မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမှန်တရားဘက်မှ ကာကွယ်ပြောဆိုသူများ

အမှန်တရားဘက်မှ ကာကွယ်ပြောဆိုသူများ

၁၃၂ ကြိမ်မြောက် ဂိလဒ်သင်တန်းဆင်းပွဲ

အမှန်တရားဘက်မှ ကာကွယ်ပြောဆိုသူများ

နယူးယောက်မြို့၊ ပက်တာစင်မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ပညာပေးဌာနမှာ အထူးအစီအစဉ်တစ်ခု ရှိခဲ့ပါတယ်။ အဲဒီအစီအစဉ်ကို ၂၀၁၂၊ မတ်လ ၁၀ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်။ ဂိလဒ်ကင်းမျှော်စင် သမ္မာကျမ်းစာကျောင်းရဲ့ ၁၃၂ ကြိမ်မြောက် သင်တန်းဆင်းပွဲကို တက်ရောက်ဖို့ သပ်သပ်ရပ်ရပ် ဝတ်စားထားတဲ့ လူထောင်ပေါင်းများစွာ ရောက်ရှိလို့လာပါတယ်။ သူတို့အထဲမှာ တိုင်းတစ်ပါးဧည့်သည်တွေလည်း ပါတယ်။ ပက်တာစင်မှာရှိတဲ့ ဧည့်ခန်းမဆောင်မှာ ပရိသတ်အတော်များများ ရောက်ရှိနေပါပြီ။ တချို့ကတော့ ဂြိုဟ်တုစနစ်နဲ့ဆက်သွယ်ထားတဲ့ နေရာတွေမှာ ရုပ်မြင်သံကြားဖန်သားပြင်ကနေ အစီအစဉ်ကို ကြည့်ရှုဖို့ စုရုံးခဲ့ကြတယ်။ တက်ရောက်သူ အရေအတွက်က ၉,၀၄၂ ယောက်ပါ။

ပရိသတ်အားလုံးက အစီအစဉ်ကို မျှော်လင့်စောင့်စားနေကြတယ်။ အရင်သင်တန်းဆင်းပွဲတွေမှာ သင်တန်းဆင်းသွားကြသူတွေနဲ့ မတူတာက၊ အခု သင်တန်းသားတွေဟာ အထူးအချိန်ပြည့်လုပ်ငန်း တစ်မျိုးမျိုးဖြစ်တဲ့ ဗေသလအိမ်သား၊ အထူးရှေ့ဆောင်၊ နယ်လှည့်ကြီးကြပ်မှူးနဲ့ ခရစ်ယာန်သာသနာပြုတွေအဖြစ် ပါဝင်ထားကြတဲ့သူတွေ ဖြစ်ပါတယ်။ အတွေ့အကြုံရှိ သင်တန်းသားတွေကို ဘာတွေ ပြောရမလဲ။

အဖြေကိုသိဖို့အတွက် ပရိသတ် ကြာကြာ မစောင့်လိုက်ရပါဘူး။ ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဂဲရစ်တ်လော့ရှ်က အစီအစဉ်သဘာပတိဖြစ်ပြီး အဖွင့်ဟောပြောချက်ပေးသွားပါတယ်။ သူက “သင်ဟာ ကာကွယ်ပြောဆိုသူလား” ဆိုပြီး စဉ်းစားစေတဲ့မေးခွန်း မေးခဲ့တယ်။ ခရစ်ယာန်တွေဟာ အမှန်တရားