မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှု ဘယ်လိုနေထိုင်သွားသလဲ

ယေရှု ဘယ်လိုနေထိုင်သွားသလဲ

ယေရှု ဘယ်လိုနေထိုင်သွားသလဲ

“ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကို ပြီးစီးခြင်းအမှုသည် ငါ့စားစရာဖြစ်၏။”—ယောဟန် ၄:၃၄

အထက်မှာ ဖော်ပြထားတဲ့ ယေရှုစကားရဲ့ နောက်ခံအခြေအနေကိုကြည့်ရင် ယေရှုရဲ့အသက်တာမှာ ဘာကို အဓိကအာရုံစိုက်ခဲ့သလဲဆိုတာ သိနိုင်ပါတယ်။ ယေရှုနဲ့ တပည့်တွေဟာ တစ်မနက်လုံး တောင်ကုန်းထူထပ်တဲ့ ရှမာရိနယ်တစ်လျှောက် ခရီးလှည့်လည်နေခဲ့ကြတယ်။ (ယောဟန် ၄:၆) အခုလောက်ဆိုရင် ယေရှု ဗိုက်ဆာနေလောက်ပြီအထင်နဲ့ တပည့်တွေက ယေရှုကို စားစရာအနည်းငယ် ပေးကြတယ်။ (ယောဟန် ၄:၃၁-၃၃) အဲဒီအခါ ယေရှုက မြေကြီးပေါ်မှာ မိမိအသက်ရှင်ရတဲ့ ရည်ရွယ်ချက်ကို အတိုချုပ်ပြောပြတယ်။ ယေရှုအတွက် ဘုရားသခင့်အမှုတော်ကို ဆောင်ရွက်ခြင်းက အစာစားခြင်းထက် ပိုအရေးကြီးတယ်။ ဘုရားသခင့်အလိုတော်ဆောင်ဖို့ အပြောနဲ့ရော၊ အလုပ်နဲ့ပါ ယေရှု နေထိုင်ပြခဲ့တယ်။ ဘယ်လိုနေထိုင်ပြခဲ့သလဲ။

ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောပြောသွန်သင်ပေး ယေရှုရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာက ဒီလိုပြောပြတယ်– ‘ကိုယ်တော်သည် ဂါလိလဲပြည်တစ်ဝန်းလုံးတွင် သွန်သင်၍ နိုင်ငံတော်သတင်းကောင်းကို ဟောပြောတော်မူ၏။’ (မဿဲ ၄:၂၃) ယေရှုဟာ သူတစ်ပါးကို ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောပြောရုံလောက်ပဲ မဟုတ်ပါဘူး။ လူတွေကို သွန်သင်ပေးတယ်၊ ရှင်းပြတယ်၊ အကျိုးနဲ့အကြောင်း ပြောပြပြီး လက်ခံယုံကြည်စေခဲ့တယ်။ ယေရှုဟောပြောတဲ့ သတင်းတရားရဲ့ အဓိကအကြောင်းအရာက ဘုရားသခင့်နိုင်ငံတော်ဖြစ်ပါတယ်။

ယေရှု အမှုဆောင်ချိန်တစ်လျှောက်လုံးမှာ ဘုရားသခင့်နိုင်ငံတော်က ဘာလဲ၊ အဲဒီနိုင်ငံတော်က ဘာတွေပြုလုပ်ပေးမှာလဲဆိုတဲ့ အကြောင်းတွေ သင်ပေးခဲ့တယ်။ ဘုရားသခင့်နိုင်ငံတော်အကြောင်း ယေရှုပြောခဲ့တဲ့စကားတွေ ပါရှိတဲ့ ကျမ်းစာရည်ညွှန်းချက်တွေနဲ့အတူ အောက်ပါအမှန်တရားတွေကို သတိပြုကြည့်ပါ။

