မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်မှာ စည်းစနစ်ကျတဲ့ အဖွဲ့အစည်းတစ်ခုရှိသလား

ဘုရားသခင်မှာ စည်းစနစ်ကျတဲ့ အဖွဲ့အစည်းတစ်ခုရှိသလား

ဘုရားသခင်မှာ စည်းစနစ်ကျတဲ့ အဖွဲ့အစည်းတစ်ခုရှိသလား

ဘုရားသခင် ဖန်ဆင်းထားရာ အားလုံးမှာ စည်းစနစ်ကျနမှုကို အထင်အရှား တွေ့မြင်နေရပါတယ်။ စည်းစနစ်ကျနမှုကို မျက်စိနဲ့မြင်နိုင်တဲ့ ဖန်ဆင်းရာတွေထဲမှာပဲ တွေ့ရတာ မဟုတ်ပါဘူး။ မျက်စိနဲ့မမြင်နိုင်တဲ့ ကောင်းကင်တမန်တွေလည်း ဖန်ဆင်းရှင်ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့အညီ စည်းစနစ်တကျ အမှုဆောင်နေကြတယ်ဆိုပြီး သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။ ဘုရားသခင်ရဲ့ရှေ့တော်မှာ အတိုင်းမသိ များပြားလှတဲ့ ကောင်းကင်တမန်တွေ ခစားနေတဲ့ အဆင်းအာရုံတစ်ခုကို မြင်တွေ့ခဲ့ရတဲ့ ပရောဖက်ဒံယေလက ဒီလိုဖော်ပြခဲ့တယ်– “အတိုင်းမသိ များစွာသောသူတို့သည် အမှုတော်ကိုဆောင်ရွက်၍ ကုဋေသင်္ချေမက ရှေ့တော်၌ ခစား၍နေကြ၏။” (ဒံယေလ ၇:၉၊ ၁၀) အတိုင်းမသိ များပြားလှတဲ့ ကောင်းကင်တမန်တွေနဲ့ စနစ်တကျ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုကို မြင်ယောင်ကြည့်လိုက်ပါ။ သူတို့ဟာ မြေကြီးပေါ်က ဝတ်ပြုကိုးကွယ်သူတွေရဲ့ အကျိုးအတွက် ဘုရားသခင့်ညွှန်ကြားချက်နဲ့အညီ လုပ်ဆောင်နေကြပါတယ်။—ဆာလံ ၉၁:၁၁

ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်ဟာ အကောင်းဆုံး စီစဉ်ဖွဲ့စည်းတဲ့ အရှင်ဖြစ်ပေမဲ့ အေးတိအေးစက်နိုင်ပြီး စာအုပ်ကြီးအတိုင်း လုပ်ဆောင်တဲ့အရှင် မဟုတ်ပါဘူး။ အဲဒီအစား ဘုရားသခင်ဟာ နွေးထွေးမှုရှိပြီး ပျော်ရွှင်တဲ့အရှင် ဖြစ်တဲ့အပြင် မိမိဖန်ဆင်းထားရာအားလုံးရဲ့ ကောင်းကျိုးကို စိတ်ဝင်စားပါတယ်။ (၁ တိမောသေ ၁:၁၁; ၁ ပေတရု ၅:၇) ဒါကို ရှေးခေတ်အစ္စရေးလူမျိုးနဲ့ရော ပထမရာစုခေတ်က ခရစ်ယာန်တွေနဲ့ပါ ကိုယ်တော့်ဆက်ဆံပုံမှာ အထင်အရှား တွေ့ရပါတယ်။

