မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာတန်ဟာ ဧဝနဲ့စကားပြောဖို့ မြွေတစ်ကောင်ကို ဘာကြောင့် အသုံးပြုရတာလဲ

စာတန်ဟာ ဧဝနဲ့စကားပြောဖို့ မြွေတစ်ကောင်ကို ဘာကြောင့် အသုံးပြုရတာလဲ

စာရှုသူများအမေး . . .

စာတန်ဟာ ဧဝနဲ့စကားပြောဖို့ မြွေတစ်ကောင်ကို ဘာကြောင့် အသုံးပြုရတာလဲ

▪ စာမျက်နှာ ၈ မှာ ဆွေးနွေးထားတဲ့အတိုင်း ဧဝနဲ့စကားပြောခဲ့တဲ့ မြွေရဲ့နောက်ကွယ်မှာ စာတန်ရှိတယ်ဆိုတာ သင် သဘောတူမှာပါ။ အဲဒီအကြောင်းကို သမ္မာကျမ်းစာက သေသေချာချာ ပြောပြထားပါတယ်။ ဒါပေမဲ့ ‘တန်ခိုးရှိတဲ့ ဝိညာဉ်သတ္တဝါတစ်ဦးက ဘာကြောင့် မြွေကနေတစ်ဆင့် စကားပြောရတာလဲ’ ဆိုပြီး သင်တွေးမိမယ်။

သမ္မာကျမ်းစာမှာ စာတန်ရဲ့ နည်းဗျူဟာတွေကို “စဉ်းလဲသည့် ပရိယာယ်” တွေအဖြစ် ဖော်ပြပေးထားတယ်။ စာတန်ရဲ့နည်းပရိယာယ်တွေ ဘယ်လောက်စဉ်းလဲသလဲဆိုရင် ဧဝကို လှည့်စားခဲ့တဲ့ဖြစ်ရပ်က သက်သေထူတယ်။ (ဧဖက် ၆:၁၁) ဧဒင်မှာ ဖြစ်ပျက်ခဲ့ရာတွေက စကားပြောတတ်တဲ့ တိရစ္ဆာန်တစ်ကောင်နဲ့ပတ်သက်တဲ့ ဒဏ္ဍာရီတစ်ပုဒ်မဟုတ်ပါဘူး။ အဲဒီဖြစ်ရပ်ဟာ လူတွေ ဘုရားသခင်နဲ့ဝေးသွားအောင်ဆိုပြီး ပါးနပ်စွာ အကွက်ဆင်ထားတဲ့ စာတန်ရဲ့ ကျောချမ်းစရာ နည်းပရိယာယ်တစ်ခုပါ။ ဘယ်လိုနည်းနဲ့လဲ။

စာတန်ဟာ သူ့ရဲ့ပစ်မှတ်ကို ဂရုတစိုက် ရွေးချယ်ခဲ့တယ်။ စကြဝဠာတစ်ခွင်လုံးမှာရှိတဲ့ အသိဉာဏ်ရှိသတ္တဝါတွေထဲမှာ ဧဝက အငယ်ဆုံး။ ဧဝရဲ့ အတွေ့အကြုံနုနယ်မှုကို စာတန် အခွင့်ကောင်းယူပြီး သွေးဆောင်ဖြားယောင်းဖို့ စီစဉ်ခဲ့တယ်။ စာတန်ဟာ အရမ်းပါးနပ်တဲ့သတ္တဝါဖြစ်တဲ့ မြွေရဲ့နောက်ကွယ်ကနေပြီး သူ့ရဲ့ အတင့်ရဲပြီး ရည်မှန်းချက်ကြီးလွန်းတဲ့ အကြံအစည်တွေကို စဉ်းလဲစွာ ဖုံးကွယ်ထားတယ်။ (ကမ္ဘာဦး ၃:၁) မြွေကို လူလိုစကားပြောနေတဲ့ပုံမျိုးထွက်အောင် စာတန် ဖန်တီးခြင်းအားဖြင့် သူ ဘာတွေအောင်မြင်ခဲ့သလဲဆိုတာကို သုံးသပ်ကြည့်ပါ။

ဦးဆုံး ဧဝရဲ့အာရုံကို စာတန် ဖမ်းစားထားနိုင်ခဲ့တယ်။ မြွေတွေ စကားမပြောတတ်ဘူးဆိုတာ ဧဝ သိထားပါတယ်။ သူ့ရဲ့ခင်ပွန်းဟာ တိရစ္ဆာန်အားလုံးကို အသေအချာ လေ့လာကြည့်ရှုပြီးမှ နာမည်ပေးခဲ့တာ။ (ကမ္ဘာဦး ၂:၁၉) ဧဝလည်း ဒီပါးနပ်တဲ့မြွေကို လေ့လာကြည့်ရှုခဲ့မှာ သေချာတယ်။ ဒါကြောင့် ဧဝ စပ်စုချင်လာအောင် စာတန် အကွက်ဆင်ခဲ့တယ်။ တားမြစ်ထားတဲ့အသီးကို ဧဝ အာရုံစိုက်လာအောင် စာတန် ပြုလုပ်ခဲ့တယ်။ ဒုတိယက မြွေဟာ သစ်ပင်ကြားမှာ ပုန်းနေတယ်ဆိုရင် ဧဝ ဘယ်လို ကောက်ချက်ချနိုင်ဖွယ်ရှိသလဲ။ စကားမပြောတတ်တဲ့ ဒီတွားသွားသတ္တဝါက အဲဒီတားမြစ်ထားတဲ့အသီးကို စားပြီးတဲ့နောက်ပိုင်း စကားပြောတတ်လာတာလားလို့ ဧဝ တွေးနေမလား။ အဲဒီအသီးက မြွေကို စကားပြောတတ်အောင် လုပ်ပေးနိုင်တယ်ဆိုရင် ဧဝကိုလည်း ဘာလုပ်ပေးနိုင်မလဲ။ ဧဝ ဘာတွေ စဉ်းစားနေမယ်၊ တားမြစ်ထားတဲ့အသီးကို မြွေစားမစားဆိုတာကိုတော့ အသေအချာ မသိနိုင်ပါဘူး။ ဒါပေမဲ့ အဲဒီအသီးကိုစားရင် “ဘုရားသခင်ကဲ့သို့” ဖြစ်လာမယ်ဆိုပြီး ဧဝကို မြွေပြောတဲ့အချိန်မှာ အဲဒီလိမ်လည်မှုကို ဧဝ ယုံကြည်လိုက်တယ်။

