မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယုံကြည်ခြင်းကုထုံးကို ယေဟောဝါသက်သေတွေ အသုံးပြုကြသလား

ယုံကြည်ခြင်းကုထုံးကို ယေဟောဝါသက်သေတွေ အသုံးပြုကြသလား

စာရှုသူများအမေး . . .

ယုံကြည်ခြင်းကုထုံးကို ယေဟောဝါသက်သေတွေ အသုံးပြုကြသလား

▪ ယုံကြည်ခြင်းကုထုံးကို ယေဟောဝါသက်သေတွေ ဘယ်တော့မှ အသုံးမပြုပါဘူး။ ယေရှုလိုပဲ သူတို့ရဲ့ အဓိကတာဝန်က ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းဖြစ်တယ်လို့ ခံယူထားကြပါတယ်။ စစ်မှန်တဲ့ခရစ်ယာန်တွေကို ယုံကြည်ခြင်းကုထုံးနဲ့မဟုတ်ဘဲ တခြားပိုအရေးကြီးတဲ့အရာနဲ့ ခွဲခြားသိမြင်နိုင်တယ်လို့လည်း သူတို့ယုံကြည်ထားကြတယ်။

စီအီး ပထမရာစုမှာ ဖျားနာတဲ့သူတွေကို ယေရှုခရစ် သနားကြင်နာစွာ ကုသပေးခြင်းက ကျွန်ုပ်တို့အားလုံးအတွက် အလွန်အရေးပါတယ်။ အဲလိုကုသပေးခဲ့တဲ့အတွက် ဘုရားသခင့်နိုင်ငံတော်ရဲ့ ဘုရင်အဖြစ် ယေရှုအုပ်ချုပ်တဲ့အခါ “မြို့သားကလည်း ‘ငါနာသည်’ ဟုမဆိုရ” ဆိုတဲ့ကတိကို ယေရှုတည်မယ်ဆိုတာ ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်တယ်။—ဟေရှာယ ၃၃:၂၄

ကနေ့ခေတ်မှာကော။ အမည်ခံခရစ်ယာန်အသင်းတွေနဲ့ ဘာသာရေးအသင်းတချို့တွေမှာရှိတဲ့ ယုံကြည်ခြင်းကုထုံးဆရာတွေက အံ့ဖွယ်နည်းနဲ့ ကုသနိုင်တယ်လို့ ဆိုကြတယ်။ ဒါပေမဲ့ မိမိနာမနဲ့ “တန်ခိုးတို့ကို ပြပါပြီ” လို့ဆိုတဲ့သူတွေကို ယေရှု ပြင်းပြင်းထန်ထန် သတိပေးခဲ့တယ်။ “သင်တို့ကို ငါလုံး၀မသိ။ မတရားသောအမှုကို ပြုသောသူတို့ ငါ့ထံမှ ထွက်သွားကြ” ဆိုပြီး သူတို့ကို ယေရှုပြောခဲ့တယ်။ (မဿဲ ၇:၂၂၊ ၂၃) ဒါကြောင့် ခေတ်သစ်ယုံကြည်ခြင်းကုထုံးဆရာတွေရဲ့ အံ့ဖွယ်အမှုတွေက ဘုရားသခင့်နှစ်သက်လက်ခံမှုရတယ် ဒါမှမဟုတ် ဘုရားသခင့်ကောင်းချီးဖြစ်တယ်လို့ ပြောလို့ရသလား။

ယေရှုလုပ်ဆောင်ခဲ့တဲ့ ကုသမှုတွေအကြောင်း ကျမ်းစာပြောဆိုရာကို သုံးသပ်ကြည့်ပါ။ ကနေ့ခေတ် ယုံကြည်ခြင်းကုထုံးဆရာတွေရဲ့ လုပ်ဆောင်ပုံတွေကို ကျမ်းစာမှတ်တမ်းနဲ့ နှိုင်းယှဉ်ကြည့်ရင် ခေတ်သစ် ယုံကြည်ခြင်းကုထုံးက ဘုရားသခင်ဆီကလာတာ ဟုတ်မဟုတ် ပိုင်းခြားသိမြင်နိုင်ပါတယ်။

ယေရှုဟာ ကုသခြင်းကို နောက်လိုက်တွေ ဒါမှမဟုတ် ပရိသတ်ကို ဆွဲဆောင်တဲ့နည်းအဖြစ် တစ်ခါမှ အသုံးမပြုခဲ့ဘူး။ အဲဒီအစား ကုသမှုအတော်များများကို လူမမြင်တဲ့နေရာမှာ ပြုလုပ်ခဲ့ပါတယ်။ ဖြစ်ရပ်အတော်များများမှာ အံ့ဖွယ်နည်းနဲ့ ကုသပေးခဲ့တဲ့အကြောင်း တခြားသူတွေကို မပြောပြဖို့တောင် သူတို့ကို ကိုယ်တော် တားမြစ်ခဲ့တယ်။—လုကာ ၅:၁၃၊ ၁၄