▪ ဘုရားသခင့်နိုင်ငံတော်ကို ကောင်းကင်မှာ တည်ထောင်မှာဖြစ်တဲ့အပြင် အဲဒီနိုင်ငံတော်ရဲ့ဘုရင်အဖြစ် ယေရှုကို ယေဟောဝါဘုရားသခင် ခန့်အပ်ထားပြီးဖြစ်ပါတယ်။—မဿဲ ၄:၁၇; ယောဟန် ၁၈:၃၆

▪ ဘုရားသခင့်နိုင်ငံတော်ဟာ ဘုရားသခင်ရဲ့နာမည်ကို သန့်ရှင်းမြင့်မြတ်စေပြီး ကောင်းကင်မှာ အလိုတော်ကို ပြည့်စုံစေခဲ့သလို မြေကြီးပေါ်မှာလည်း ပြည့်စုံအောင် ပြုလုပ်ပေးပါလိမ့်မယ်။—မဿဲ ၆:၉၊ ၁၀

▪ ဘုရားသခင့်နိုင်ငံတော်က ကမ္ဘာတစ်ခုလုံးကို သာယာလှပတဲ့ဥယျာဉ် ပရဒိသုဖြစ်လာအောင် ပြုပြင်ပြောင်းလဲပေးလိမ့်မယ်။—လုကာ ၂၃:၄၂၊ ၄၃

▪ မကြာခင် ဘုရားသခင့်နိုင်ငံတော် ရောက်ရှိလာတော့မှာဖြစ်ပြီး ကမ္ဘာမြေအတွက် ရည်ရွယ်ထားတဲ့ ဘုရားသခင့်အလိုတော်ကို ဆောင်ရွက်ပေးပါတော့မယ်။ *မဿဲ ၂၄:၃၊ ၇-၁၂

အံ့ဖွယ်အမှုတွေလုပ်ပြ ယေရှုကို အများအားဖြင့် “ဆရာ” အနေနဲ့ သိထားကြပါတယ်။ (ယောဟန် ၁၃:၁၃) ဒါပေမဲ့ အမှုဆောင်ချိန် သုံးနှစ်ခွဲကာလအတွင်းမှာ အံ့ဖွယ်အမှု အတော်များများကိုလည်း ကိုယ်တော် လုပ်ပြသွားပါတယ်။ အဲဒီအံ့ဖွယ်အမှုတွေက အနည်းဆုံး ရည်ရွယ်ချက်နှစ်ခုကို အထမြောက်စေပါတယ်။ ပထမ၊ ယေရှုဟာ တကယ်ပဲ ဘုရားသခင် စေလွှတ်လိုက်သူဖြစ်တယ်ဆိုတာကို အံ့ဖွယ်အမှုတွေက သက်သေထူတယ်။ (မဿဲ ၁၁:၂-၆) ဒုတိယ၊ အနာဂတ်မှာ ဘုရားသခင့်နိုင်ငံတော်ရဲ့ ဘုရင်အဖြစ် ယေရှု အကြီးအကျယ် လုပ်ပေးဦးမယ့်အရာတွေကို နမူနာအနေနဲ့ ဖော်ပြလိုက်တာဖြစ်တယ်။ ကိုယ်တော်ပြုလုပ်ပေးခဲ့တဲ့ အံ့ဖွယ်အမှုတချို့ကို လေ့လာကြည့်ပါ။

▪ လှိုင်းလေထန်နေတဲ့ ပင်လယ်ကို ငြိမ်သက်စေပြီး လေပြင်းမုန်တိုင်းကို စဲစေခဲ့တယ်။—မာကု ၄:၃၉-၄၁

▪ မျက်စိကန်းတဲ့သူတွေ၊ နားပင်းတဲ့သူတွေနဲ့ ခြေမသန်တဲ့သူတွေအပါအဝင် ဖျားနာသူတွေကို ကုသပေးခဲ့တယ်။—လုကာ ၇:၂၁၊ ၂၂

