မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်

သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်

သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်

ငယ်ငယ်လေးကတည်းက ဘာသာတရားကိုင်းရှိုင်းတဲ့ မိသားစုမှာ ကြီးလာပေမဲ့ လမ်းမှားရောက်ခဲ့တဲ့ အမျိုးသမီးငယ်တစ်ဦးကို လမ်းမှန်ပေါ်ပြန်ရောက်အောင် ဘာက လှုံ့ဆော်ပေးခဲ့သလဲ။ သူ့အကြောင်းကို ဖတ်ကြည့်ကြရအောင်။

“အခုမှပဲ ကျွန်မဘဝက အဓိပ္ပာယ်ရှိလာပြီ။”—လီဆာ အဲန်ဒရေး

မွေးဖွားတဲ့နှစ်– ၁၉၈၆

နေရင်းနိုင်ငံ– လပ်စ်ဇမ်းဘတ်ခ်

နောက်ခံ– လမ်းမှားရောက်ခဲ့သူ

အတိတ်- လပ်စ်ဇမ်းဘတ်ခ်မြို့ကြီးရဲ့ အနားမှာရှိပြီး သန့်ရှင်းလုံခြုံတဲ့ လူစည်ကားရာမြို့ငယ်လေး ဘာထရော့ရှ်မှာ ကျွန်မ ကြီးပြင်းလာတယ်။ သားသမီးငါးယောက်ထဲမှာ ကျွန်မက အငယ်ဆုံးပေါ့။ ကျွန်မရဲ့ မိဘတွေက ယေဟောဝါသက်သေ ခရစ်ယာန်တွေပါ။ ကျွန်မတို့မောင်နှမ ငါးယောက်ကို ခရစ်ယာန်စံနှုန်းတွေ သိရှိလာအောင် ကြိုးစားသင်ပေးခဲ့ပါတယ်။

ကျွန်မ ဆယ်ကျော်သက်အရွယ်ရောက်တော့ ယေဟောဝါသက်သေတွေရဲ့ သွန်သင်ချက်တွေကို စပြီး သံသယဝင်လာမိတယ်။ အစပိုင်းမှာ အဲဒီသံသယတွေကို လျစ်လျူရှုခဲ့ပေမဲ့ ကျွန်မရဲ့ယုံကြည်ခြင်းက အားနည်းသည်ထက် အားနည်းလာတယ်။ မိဘတွေက ကျွန်မကို လမ်းမှန်ရောက်အောင် အစွမ်းကုန် ကူညီပေးခဲ့ပေမဲ့ ကျွန်မ လက်မခံခဲ့ဘူး။ သူတို့မသိအောင် အခွင့်အာဏာကို လေးစားမှုမရှိတဲ့ လူငယ်တွေနဲ့ ပေါင်းခဲ့တယ်။ လွတ်လပ်ပုံပေါက်နေတဲ့ သူတို့ရဲ့ ဘဝပုံစံကို ကျွန်မ အားကျတယ်။ ပါတီပွဲတွေ တက်၊ တွေ့ကရာလူနဲ့ အိပ်၊ မူးယစ်ဆေးဝါးတွေသုံး၊ အရက်သေစာတွေ သောက်စားခဲ့တယ်။ အရမ်းကို ပျော်ရွှင်နေပုံရတဲ့ လူတွေနဲ့ ပေါင်းသင်းရတာကို အစပိုင်းမှာ ကျေနပ်မိတယ်။

တကယ်တမ်းကျတော့ ကျွန်မမှာ စစ်မှန်တဲ့ ပျော်ရွှင်မှုမရှိခဲ့ပါဘူး။ အဲလိုလူတွေနဲ့ပေါင်းသင်းရတဲ့ဘဝက အဓိပ္ပာယ်ရှိတယ်လို့ မခံစားခဲ့ရဘူး။ သူတို့ဟာ အရေးကြီးတဲ့အရာတွေကို အလေးအနက်ထားပြီး မစဉ်းစားကြဘူး။ ကျွန်မကတော့ လောကမှာ ပျံ့နှံ့နေတဲ့ မတရားမှုတွေနဲ့ တခြားပြဿနာတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်မိတယ်။ အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ ပိုပြီးစိတ်ဓာတ်ကျလာတယ်။