ကုသပေးမှုအတွက် ကိုယ်တော် တစ်ခါမှ အခကြေးငွေ မယူခဲ့ဘူး။ (မဿဲ ၁၀:၈) သည့်အပြင် ကိုယ်တော်ဟာ ကုသမှုနဲ့ပတ်သက်ရင် အလွန်အောင်မြင်တဲ့သူဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်တော့်ဆီရောက်လာတဲ့ လူနာတိုင်း ရောဂါလုံးဝပျောက်ကင်းသွားတယ်။ ဒါပေမဲ့ ယေရှုက သူတို့ရဲ့ယုံကြည်ခြင်းအပေါ် မူတည်ပြီး ကုသပေးခဲ့တာမဟုတ်ပါဘူး။ (လုကာ ၆:၁၉; ယောဟန် ၅:၅-၉၊ ၁၃) ယေရှုဟာ သေတဲ့သူတွေကိုတောင် အသက်ပြန်ရှင်လာအောင် လုပ်ပေးခဲ့သေးတယ်လေ။—လုကာ ၇:၁၁-၁၇; ၈:၄၀-၅၆; ယောဟန် ၁၁:၃၈-၄၄

အဲဒီလိုအံ့ဖွယ်အမှုတွေ ယေရှုပြုလုပ်ပေမဲ့ လူတွေ ယုံကြည်သူဖြစ်လာအောင် အဲဒါတွေကို အဓိကထားပြီး မလုပ်ဆောင်ခဲ့ဘူး။ ယေရှုအဓိကထား လုပ်ဆောင်တာက ဘုရားသခင့်နိုင်ငံတော် သတင်းကောင်း ကြေညာခြင်းပဲဖြစ်တယ်။ ဘုရားသခင့်နိုင်ငံတော်အောက်မှာ စုံလင်တဲ့ကျန်းမာရေး ရရှိမယ်ဆိုတဲ့ မျှော်လင့်ချက်အကြောင်း တခြားသူတွေကို သွန်သင်ပေးတဲ့သူတွေဖြစ်လာဖို့ နောက်လိုက်တွေကို ယေရှုလေ့ကျင့်ပေးခဲ့တယ်။—မဿဲ ၂၈:၁၉၊ ၂၀

ပထမရာစုက ယေရှုရဲ့နောက်လိုက်တချို့ ရောဂါကုသတဲ့ အံ့ဖွယ်ဆုကျေးဇူးရရှိခဲ့ပေမဲ့ အခုတော့ မရရှိတော့ပါဘူး။ (၁ ကောရိန္သု ၁၂:၂၉၊ ၃၀; ၁၃:၈၊ ၁၃) ကနေ့ စစ်မှန်တဲ့ ခရစ်ယာန်တွေကို အံ့ဖွယ်ကုသနည်းတွေနဲ့မဟုတ်ဘဲ ကိုယ်ကျိုးစွန့်မေတ္တာနှောင်ကြိုးနဲ့ ခွဲခြားသိမြင်နိုင်ပါတယ်။ (ယောဟန် ၁၃:၃၅) ခေတ်သစ်ယုံကြည်ခြင်းကုထုံးက လူမျိုးအသီးသီး၊ နောက်ခံအသီးသီးက လူတွေကို ချစ်ခြင်းမေတ္တာနဲ့ စည်းလုံးနေတဲ့ ခရစ်ယာန်မိသားစုကို မဖြစ်ပေါ်စေပါဘူး။

ဒါပေမဲ့ ကြောက်မက်ဖွယ် လူ့ပဋိပက္ခတွေကြားမှာတောင် အချင်းချင်းကို ခိုင်မြဲတဲ့ မေတ္တာနှောင်ကြိုးနဲ့ စည်းလုံးနေစေတဲ့ ခရစ်ယာန်အုပ်စုတစ်စု ရှိပါတယ်။ သူတို့တွေက ဘယ်သူတွေလဲ။ ယေဟောဝါသက်သေတွေပဲ ဖြစ်ပါတယ်။ သူတို့ကို ခရစ်ယာန်ချစ်ခြင်းမေတ္တာ တင်ပြတဲ့သူတွေအဖြစ် ကမ္ဘာတစ်ဝန်းလုံးက သိကြပါတယ်။ လူမျိုးမတူ၊ နိုင်ငံမတူ၊ နောက်ခံနဲ့ယဉ်ကျေးမှု မတူတဲ့သူတွေ စည်းလုံးနေကြတာဟာ အံ့ဖွယ်အမှုတစ်ခုပါပဲ။ အဲဒီစည်းလုံးမှုမျိုးကို ဘုရားသခင့် သန့်ရှင်းသောစွမ်းအားတော်ကသာ ဖြစ်စေနိုင်တာပါ။ သူတို့ရဲ့ အစည်းအဝေးတစ်ခုကို တက်ရောက်ပြီး ကိုယ်တိုင်လေ့လာကြည့်ပါလား။

[စာမျက်နှာ ၁၃ ပါရုပ်ပုံ]

ခေတ်သစ် ယုံကြည်ခြင်းကုထုံးဆရာတွေဟာ (ဘေးတွင်ဖော်ပြထား) တကယ်ပဲ ဘုရားသခင်ရဲ့ ထောက်မမှုရရှိထားသလား