မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သာယာလှပတဲ့ ပရဒိသုဥယျာဉ်မှာ ထာဝစဉ်အသက်ရှင်ရခြင်းက ငြီးငွေ့စရာဖြစ်မလား

သာယာလှပတဲ့ ပရဒိသုဥယျာဉ်မှာ ထာဝစဉ်အသက်ရှင်ရခြင်းက ငြီးငွေ့စရာဖြစ်မလား

စာရှုသူများအမေး . . .

သာယာလှပတဲ့ ပရဒိသုဥယျာဉ်မှာ ထာဝစဉ်အသက်ရှင်ရခြင်းက ငြီးငွေ့စရာဖြစ်မလား

▪ သာယာလှပတဲ့ ကမ္ဘာ့ပရဒိသု ဥယျာဉ်မှာ ကျွန်ုပ်တို့ ထာဝစဉ်အသက်ရှင်နိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်ကို သမ္မာကျမ်းစာမှာ ဖော်ပြပေးထားပါတယ်။ (ဆာလံ ၃၇:၂၉ကဘ; လုကာ ၂၃:၄၃) ပြည့်စုံကောင်းမွန်တဲ့ ပတ်ဝန်းကျင်မှာ ထာဝစဉ်အသက်ရှင်ခြင်းဆိုတာက ငြီးငွေ့စရာများ ဖြစ်နေမလား။

အဲဒါက မေးသင့်တဲ့ မေးခွန်းပါ။ လူတစ်ယောက် တာရှည်ငြီးငွေ့နေမယ်ဆိုရင် စိုးရိမ်ကြောင့်ကြလာမယ်၊ စိတ်ဓာတ်ကျလာမယ်၊ အန္တရာယ်များတဲ့ လုပ်ရပ်တွေကို လုပ်တဲ့အထိတောင် ဖြစ်လာနိုင်တယ်ဆိုတာကို ပညာရှင်တွေ တွေ့ ရှိခဲ့ကြတယ်။ ဘဝမှာရည်ရွယ်ချက်မရှိဘူးလို့ ယူမှတ်နေတဲ့သူတွေ ဒါမှမဟုတ် နေ့စဉ်ရက်ဆက် လုပ်နေရတဲ့ လုပ်ရိုးလုပ်စဉ်တွေကြောင့် ပင်ပန်းပြီး အားအင်ကုန်ခန်းနေတဲ့သူတွေဟာ ငြီးငွေ့ဖို့ အကြောင်းရှိနိုင်ပါတယ်။ သာယာလှပတဲ့ ပရဒိသုဥယျာဉ်မှာ နေထိုင်မယ့်သူတွေရဲ့ဘဝက ရည်ရွယ်ချက်ကင်းမဲ့နေမလား။ နေ့စဉ်ရက်ဆက် လုပ်ရမယ့် လုပ်ရိုးလုပ်စဉ်တွေက ပျင်းစရာကောင်းနေမလား။

အဲဒီမေးခွန်းတွေရဲ့ အဖြေတွေကို သိနိုင်အောင် အရင်ဆုံး ထာဝစဉ်အသက်ရှင်ခွင့်ပေးတဲ့ပုဂ္ဂိုလ်က သမ္မာကျမ်းစာရဲ့အာဘော်ရှင်ဖြစ်တဲ့ ယေဟောဝါဘုရားသခင် ဖြစ်တယ်ဆိုတာကို သုံးသပ်ကြည့်ရအောင်။ (ယောဟန် ၃:၁၆; ၂ တိမောသေ ၃:၁၆) ဘုရားသခင်ရဲ့ အဓိကအရည်အသွေးတော်က ချစ်ခြင်းမေတ္တာဖြစ်ပါတယ်။ (၁ ယောဟန် ၄:၈) ကျွန်ုပ်တို့ကို ဘုရားသခင် အလွန်ချစ်မြတ်နိုးတဲ့အတွက် ကျွန်ုပ်တို့လက်ရှိခံစားနေရတဲ့ ကောင်းတဲ့အရာမှန်သမျှ ကိုယ်တော်ပေးခဲ့တယ်။—ယာကုပ် ၁:၁၇