စာတန် ရွေးချယ်သုံးနှုန်းလိုက်တဲ့ စကားတွေက သူ ဘယ်လောက်စဉ်းလဲတယ်ဆိုတာ ဖော်ပြနေတယ်။ ဘုရားသခင်ဟာ ဧဝဆီကနေ ကောင်းတဲ့အရာကို ထိမ်ချန်ထားတယ်၊ ဧဝရဲ့လွတ်လပ်မှုကို အကြောင်းမဲ့ ချုပ်ချယ်ထားတယ်ဆိုပြီး ဧဝ သံသယဝင်အောင် စာတန် စောင်းပါးရိပ်ခြည်ပြောခဲ့တယ်။ စာတန်ရဲ့အကြံအစည် အောင်မြင်ဖို့ဆိုတာ ဘုရားသခင်ကို ဧဝ ချစ်မလား၊ ကိုယ်ကျိုးပဲကြည့်မလား တစ်ခုခုအပေါ်မှာ မူတည်တယ်။ (ကမ္ဘာဦး ၃:၄၊ ၅) ဝမ်းနည်းစရာက စာတန်ရဲ့အကွက်ဆင်မှု အထမြောက်သွားပါတယ်။ အာဒံရော ဧဝပါ ဘုရားသခင်အပေါ် ချစ်တဲ့မေတ္တာနဲ့ ကျေးဇူးတင်လေးမြတ်မှုကို ဆက်ပြီးမပျိုးထောင်ခဲ့ကြဘူး။ ကနေ့လောကမှာလည်း ရှာကြံအကြောင်းပြခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်းဆိုတဲ့ စိတ်ဓာတ်တွေကို စာတန် အားပေးအားမြှောက်လုပ်နေတယ် မဟုတ်ဘူးလား။

စာတန်ရဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ။ သူ ဘာကိုရချင်နေတာလဲ။ ဧဒင်ဥယျာဉ်မှာတုန်းက စာတန်ဟာ သူ့ရဲ့မူလရုပ်နဲ့ ရည်ရွယ်ချက်ကို ဖုံးကွယ်ဖို့ အားထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ အချိန်တန်တဲ့အခါ သူဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ သူကိုယ်တိုင်ပဲ ထုတ်ဖော်ပြလိုက်တယ်။ ယေရှုကို စာတန် သွေးဆောင်ခဲ့ချိန်တုန်းက သူ့ရဲ့မူလရုပ်ကို ဖုံးကွယ်ထားလို့မရတော့ဘူးဆိုတာ စာတန် ကောင်းကောင်း သိထားတယ်။ ဒါကြောင့် ယေရှုကို စာတန်က “ငါ့ကို တစ်ကြိမ်သာ ပျပ်ဝပ်၍ ကိုးကွယ်” ပါဆိုပြီး တိုက်ရိုက်ပြောခဲ့တယ်။ (မဿဲ ၄:၉) ယေဟောဝါဘုရားသခင်သာ ရထိုက်တဲ့ ဝတ်ပြုကိုးကွယ်မှုကို စာတန်ရချင်နေတာ ကြာပြီဆိုတာ သိသာထင်ရှားသွားတယ်။ ဘုရားသခင်ကို လူတွေ ဝတ်မပြုနိုင်အောင်၊ ဘုရားသခင် မနှစ်သက်တဲ့နည်းနဲ့ ဝတ်ပြုအောင် စာတန် အစွမ်းကုန်ကြိုးစားပါလိမ့်မယ်။ ဘုရားသခင်အပေါ် ထားရှိတဲ့ ကျွန်ုပ်တို့ရဲ့တည်ကြည်မှုကို သူ ချိုးဖျက်ပစ်ချင်နေတယ်။

စာတန်ဟာ သူ့ရည်ရွယ်ချက်အတိုင်း လုပ်ဆောင်ရာမှာ အင်မတန်ပရိယာယ်များတဲ့သူဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။ ဧဝ အလှည့်စားခံခဲ့သလိုမျိုး ကျွန်ုပ်တို့ အလှည့်စားခံစရာမလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ “ငါတို့သည် သူ၏အကြံအစည်များကို မသိဘဲ နေကြသည်မဟုတ်” ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားလို့ပါ။—၂ ကောရိန္သု ၂:၁၁