ကောင်းစွာ ဖွဲ့စည်းခံရတဲ့ ရှေးခေတ်အစ္စရေးလူမျိုး

စစ်မှန်တဲ့ဝတ်ပြုရေးအတွက် အစ္စရေးလူမျိုးကို စနစ်တကျ ဖွဲ့စည်းဖို့ မောရှေကို ဘုရားသခင် အသုံးပြုခဲ့တယ်။ ဆိုင်းနိုင်းတောကန္တာရမှာ အစ္စရေးလူတွေ ရှိနေချိန်အတောအတွင်း တပ်စခန်းချပုံကိုပဲ သုံးသပ်ကြည့်လိုက်ပါ။ မိသားစုတွေအနေနဲ့ ကိုယ်ကြိုက်တဲ့နေရာမှာ တဲဆောက်မယ်ဆိုရင် ပရမ်းပတာဖြစ်ကုန်မှာ သေချာတယ်။ ဒါကြောင့် အနွယ်တစ်နွယ်စီဟာ ဘယ်နေရာမှာ စခန်းချရမယ်ဆိုတာနဲ့ပတ်သက်ပြီး ဘုရားသခင်က တိကျတဲ့ညွှန်ကြားချက်တွေ ပေးခဲ့တယ်။ (တောလည်ရာ ၂:၁-၃၄) မောရှေကနေတစ်ဆင့် ဘုရားသခင်ပေးခဲ့တဲ့ ပညတ်တွေထဲမှာလည်း ကျန်းမာရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ဆိုင်တဲ့ စည်းမျဉ်းတွေကို တိတိကျကျ ဖော်ပြထားတယ်။ ဥပမာ၊ အညစ်အကြေးစွန့်တာနဲ့ပတ်သက်ပြီး အသေးစိတ် ညွှန်ကြားထားတယ်။—တရားဟောရာ ၂၃:၁၂၊ ၁၃

ဘုရားသခင် ကတိပြုထားတဲ့ တိုင်းပြည်ထဲကို အစ္စရေးလူတွေ မဝင်ခင်မှာ သူတို့တွေဟာ နည်းအမျိုးမျိုးနဲ့ စနစ်တကျ ဖွဲ့စည်းထားတဲ့ လူမျိုးတစ်မျိုး ဖြစ်တယ်။ အနွယ် ၁၂ နွယ်ရှိတဲ့ အဲဒီလူမျိုးကို နယ်မြေအသီးသီး ခွဲဝေသတ်မှတ်ပေးလိုက်တယ်။ မောရှေကနေတစ်ဆင့် ဘုရားသခင်ပေးလိုက်တဲ့ ပညတ်တွေထဲမှာ ဝတ်ပြုရေး၊ အိမ်ထောင်ရေး၊ မိသားစုအရေး၊ ပညာရေး၊ စီးပွားရေး၊ စားရေးသောက်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ တိရစ္ဆာန်စောင့်ရှောက်ရေး အစရှိတဲ့ ဘဝကဏ္ဍအသီးသီး ပါဝင်တယ်။ * ပညတ်တချို့ဟာ တိကျပြီး အသေးစိတ်ကျပေမဲ့ အစ္စရေးလူမျိုးကို ဘုရားသခင် ဂရုစိုက်တယ်၊ သူတို့ကို ပျော်ရွှင်စေလိုတယ်ဆိုတာ ပညတ်အားလုံးက ဖော်ပြနေပါတယ်။ အဲဒီမေတ္တာပါတဲ့ အစီအစဉ်တွေကို လိုက်နာကျင့်သုံးမယ်ဆိုရင် ဘုရားသခင်ရဲ့ မျက်နှာသာတော်ကို အထူးခံစားရမှာဖြစ်တယ်။—ဆာလံ ၁၄၇:၁၉၊ ၂၀

မောရှေဟာ အရမ်းတော်တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တာမှန်ပေမဲ့ အောင်မြင်မှု ဒါမှမဟုတ် ရှုံးနိမ့်မှုဟာ သူ့ရဲ့ ဦးဆောင်နိုင်စွမ်းအပေါ် မူမတည်ပါဘူး။ အဲဒီအစား ဘုရားသခင်ရဲ့ စည်းစနစ်ကျနမှုအတိုင်း တည်ကြည်စွာ လိုက်လျှောက်နေခြင်းအပေါ်မှာပဲ မူတည်ပါတယ်။ ဥပမာ၊ တောကန္တာရထဲကိုသွားမယ့် လမ်းကြောင်းနဲ့ပတ်သက်ပြီး မောရှေ ဘယ်လိုဆုံးဖြတ်ခဲ့သလဲ။ ဘုရားသခင်ဟာ အစ္စရေးလူတွေကို နေ့အချိန်မှာ မိုးတိမ်တိုင်အားဖြင့်၊ ညအချိန်မှာ မီးတိုင်အားဖြင့် လမ်းပြပြီး ခေါ်ဆောင်သွားခဲ့ပါတယ်။ (ထွက်မြောက်ရာ ၁၃:၂၁၊ ၂၂) လူသားတွေကို အသုံးပြုခဲ့ပေမဲ့ မိမိရွေးချယ်ထားတဲ့လူမျိုးကို စည်းစနစ်ကျနစွာ ဖွဲ့စည်းပြီး ညွှန်ကြားခဲ့သူကတော့ ဘုရားသခင်ကိုယ်တော်တိုင်ပဲ ဖြစ်တယ်။ ပထမရာစုမှာလည်း အဲဒီအတိုင်းပဲ ပြုလုပ်ခဲ့ပါတယ်။