ကျွန်ုပ်တို့ ပျော်ရွှင်ဖို့ဆိုရင် အကျိုးရှိတဲ့အလုပ်ကိုလုပ်ဖို့ လိုအပ်တယ်ဆိုတာ ကျွန်ုပ်တို့ရဲ့ဖန်ဆင်းရှင် သိထားပါတယ်။ (ဆာလံ ၁၃၉:၁၄-၁၆; ဒေ. ၃:၁၂သမ္မာ) သာယာလှပတဲ့ ပရဒိသုဥယျာဉ်မှာနေထိုင်ပြီး အလုပ်လုပ်မယ့်သူတွေဟာ စက်ရုပ်တွေလို ခံစားချက်မဲ့ လှုပ်ရှားသွားလာကြမှာမဟုတ်ပါဘူး။ သူတို့လုပ်ဆောင်တဲ့ အလုပ်ကနေ သူတို့ကိုယ်တိုင်ရော သူတို့ချစ်မြတ်နိုးတဲ့သူတွေပါ တိုက်ရိုက်အကျိုးခံစားရမှာ ဖြစ်ပါတယ်။ (ဟေရှာယ ၆၅:၂၂-၂၄) အမြဲ စိတ်ဝင်စားစရာကောင်းပြီး အားထုတ်လုပ်ဆောင်ရတဲ့ အလုပ်တစ်ခုကို အချိန်တိုင်း လုပ်နေရမယ်ဆိုရင် ငြီးငွေ့စရာကြီးလို့ သင် ယူဆမလား။

ဘုရားသခင်ဟာ သာယာလှပတဲ့ ပရဒိသုဥယျာဉ်မှာ လူတိုင်းကို နေထိုင်ခွင့်ပြုမှာ မဟုတ်ဘူးဆိုတာကိုလည်း သုံးသပ်ကြည့်ပါဦး။ သားတော်ယေရှုကို တုပတဲ့သူတွေကိုပဲ ထာဝရအသက်ဆုကျေးဇူးပေးမှာ ဖြစ်ပါတယ်။ (ယောဟန် ၁၇:၃) ယေရှု ကမ္ဘာပေါ်ရှိခဲ့တုန်းက ခမည်းတော်ရဲ့အလိုတော်ကို အားရဝမ်းသာ လုပ်ဆောင်ခဲ့ပါတယ်။ ရယူခြင်းထက် ပေးကမ်းခြင်းက တည်မြဲတဲ့ပျော်ရွှင်မှုကို ပိုရရှိစေတယ်ဆိုတာကို အပြောနဲ့ရော၊ အလုပ်နဲ့ပါ နောက်လိုက်တွေကို ယေရှု သွန်သင်ပေးခဲ့တယ်။ (တမန်တော် ၂၀:၃၅) နဂိုအတိုင်း ပြန်ပြီးသာယာလှပလာမယ့် ပရဒိသုဥယျာဉ်မှာ ဘုရားသခင်နဲ့ လူသားချင်းကိုချစ်တဲ့သူတွေပဲ နေထိုင်ခွင့်ရမှာဖြစ်တယ်။ (မဿဲ ၂၂:၃၆-၄၀) သင့်ကို ချစ်မြတ်နိုးတဲ့အပြင် အလုပ်ကိုမြတ်နိုးပြီး ကိုယ်ကျိုးမရှာတဲ့ သူတွေရဲ့အနားမှာ နေထိုင်နေတယ်လို့ သင် မြင်ယောင်ကြည့်လိုက်ပါ။ အဲလိုလူတွေနဲ့ ပေါင်းသင်းရတာကို သင် ငြီးငွေ့မယ်လို့ ထင်ပါသလား။