သမ္မာကျမ်းစာက ကျွန်မဘဝကို ပြောင်းလဲပေးခဲ့ပုံ- အသက် ၁၇ နှစ်အရွယ်၊ တစ်ရက်မှာ ကျွန်မ အရမ်းစိတ်ဓာတ်ကျနေတယ်။ ကျွန်မ မပျော်မရွှင်ဖြစ်နေတာကို သတိပြုမိတဲ့ အမေက ကျမ်းစာပြန်လေ့လာပါလားလို့ ပြောတယ်။ ကျမ်းစာသွန်သင်ချက်တွေကို ဆန်းစစ်လေ့လာပြီး သိရှိလာရာတွေနဲ့အညီ နေထိုင်မယ်၊ မနေထိုင်ဘူးဆိုတာ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ဖို့ အမေက အားပေးတယ်။ ဒီလို ပွင့်ပွင့်လင်းလင်းနဲ့ လေးလေးနက်နက် ပြောဆိုလိုက်တဲ့အတွက် ကျွန်မဘဝ အလှည့်အပြောင်းဖြစ်သွားတယ်။ ဒါနဲ့ ကျွန်မအစ်မကြီး ကယ်ရိုလိုင်း၊ သူ့ခင်ပွန်း အာခိဖ်နဲ့ ကျမ်းစာလေ့လာဖို့ သဘောတူလိုက်တယ်။ သူ့ခင်ပွန်းက ယေဟောဝါသက်သေတစ်ယောက်အနေနဲ့ ကြီးပြင်းလာတာမဟုတ်ဘဲ အရွယ်ရောက်မှ ဖြစ်လာတဲ့သူပါ။ အာခိဖ်ရဲ့ နောက်ခံကြောင့် သူနဲ့ ပွင့်ပွင့်လင်းလင်း စကားပြောလို့ရတယ်လို့ ကျွန်မခံစားရတယ်။ အဲဒါက ကျွန်မအတွက် အရေးကြီးတယ်။

ကျွန်မရဲ့ဘဝပုံစံက ယေဟောဝါသက်သေတစ်ယောက်နဲ့ မအပ်စပ်ဘူးဆိုတာ သိထားပေမဲ့ ကျွန်မ ဘာပဲ လုပ်ခဲ့လုပ်ခဲ့ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်တယ်လို့ အစပိုင်းမှာ ထင်ခဲ့တာ။ ဒါပေမဲ့ ကျွန်မရဲ့ ပြုမူကျင့်ကြံပုံက ယေဟောဝါဘုရားသခင်ကို ပျော်ရွှင်စေနိုင်သလို ဝမ်းနည်းစေနိုင်တယ်ဆိုတာကို ကျမ်းစာလေ့လာရင်းနဲ့ သဘောပေါက်လာတယ်။ (ဆာလံ ၇၈:၄၀၊ ၄၁; သု. ၂၇:၁၁) တခြားသူတွေကိုလည်း အဲဒီအတိုင်း ခံစားရစေတယ်ဆိုတာကိုပါ သိမြင်လာတယ်။

ကျမ်းစာကို ဆက်လေ့လာတဲ့အခါ ကျမ်းစာက ဘုရားသခင်ရဲ့ နှုတ်ထွက်စကားဖြစ်တယ်ဆိုတာကို ယုံကြည်စေဖို့ ယုတ္တိရှိပြီး ခိုင်လုံတဲ့အကြောင်းရင်းတွေ ရှိတယ်ဆိုတာ တွေ့လာရတယ်။ ဥပမာ၊ ကျမ်းစာကြိုဟောချက်တွေက အံ့ဩစရာကောင်းလောက်အောင် တိကျမှန်ကန်ပြီး ပြည့်စုံခဲ့တယ်ဆိုတာကို သိလာရတယ်။ အဲဒီကျမ်းစာအသိပညာတွေက ကျွန်မမှာရှိခဲ့တဲ့ သံသယတွေကို ဖယ်ရှားပေးခဲ့တယ်။