ကောင်းစွာဖွဲ့စည်းခံရတဲ့ အစောပိုင်း ခရစ်ယာန်များ

တမန်တော်တွေနဲ့ တပည့်တွေရဲ့ ထက်သန်စွာ ဟောပြောခဲ့မှုကြောင့် ပထမရာစုခေတ်က အာရှပြည်နဲ့ ဥရောပမှာရှိတဲ့ ဒေသအတော်များများမှာ ခရစ်ယာန်အသင်းတော်တွေ ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ကြတယ်။ အဲဒီအသင်းတော်တွေဟာ ပြန့်ကျဲနေပေမဲ့ တသီးတခြား၊ ကိုယ့်ဘာသာကိုယ် ရပ်တည်နေခဲ့ကြတာ မဟုတ်ဘူး။ အဲဒီအစား အသင်းတော်တွေကို ကောင်းစွာ စီစဉ်ဖွဲ့စည်းထားပြီး တမန်တော်တွေက မေတ္တာနဲ့ ကြီးကြပ်ကွပ်ကဲတဲ့အတွက် အကျိုးရရှိခဲ့ကြပါတယ်။ ဥပမာ၊ ခရိကျွန်းမှာ “ကိစ္စအဝဝတို့ကို စီမံဆောင်ရွက်” ဖို့ တိတုကို တမန်တော်ပေါလု တာဝန်ပေးခဲ့တယ်။ (တိတု ၁:၅ခမ) ညီအစ်ကိုတချို့မှာ “စီရင်အုပ်စိုး” နိုင်စွမ်းရှိတယ်ဆိုတာကို ကောရိန္သုအသင်းတော်ဆီ တမန်တော်ပေါလု စာရေးပြောပြခဲ့တယ်။ (၁ ကောရိန္သု ၁၂:၂၈သမ္မာကျမ်း) ဒါပေမဲ့ ဘယ်သူက အဲလိုစီစဉ် ဖွဲ့စည်းပေးခဲ့တာလဲ။ အသင်းတော်ကို ဘုရားသခင်ကိုယ်တိုင် စီစဉ် “ဖွဲ့စည်း” ပေးခဲ့တယ်ဆိုပြီး တမန်တော်ပေါလု ဖော်ပြပါတယ်။—၁ ကောရိန္သု ၁၂:၂၄ကက်သလစ်ကျမ်းစာတော်မြတ်။

ခရစ်ယာန်အသင်းတော်ကို ဦးစီးကြီးကြပ်နေတဲ့ ခန့်အပ်ခံညီအစ်ကိုတွေဟာ ယုံကြည်သူချင်းတွေအပေါ် နိုင်ထက်စီးနင်းမပြုရပါဘူး။ ခန့်အပ်ခံညီအစ်ကိုတွေဟာ ဘုရားသခင့်စွမ်းအားတော်ရဲ့ လမ်းညွှန်ချက်ကို လိုက်လျှောက်နေတဲ့ “လုပ်ဖော်ဆောင်ဖက်” တွေဖြစ်ကြပြီး “သိုးတော်စုအတွက် ပုံနမူနာ” ဖြစ်ဖို့ တောင်းဆိုခံရပါတယ်။ (၂ ကောရိန္သု ၁:၂၄; ၁ ပေတရု ၅:၂၊ ၃) “အသင်းတော်၏ ဦးခေါင်း” အဖြစ် ဆောင်ရွက်နေတဲ့သူဟာ သာမန်လူတစ်ဦး ဒါမှမဟုတ် မစုံလင်တဲ့ လူစုတစ်စုမဟုတ်ဘဲ ရှင်ပြန်ထမြောက်ပြီးဖြစ်တဲ့ ယေရှုခရစ်ပါပဲ။—ဧဖက် ၅:၂၃