▪ ဆာလောင်နေတဲ့ လူအုပ်ကြီးကို ကျွေးမွေးဖို့ အစားအစာတွေကို ပွားများလာအောင် လုပ်ပေးခဲ့တယ်။—မဿဲ ၁၄:၁၇-၂၁; ၁၅:၃၄-၃၈

▪ အနည်းဆုံး အဖြစ်အပျက်သုံးခုမှာ သေလွန်သူတွေကို အသက်ပြန်ရှင်လာအောင် လုပ်ပေးခဲ့တယ်။—လုကာ ၇:၁၁-၁၅; ၈:၄၁-၅၅; ယောဟန် ၁၁:၃၈-၄၄

အဲဒီလိုအစွမ်းတန်ခိုးကြီးမားတဲ့ ဘုရင် အုပ်ချုပ်တဲ့အခါကျရင် ကမ္ဘာမြေကြီး ဘယ်လိုများ ဖြစ်နေမလဲဆိုတာကို မြင်ယောင်ကြည့်လိုက်ပါ။

ယေဟောဝါဘုရားသခင်ရဲ့ အရည်အသွေးတော်တွေကို ဖော်ပြ ယေဟောဝါဘုရားသခင်အကြောင်း လူတွေကို သွန်သင်ပေးတဲ့နေရာမှာ ယေရှုခရစ်လို့ လူသိများလာတဲ့ ဘုရားသခင့်သားတော်ကို ဘယ်သူမှ မမီကြပါဘူး။ “ဖန်ဆင်းရာအပေါင်းတို့တွင် သားဦး” ဖြစ်တဲ့ ယေရှုဟာ ကောင်းကင်မှာ ဘုရားသခင်နဲ့အတူ နေထိုင်လာခဲ့တာ တခြားဝိညာဉ်သားတွေထက်တောင် ပိုကြာသေးတယ်။ (ကောလောသဲ ၁:၁၅) ခမည်းတော်ရဲ့ စဉ်းစားတွေးခေါ်မှုကို ခံယူဖို့၊ ခမည်းတော်ရဲ့အလိုတော်၊ စံနှုန်းတော်တွေနဲ့ နည်းလမ်းတော်တွေကို သင်ယူဖို့ ယေရှု ရရှိခဲ့တဲ့ အခွင့်အရေးတွေကို စဉ်းစားကြည့်ပါ။

ဒါကြောင့် ယေရှု ဒီလိုမှန်ကန်စွာ ပြောဆိုနိုင်တာဖြစ်တယ်– “သားတော်ကား မည်သူဖြစ်သည်ကို ခမည်းတော်မှတစ်ပါး မည်သူမျှမသိ။ ခမည်းတော်ကား မည်သူဖြစ်တော်မူသည်ကို သားတော်နှင့် သားတော်ဖော်ပြလိုသူမှတစ်ပါး မည်သူမျှမသိ။” (လုကာ ၁၀:၂၂) ကမ္ဘာမြေကြီးပေါ် လူသားတစ်ယောက်အနေနဲ့ ယေရှု နေထိုင်ခဲ့စဉ်က ခမည်းတော်ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာကို ထက်ထက်သန်သန်နဲ့ စိတ်လိုကိုယ်လျောက် ဖော်ပြခဲ့တယ်။ ယေရှုရဲ့ဟောပြောသွန်သင်ပုံတွေက အရမ်းထူးခြားတယ်။ ဘာကြောင့်လဲဆိုတော့ အမြင့်မြတ်ဆုံးဘုရားသခင် စံမြန်းရာ ကောင်းကင်ဘုံမှာ ကိုယ်တိုင်ကိုယ်ကျ အနီးကပ် သင်ယူဆည်းပူးခဲ့ရာတွေကို ထုတ်နုတ်ပြီး ဟောပြောသွန်သင်ခဲ့လို့ဖြစ်တယ်။—ယောဟန် ၈:၂၈