ကျမ်းစာကိုစလေ့လာပြီး တစ်နှစ်လောက်အကြာမှာ မိဘတွေနဲ့အတူ ကျွန်မအစ်ကိုရှိရာ ဂျာမနီနိုင်ငံကို သွားလည်ပတ်တယ်။ သူက အဲဒီနိုင်ငံမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးမှာ စေတနာ့ဝန်ထမ်းအဖြစ် အမှုဆောင်နေတယ်။ အစ်ကို ပျော်နေတာကို တွေ့လိုက်ရတော့ ကျွန်မ စိတ်ထိမိသွားတယ်။ ကျွန်မ ရှာဖွေနေတာ အဲဒီလိုပျော်ရွှင်မှုမျိုးပဲ။ အဲဒီမှာအမှုဆောင်နေတဲ့ တခြားယေဟောဝါသက်သေတွေကိုလည်း အထင်ကြီးသွားတယ်။ သူတို့တွေဟာ ကျွန်မရဲ့ အပေါင်းအသင်းဟောင်းတွေလို မရိုးသားတဲ့သူတွေ၊ အပျော်အပါးလိုက်စားတဲ့သူတွေ မဟုတ်ဘူး။ မကြာခင်မှာပဲ ဘုရားသခင်ဆီ ကျွန်မ လှိုက်လှိုက်လှဲလှဲ ဆုတောင်းလိုက်တယ်။ ကျွန်မရဲ့ ကျန်ရှိတဲ့အသက်တာမှာ ဘုရားသခင်ရဲ့အမှုကို ဆောင်ပါ့မယ်ဆိုပြီး ကတိပြုလိုက်တယ်။ အသက် ၁၉ နှစ်မှာ ဘုရားသခင်ဆီ အပ်နှံတဲ့အနေနဲ့ နှစ်ခြင်းခံလိုက်တယ်။

အကျိုးကျေးဇူးရရှိခဲ့ပုံ- အခုမှပဲ ကျွန်မရဲ့ဘဝက အဓိပ္ပာယ်ရှိသွားတယ်။ ကျမ်းစာ၊ ယေဟောဝါဘုရားသခင်၊ အနာဂတ်နဲ့ပတ်သက်တဲ့ ဘုရားသခင့်ကတိတွေအကြောင်း တခြားသူတွေကို သင်ပေးရလို့ ပျော်ရွှင်တယ်။ ကျွန်မရဲ့မိသားစုလည်း ပျော်ရွှင်လာပါပြီ။ ကျွန်မအတွက် စိတ်ပူစရာမလိုတော့ဘူး။

ကျွန်မရဲ့ အတိတ်က အမှားတွေကို သိထားပေမဲ့ အဲဒါတွေကို တနုံ့နုံ့ ပြန်စဉ်းစားမနေဘူး။ ကျွန်မကို ယေဟောဝါဘုရားသခင် ခွင့်လွှတ်ပြီး မေတ္တာနဲ့ စိတ်ဝင်စားမှုပြနေတာကိုပဲ အာရုံစိုက်လိုက်တယ်။ ‘ထာဝရဘုရားသခင်၏ ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း ဝမ်းနည်းခြင်းအကြောင်းကို ရောနှောတော်မမူ’ ဆိုတဲ့ ကျမ်းစကားကို ကျွန်မ အကြွင်းမဲ့လက်ခံပါတယ်။—သု. ၁၀:၂၂

[စာမျက်နှာ ၁၂ ပါ အကျဉ်းဖော်ပြချက်]

“ပါတီပွဲတွေ တက်၊ တွေ့ကရာလူနဲ့ အိပ်၊ မူးယစ်ဆေးဝါးတွေသုံး၊ အရက်သေစာတွေ သောက်စားခဲ့”

[စာမျက်နှာ ၁၃ ပါ အကျဉ်းဖော်ပြချက်]

“အတိတ်က အမှားတွေကို သိထားပေမဲ့ အဲဒါတွေကို တနုံ့နုံ့ ပြန်စဉ်းစား မနေဘူး”