ကိစ္စရပ်တွေကို ကိုင်တွယ်တဲ့အခါ ကောရိန္သုအသင်းတော်ရဲ့ လုပ်ဆောင်ပုံက တခြားအသင်းတော်တွေရဲ့ လုပ်ဆောင်ပုံတွေနဲ့ လုံးဝမတူတဲ့အခါ တမန်တော်ပေါလု ဒီလိုရေးခဲ့တယ်– “မည်သို့နည်း။ ဘုရားသခင်၏တရားစကားတော်သည် သင်တို့ထံမှ ထွက်လာသလော။ သင်တို့ထံသို့သာ ရောက်လာသလော။” (၁ ကောရိန္သု ၁၄:၃၆) ကောရိန္သုအသင်းတော်က ညီအစ်ကိုတွေရဲ့ အတွေးအခေါ်ကို ပြုပြင်တည့်မတ်ပေးဖို့၊ ကိုယ့်သဘောနဲ့ကိုယ် လုပ်ဆောင်လို့မရဘူးဆိုတာကို သူတို့သဘောပေါက်ဖို့ ကျမ်းချက်ပါအတိုင်း အဖြေမလိုတဲ့ မေးခွန်းကို တမန်တော်ပေါလု မေးခဲ့တယ်။ ညီအစ်ကိုတွေဟာ တမန်တော်တွေရဲ့ လမ်းညွှန်ချက်ကို လိုက်လျှောက်တဲ့အခါ ယုံကြည်ခြင်းမှာ ခိုင်ခံ့မြဲမြံလာကြပြီး ယုံကြည်သူအရေအတွက်ကလည်း တစ်နေ့ထက်တစ်နေ့ တိုးများလာပါတယ်။—တမန်တော် ၁၆:၄၊ ၅

ဘုရားသခင်ရဲ့မေတ္တာတော် ဖော်ပြချက်

ကနေ့ခေတ်မှာကော။ တချို့က ဘာသာရေးအဖွဲ့အစည်း တစ်ခုထဲဝင်ဖို့ တွန့်ဆုတ်နေနိုင်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်ဟာ မိမိရဲ့ရည်ရွယ်ချက်ကို ဖော်ဆောင်ဖို့ မိမိရဲ့အဖွဲ့အစည်းကို အမြဲ အသုံးပြုခဲ့တယ်ဆိုပြီး ကျမ်းစာက ဖော်ပြပါတယ်။ ဘုရားသခင်ဟာ မိမိကိုဝတ်ပြုကိုးကွယ်တဲ့ ရှေးခေတ်အစ္စရေးလူမျိုးအပြင် အစောပိုင်းခရစ်ယာန်တွေကိုလည်း စနစ်တကျ ဖွဲ့စည်းပေးခဲ့တယ်။

ဒါကြောင့် ဘုရားသခင်ဟာ အတိတ်ကအတိုင်း မိမိကိုဝတ်ပြုကိုးကွယ်သူတွေကို လမ်းညွှန်နေတုန်းပဲလို့ ကောက်ချက်ချတာက ယုတ္တိရှိတယ်။ ဘုရားသခင်ကို စနစ်တကျနဲ့ စည်းလုံးစွာ ဝတ်ပြုကိုးကွယ်သူတွေ ရှိနေတာက သူတို့ကို ကိုယ်တော် မေတ္တာနဲ့ဂရုစိုက်နေတယ်ဆိုတဲ့ ဖော်ပြချက်ပါပဲ။ ကနေ့လည်း ဘုရားသခင်ဟာ မိမိရဲ့အဖွဲ့အစည်းကို အသုံးပြုပြီး လူသားတွေနဲ့ပတ်သက်တဲ့ မိမိရဲ့ရည်ရွယ်ချက်ကို ပြီးမြောက်အောင် ဆောင်ရွက်နေပါတယ်။ ဘုရားသခင်ရဲ့အဖွဲ့အစည်းကို ဘယ်လိုခွဲခြားသိမြင်နိုင်မလဲ။ အောက်မှာဖော်ပြထားတဲ့ အချက်တွေကို သုံးသပ်ကြည့်ရအောင်။

