်အားထား၍ မရနိုင်သည့် ယူဆချက်နှင့် ထုံးတမ်းစဉ်လာ” မျှသာဖြစ်သည်ဟု ယနေ့ခေတ်ရှိ လူတို့ ရှုမြင်ကြ၏။ ကျမ်းရေးသူတို့သည် ယုံကြည်ခြင်းအားကြီးသူများဖြစ်ကြောင်း လူတို့ အသိအမှတ်ပြုကြသည်။ သို့ရာတွင် ထိုကျမ်းရေးသူတို့သည် အမှားနှင့်မကင်းသူများဖြစ်ပြီး နက်နဲသော ကျမ်းစာအမှန်တရားများကို ရှင်းပြဖို့ ကြိုးစားခဲ့ကြသော်လည်း ယနေ့ခေတ်တွင် ကျွန်ုပ်တို့ရရှိထားသော အသိပညာနှင့် ဉာဏ်အလင်း မရှိသူများဖြစ်သည်ဟု လူတို့ ရှုမြင်ကြသည်။အမှန်မှာ ယနေ့ခေတ်တွင် လူအနည်းငယ်ကသာ မိမိတို့၏ အတွေးအခေါ်နှင့် လုပ်ရပ်များအတွက် သမ္မာကျမ်းစာ၏ လမ်းညွှန်မှုကို ခံယူကြသည်။ ဥပမာ၊ သမ္မာကျမ်းစာ၏ ကျင့်ဝတ်စံနှုန်းများသည် ခေတ်နောက်ကျပြီး လက်တွေ့မကျဟု လူတို့ ပြောဆိုကြသည်ကို သင် မကြာခဏ ကြားဖူးသည် မဟုတ်လော။ လူတို့နှစ်သက်သော ကျမ်းစာပညတ်များကိုသာ သွန်သင်ပေးလိုကြပြီး မိမိတို့အတွက် အဆင်မပြေပါက ကျမ်းစာတွင်ပါသော ပညတ်နှင့်မူများကို လျစ်လျူရှု၍ပင် ရနိုင်သည်ဟု လူအများက ယူမှတ်ကြသည်။ မတရားမေထုန်ပြုခြင်း၊ အိမ်ထောင်ရေး ဖောက်ပြန်ခြင်း၊ မရိုးသားခြင်း၊ သောက်ကြူးခြင်းနှင့်ပတ်သက်၍ ကျမ်းစာ တားမြစ်ချက်ကို ခရစ်ယာန်အမည်ခံသူများကပင် ပြောင်ပြောင်တင်းတင်း လျစ်လျူရှုကြသည်။—၁ ကောရိန္သု ၆:၉၊ ၁၀။
ထိုသို့အဘယ်ကြောင့် ဖြစ်ရသနည်း။ ၂၀ ရာစုအစောပိုင်းက ရှေးဟောင်းသုတေသနပညာရှင် ဆာ ချားလ်စ် မာစတန်သည် ၎င်း၏စာအုပ် (The Bible Is True) ၌ အကြောင်းရင်းတစ်ခုကို ဖော်ပြထား၏။ လူတို့သည် သမ္မာကျမ်းစာ၏ ရှေ့နောက်ညီညွတ်မှုကို ဝေဖန်ခဲ့ကြသော “မျက်မှောက်ခေတ် စာရေးသူတို့၏ မှန်းဆချက်များကို မဆန့်ကျင်ဘဲ ရှောရှောရှူရှူပင် လက်ခံ” ကြကြောင်း သူကဆိုသည်။ ယနေ့ကော ထိုအတိုင်းပင် ဖြစ်နေသလော။ သမ္မာကျမ်းစာကို အယုံအကြည်မရှိကြသော ကျမ်းပညာရှင်များ၏ ထင်မြင်ယူဆချက်များကို သင် မည်သို့ရှုမြင်သင့်သနည်း။ ယင်းနှင့်စပ်လျဉ်း၍ နောက်ဆောင်းပါးတွင် သုံးသပ်ကြည့်ပါလေ။