ခမည်းတော်အကြောင်းပြောပြတဲ့အခါ ယေရှုပြုလုပ်ခဲ့ပုံကို ထရန်စဖော်မာ (မီးအားမြှင့်စက်) အလုပ်လုပ်ပုံနဲ့ ပုံဥပမာပြနိုင်ပါတယ်။ ထရန်စဖော်မာက မီးအားအတက်အကျကို ချိန်ညှိပေးနိုင်တဲ့အတွက် သင့်လျော်သလို အသုံးပြုနိုင်တယ်။ ယေရှု ကမ္ဘာမြေပေါ်ရှိစဉ်က ကောင်းကင်မှာ သင်ယူခဲ့တဲ့ ခမည်းတော်ရဲ့အကြောင်းတွေကို သာမန်လူတန်းစားတွေ အလွယ်တကူ သဘောပေါက်ပြီး လိုက်နာကျင့်သုံးနိုင်တဲ့နည်းတွေနဲ့ ပြောပြခဲ့တယ်။

ခမည်းတော်အကြောင်းကို အရေးကြီးတဲ့ နည်းနှစ်နည်းနဲ့ ယေရှု ပြောပြခဲ့တာကို သုံးသပ်ကြည့်ရအောင်။

▪ ယေဟောဝါဘုရားသခင်နဲ့ပတ်သက်ပြီး လူတွေကို ယေရှု သွန်သင်ပေးတဲ့အခါ ကိုယ်တော့်နာမည်၊ ကိုယ်တော့်ရည်ရွယ်ချက်နဲ့ ကိုယ်တော့်နည်းလမ်းတွေအကြောင်း ပေးသိခဲ့တယ်။—ယောဟန် ၃:၁၆; ၁၇:၆၊ ၂၆

▪ ယေဟောဝါဘုရားသခင်ရဲ့ အရည်အသွေးတော်တွေထဲက တင့်တယ်လှပတဲ့ အသွင်အပြင် အတော်များများကို လုပ်ရပ်တွေနဲ့ ယေရှု ပြသသွားတယ်။ ခမည်းတော်ရဲ့ အရည်အသွေးတော်ကို ယေရှု အပြည့်အဝ ရောင်ပြန်ဟပ်ခဲ့တယ်။ ဒါကြောင့် ‘ငါ့ခမည်းတော်သည် မည်သို့သောပုဂ္ဂိုလ်ဖြစ်ကြောင်း ငါ့ကိုမြင်ရုံနှင့် သိနိုင်သည်’ ဆိုတဲ့အဓိပ္ပာယ်နဲ့ ပြောလိုက်တာဖြစ်နိုင်တယ်။—ယောဟန် ၅:၁၉; ၁၄:၉

ယေရှုရဲ့ အသက်ရှင်နေထိုင်ပုံက တကယ့်ကို အံ့ဩစရာပါ။ ယေရှု ဘာကြောင့် သေရတာလဲဆိုတာကို ဆန်းစစ်မယ်၊ ကျွန်ုပ်တို့ သိရှိရာတွေနဲ့အညီ ပြုမူလုပ်ဆောင်မယ်ဆိုရင် ရမယ့်အကျိုးကျေးဇူးတွေကတော့ အတိုင်းထက်အလွန်ပါပဲ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 9 ဘုရားသခင့်နိုင်ငံတော်အကြောင်း၊ အဲဒီနိုင်ငံတော် ရောက်ရှိလာတော့မယ်ဆိုတာ ဘယ်လိုလုပ်သိနိုင်မယ့်အကြောင်း ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ရဲ့ အခန်း ၈၊ “ဘုရားသခင့်နိုင်ငံတော်ဟူသည် အဘယ်နည်း” နဲ့ အခန်း ၉၊ “ကျွန်ုပ်တို့သည် ‘နောက်ဆုံးကာလ’ တွင် အသက်ရှင်နေကြပါသလော” မှာဖတ်ကြည့်နိုင်ပါတယ်။