လုပ်ငန်းတစ်ခုကို ပြီးမြောက်စေဖို့ ခရစ်ယာန်စစ်တွေကို စနစ်တကျ ဖွဲ့စည်းထားတယ်။ (မဿဲ ၂၄:၁၄; ၁ တိမောသေ ၂:၃၊ ၄) လူမျိုးအပေါင်းကို ဘုရားသခင့်နိုင်ငံတော် သတင်းကောင်း ဟောပြောဖို့ နောက်လိုက်တွေကို ယေရှု မိန့်မှာခဲ့တယ်။ အဲလိုဟောပြောနိုင်ဖို့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတစ်ခု မရှိဘဲနဲ့ ပြီးမြောက်နိုင်မှာ မဟုတ်ဘူး။ ဒါကို ဥပမာပြရမယ်ဆိုရင် လူတစ်ယောက်ကို သင်တစ်ဦးတည်းနဲ့ အေးအေးဆေးဆေး ဧည့်ခံကျွေးမွေးနိုင်ပါတယ်။ ဒါပေမဲ့ လူထောင်ပေါင်းများစွာမက သန်းနဲ့ချီတဲ့သူတွေကို ဧည့်ခံကျွေးမွေးဖို့ဆိုရင်တော့ အချိတ်အဆက်မိမိ လုပ်ဆောင်နိုင်စွမ်းရှိပြီး စနစ်တကျဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ သင် လိုအပ်မှာဖြစ်တယ်။ အဲဒီလိုပါပဲ ဟောပြောခြင်းလုပ်ငန်း ပြီးမြောက်နိုင်ဖို့ ခရစ်ယာန်စစ်တွေဟာ ‘ဘုရားသခင်၏အမှုတော်ကို ပခုံးချင်းယှဉ်’ ပြီးထမ်းဆောင်နေကြပါတယ်။ (ဇေဖနိ ၃:၉ကဘ) စနစ်တကျ ဖွဲ့စည်းထားပြီး ဟန်ချက်ညီညီ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတစ်ခုမရှိရင် လူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံ၊ အမျိုးအနွယ်ပေါင်းစုံကို ဟောပြောဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ ဖြစ်နိုင်မှာ မဟုတ်ဘူးဆိုတာ ရှင်းပါတယ်။

တစ်ယောက်ကိုတစ်ယောက် အားပေးထောက်မဖို့ ခရစ်ယာန်စစ်တွေကို စနစ်တကျ ဖွဲ့စည်းထားတယ်။ တောင်တက်သမားတစ်ဦးဟာ သူတက်ချင်တဲ့တောင်ကို တက်နိုင်တဲ့အပြင် အတွေ့အကြုံမရှိတဲ့ တခြားတောင်တက်သမားတွေကိုလည်း ဂရုစိုက်ပေးစရာ မလိုပါဘူး။ ဒါပေမဲ့ သူဟာ မတော်တဆ ထိခိုက်ဒဏ်ရာရမယ် ဒါမှမဟုတ် အခက်အခဲကြုံနေရမယ်ဆိုရင် ကူညီပေးမယ့်သူမရှိတဲ့အတွက် အသက်အန္တရာယ် ကြုံရနိုင်တယ်။ တစ်ယောက်တည်း တသီးတခြားရှိနေတာက တကယ်ပဲ ပညာမဲ့ရာကျပါတယ်။ (သု. ၁၈:၁) ယေရှုပေးအပ်ထားတဲ့ တာဝန်ကို ဆောင်ရွက်ဖို့အတွက် ခရစ်ယာန်တွေဟာ တစ်ယောက်ကိုတစ်ယောက် ကူညီထောက်မရမှာဖြစ်တယ်။ (မဿဲ ၂၈:၁၉၊ ၂၀) ခရစ်ယာန်အားလုံး လက်မလျှော့ဘဲ ဆက်လုပ်ဆောင်သွားနိုင်ဖို့ အသင်းတော်ကနေ လိုအပ်ချက်နဲ့အညီ ကျမ်းစာသွန်သင်ချက်တွေ၊ လေ့ကျင့်မှုတွေနဲ့ အားပေးမှုတွေ ရရှိနေပါတယ်။ လမ်းညွှန်ချက်ရဖို့နဲ့ ဝတ်ပြုကိုးကွယ်ဖို့ စနစ်တကျ ဖွဲ့စည်းထားတဲ့ ခရစ်ယာန်အစည်းအဝေးတွေ မရှိဘူးဆိုရင် ယေဟောဝါဘုရားသခင်ရဲ့ နည်းလမ်းတော်နဲ့အညီ သွန်သင်ခံရဖို့ ဘယ်နေရာကိုသွားရမှာလဲ။—ဟေဗြဲ ၁၀:၂၄၊ ၂၅