သာယာလှပတဲ့ ပရဒိသုဥယျာဉ်မှာ နေထိုင်ရတဲ့ ဘဝအသက်တာမှာ တခြားဘာတွေများ ရှိဦးမလဲ။ ကျွန်ုပ်တို့ရဲ့ဖန်ဆင်းရှင်နဲ့ပတ်သက်တဲ့ အကြောင်းအရာအသစ် တစ်ခုခုကို နေ့စဉ်နေ့တိုင်း သင်ယူခွင့်ရကြမှာဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်းလက်ရာတော်တွေနဲ့ပတ်သက်ပြီး သုတေသီတွေဟာ အံ့သြဖွယ်ရာတွေ အများကြီး ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ (ရောမ ၁:၂၀) ဒါပေမဲ့ အခုထက်ထိ ဘုရားသခင့်ဖန်ဆင်းခြင်းကို အပေါ်ယံလေးပဲ သိထားကြတယ်။ လွန်ခဲ့တဲ့ အနှစ်ထောင်ပေါင်းများစွာက ယောဘဆိုတဲ့ တည်ကြည်သူ အမျိုးသားတစ်ယောက်ဟာ သူသိရှိထားတဲ့ ဘုရားသခင့် ဖန်ဆင်းရာတွေကို ပြန်လည်သုံးသပ်ခဲ့တယ်။ “[ဘုရားသခင့်] အမှုအရာများသည် နည်းလမ်းတော်၏ အစွန်းအဖျားသာဖြစ်၏။ ကိုယ်တော့်အကြောင်းကို သိုးသိုးသန့်သန့်သာ ကြားရသည်တကား။ တန်ခိုးတော်ဆိုင်ရာ မိုးကြိုးသံကိုကား အဘယ်သူ နားလည်နိုင်သနည်း” ဆိုတဲ့ သူ့ရဲ့ကောက်ချက်က မှန်ကန်နေဆဲပါ။—ယောဘ ၂၆:၁၄သမ္မာ။

ကျွန်ုပ်တို့ ထာဝစဉ်အသက်ရှင်နေရရင်တောင် ယေဟောဝါဘုရားသခင်နဲ့ ကိုယ်တော့်လက်ရာတော်တွေအကြောင်း အကုန်သိနိုင်မှာ မဟုတ်ပါဘူး။ ကျွန်ုပ်တို့နှလုံးထဲမှာ ထာဝစဉ်အသက်ရှင်ချင်တဲ့ဆန္ဒကို ဘုရားသခင် ထည့်ထားပေးတယ်လို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ “ဘုရားသခင်စီရင်တော်မူသောအမှုကို အစမှအဆုံးတိုင်အောင် လူသည် စစ်၍မကုန်နိုင်” လို့လည်း ကျမ်းစာမှာ ဖော်ပြထားပါသေးတယ်။ (ဒေ. ၃:၁၀၊ ၁၁) ဖန်ဆင်းရှင်နဲ့ပတ်သက်တဲ့ အကြောင်းအရာအသစ်တွေကို သင်ယူရတာ ငြီးငွေ့စရာကောင်းမယ်လို့ သင် ထင်ပါသလား။

အခုချိန်မှာတောင် တခြားသူတွေအကျိုးအတွက် အလုပ်များနေပြီး ဘုရားသခင်ကို ချီးမွမ်းနေတဲ့သူတွေဟာ ငြီးငွေ့မနေကြပါဘူး။ ကျွန်ုပ်တို့လည်း အဲဒီလိုအလုပ်များနေမယ်ဆိုရင် ထာဝစဉ်အသက်ရှင်နေရရင်လည်း ငြီးငွေ့မှာမဟုတ်ဘူးဆိုတာ သေချာပါတယ်။

[Picture Credit Lines on page 27]

ကမ္ဘာ– Image Science and Analysis Laboratory, NASA-Johnson Space Center; ဂလက်ဆီ– The Hubble Heritage Team (AURA/STScI/NASA)