မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မာလာဝီ၊ အာဖရိက

စာရှုသူများအမေး . . .

ဘုရားသခင့်နိုင်ငံတော်ခန်းမဟူသည် အဘယ်နည်း

ဘုရားသခင့်နိုင်ငံတော်ခန်းမဟူသည် အဘယ်နည်း

ဘုရားသခင့်နိုင်ငံတော်ခန်းမသည် ယေဟောဝါသက်သေများ ဝတ်ပြုကိုးကွယ်သည့်နေရာ ဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် ဘုရားသခင့်နိုင်ငံတော်ခန်းမပေါင်း သောင်းနှင့်ချီ၍ ရှိသည်။ ယေဟောဝါသက်သေများ၏ အသင်းတော်ပေါင်း ၁၀၅,၀၀၀ သည် အပတ်စဉ် ထိုခန်းမများတွင် စုဝေးကြသည်။

အဆိုပါခန်းမများ၌ အပတ်စဉ် ကျမ်းစာလေ့လာသည့် အစီအစဉ်များနှင့် ဟောပြောပို့ချမှုများရှိပြီး ခန်းမအများစုတွင် စင်မြင့်တစ်ခုနှင့် ပရိသတ် ၁၀၀ မှ ၃၀၀ အထိ ထိုင်နိုင်သည့် ခုံများရှိသည်။ ထို့ပြင် အရန်ခန်းမများ၊ ရုံးခန်း၊ ကျမ်းစာအခြေပြုစာပေများနှင့် အကိုးအကား စာပေများထားရှိသော စာကြည့်တိုက်တစ်ခုလည်း ရှိပြီး ယင်းကို အသင်းသားတိုင်း အသုံးပြုနိုင်သည်။

အခြားချာ့ခ်ျများ၌ တွေ့ မြင်ရသည့် ဝတ်ပြုရေးနှင့်ဆိုင်သော ဘာသာရေးအထိမ်းအမှတ် သင်္ကေတများကို ထိုနိုင်ငံတော်ခန်းမများတွင် မတွေ့ ရချေ။ ဥပမာ၊ လက်ဝါးကပ်တိုင်များနှင့် ရုပ်ပုံများဖြစ်သည်။ အဘယ်ကြောင့် မတွေ့ ရသနည်း။ ထိုအရာများကို အသုံးပြုခြင်းသည် ‘ရုပ်ပုံကိုးကွယ်ခြင်းကို ဝေးဝေးရှောင်ကြလော့’ ဟူသော ကျမ်းစာမိန့်မှာချက်နှင့် မကိုက်ညီကြောင်း ယေဟောဝါသက်သေများ ယုံကြည်ကြ၍ဖြစ်သည်။ (၁ ကောရိန္သု ၁၀:၁၄။ ယောဟန် ၄:၂၄) ချာ့ခ်ျများနှင့် ဝတ်ကျောင်းများတွင် အဆင်အယင်တန်ဆာ များလွန်းလှ၏။ ဘုရားသခင့်နိုင်ငံတော်ခန်းမများကမူ အဆင်အယင်ထက် လက်တွေ့အသုံးဝင်မှုကို ဦးစားပေး၍ ဆောက်လုပ်ထားသောကြောင့် ထိုအဆောက်အအုံများသည် ရိုးရှင်း၏။ အဆောက်အအုံပုံစံထက် ကျမ်းစာလမ်းညွှန်ချက်နာယူခြင်းကို အဓိကထားသည်။

ဘုရားသခင့်နိုင်ငံတော်ခန်းမဟု အဘယ်ကြောင့် ခေါ်ဆိုရသနည်း။ ကျမ်းစာသွန်သင်ချက်များနှင့် ယင်း၏ အဓိက အကြောင်းအရာဖြစ်သော၊ တစ်နည်းအားဖြင့် ယေရှု အဓိကဟောပြောခဲ့သော “ဘုရားသခင့်နိုင်ငံတော်” အကြောင်းကို ထိုတွင်ကျင်းပသော အစည်းအဝေးများ၌ ဟောပြောသွန်သင်သည်။ (လုကာ ၄:၄၃) ထို့ကြောင့် ဘုရားသခင့်နိုင်ငံတော်ခန်းမဟူသော အသုံးအနှုန်းကို ၁၉၃၀ ပြည့်လွန်နှစ်များ၌ စတင်ခေါ်တွင်လာခဲ့ပြီး စစ်မှန်သောဝတ်ပြုရေးကို တိုးမြှင့်ပေးရန်နှင့် ဘုရားသခင့်နိုင်ငံတော် သတင်းကောင်း အဓိကဟောပြောရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် ထိုသို့လျောက်ပတ်စွာ ခေါ်ဆိုရခြင်းဖြစ်သည်။ (မဿဲ ၂၄:၁၄) သို့သော် လူမှုရေးနှင့် စီးပွားရေး လုပ်ဆောင်မှုများအတွက် ယင်းခန်းမများကို အသုံးမပြုချေ။ ဆောက်လုပ်ရေး၊ ပြုပြင်ထိန်းသိမ်းရေးနှင့် ကမ္ဘာချီဟောပြောခြင်း လုပ်ငန်းအတွက် ကုန်ကျစရိတ်များကို စေတနာအလျောက် ထည့်ဝင်သော အလှူငွေများဖြင့် အကုန်အကျ ခံကြသည်။ ဝတ်ပြုစည်းဝေးသည့်အခါ အလှူငွေ မထည့်မနေရဟူသော တောင်းဆိုချက် မရှိချေ။ သို့သော် စေတနာအလျောက် ထည့်ဝင်လိုသူများအတွက် ခန်းမတွင် အလှူငွေပုံးများ ရှိသည်။

ကမ္ဘာတစ်ဝန်းတွင် ဘုရားသခင့်နိုင်ငံတော်ခန်းမများကို ရည်ရွယ်ချက်တစ်ခုတည်းဖြင့် အသုံးပြုကြသော်လည်း ခန်းမပုံစံနှင့် အရွယ်အစားများမှာ မတူညီကြချေ။ ယေဟောဝါသက်သေများ နေထိုင်ရာဒေသ၊ ရာသီဥတုနှင့် ငွေကြေးအခြေအနေအပေါ်မူတည်၍ အဆောက်အအုံပုံစံနှင့် ဆောက်လုပ်သည့်ပစ္စည်းများ ကွာခြားသည်။ တချို့ခန်းမများကို အုတ်၊ သစ်သားနှင့် ကျောက်တုံးများဖြင့် ဆောက်လုပ်ထားကြပြီး တချို့ကိုမူ သက်ငယ်မိုးနှင့် ဝါးထရံများဖြင့် ဆောက်လုပ်ထားပေမည်။

ခန်းမတစ်ခုခုတွင် အစည်းအဝေးများ တက်ရောက်ရန် ဧည့်သည်များကို အမြဲဖိတ်ခေါ်ပါသည်။ (ဟေဗြဲ ၁၀:၂၅) ကျမ်းစာကိုအခြေပြုသည့် ခေါင်းစဉ်တစ်ခုဖြင့် ဟောပြောသည့်အစီအစဉ် အပတ်တိုင်း ရှိသည်။ ယင်းသည် ပုံမှန်တက်ရောက်သော အသင်းသားများအတွက်သာမက ဧည့်သည်များအတွက်ပါ ဖြစ်သည်။ သင်နေထိုင်ရာဒေသရှိ အနီးဆုံး ဘုရားသခင့်နိုင်ငံတော်ခန်းမကို တက်ရောက်ကြည့်ပါလေ။

အင်္ဂလန်၊ ဗြိတိန်