ဘုရားသခင်ရဲ့အမှုတော်ကို စည်းစည်းလုံးလုံး ထမ်းဆောင်ဖို့ ခရစ်ယာန်စစ်တွေကို စနစ်တကျ ဖွဲ့စည်းထားတယ်။ ယေရှုရဲ့သိုးတွေ (နောက်လိုက်တွေ) ဟာ ကိုယ်တော့်စကားသံကို နားထောင်ကြတဲ့အတွက် ကိုယ်တော်ရဲ့ ဦးဆောင်မှုအောက်မှာရှိတဲ့ “သိုးအုပ်တစ်အုပ်” ဖြစ်လာတယ်။ (ယောဟန် ၁၀:၁၆) သူတို့ဟာ သီးခြားဖြစ်နေတဲ့ ချာ့ခ်ျတွေနဲ့အုပ်စုတွေကြားမှာ ဟိုရောက်ဒီရောက် ရောက်နေကြတာ မဟုတ်ပါဘူး။ အယူဝါဒတွေနဲ့ပတ်သက်ရင်လည်း စိတ်ဝမ်းမကွဲကြပါဘူး။ အဲဒီအစား သူတို့အားလုံး “တစ်စိတ်တစ်သဘောတည်း ပြောဆို” ကြတယ်။ (၁ ကောရိန္သု ၁:၁၀) ကျွန်ုပ်တို့ စည်းလုံးညီညွတ်စွာ နေထိုင်နိုင်ဖို့ဆိုရင် စည်းစနစ်ကျနမှု လိုအပ်တယ်။ စည်းစနစ်ကျနဖို့ဆိုရင် အဖွဲ့အစည်းလိုအပ်တယ်။ စည်းလုံးညီညွတ်တဲ့ ညီအစ်ကိုအသင်းအပင်းတစ်ခုပဲ ဘုရားသခင်ရဲ့မျက်နှာသာတော် ရရှိနိုင်ပါတယ်။—ဆာလံ ၁၃၃:၁၊

ဘုရားသခင်နဲ့ ကျမ်းစာအမှန်တရားတွေကို အမှန်တကယ် ချစ်မြတ်နိုးတဲ့ လူသန်းပေါင်းများစွာဟာ အပေါ်မှာ ဖော်ပြထားတဲ့ အချက်တွေအပြင် ကျမ်းစာဆိုင်ရာ တခြားအချက်တွေနဲ့ ကိုက်ညီတဲ့ အဖွဲ့အစည်းထဲ ဝင်ရောက်လာခဲ့ကြပါတယ်။ စနစ်တကျ ဖွဲ့စည်းထားပြီး စည်းလုံးညီညွတ်တဲ့ အုပ်စုတစ်စုအနေနဲ့ ယေဟောဝါသက်သေတွေဟာ ဘုရားသခင်ရဲ့အလိုတော်ကို ကမ္ဘာချီ ထမ်းဆောင်နေကြတယ်။ “ငါသည် သူတို့အလယ်၌ စံမြန်း၍ သူတို့အလယ်တွင် လျှောက်လှမ်းမည်။ ငါသည် သူတို့၏ဘုရားသခင်ဖြစ်၍ သူတို့သည်လည်း ငါ၏လူ ဖြစ်ကြလိမ့်မည်” ဆိုတဲ့ ဘုရားသခင်ရဲ့ကတိတော်ကို သူတို့ ယုံကြည်စိတ်ချကြတယ်။ (၂ ကောရိန္သု ၆:၁၆) ဘုရားသခင်ရဲ့ အဖွဲ့အစည်းနဲ့ပူးပေါင်းပြီး ကိုယ်တော်ကို ဝတ်ပြုကိုးကွယ်မယ်ဆိုရင် အဲဒီကျမ်းချက်ပါ ကတိတော်ကို သင်လည်းပဲ ယုံကြည်စိတ်ချနိုင်ပါတယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာအပေါ် ထိုးထွင်းအမြင်၊ အတွဲ ၂၊ စာမျက်နှာ ၂၁၄-၂၂၀ [အင်္ဂလိပ်] မှာကြည့်နိုင်ပါတယ်။

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ရှေးခေတ်အစ္စရေးလူမျိုးရဲ့ တပ်စခန်းကို ကောင်းစွာ ဖွဲ့စည်းထား

[စာမျက်နှာ ၁၄၊ ၁၅ ပါ ရုပ်ပုံများ]

အပြည်ပြည်ဆိုင်ရာ ဟောပြောခြင်းလုပ်ငန်းကို လုပ်ဆောင်ဖို့အတွက် စည်းစနစ်ကျတဲ့ အဖွဲ့အစည်းလိုအပ်

တစ်အိမ်မှတစ်အိမ် ဟောပြောနေ

ကယ်ဆယ်ရေးလုပ်ငန်း

စည်းဝေးပွဲများ

ဝတ်ပြုရာခန်းမတွေကို ဆောက်လုပ်နေ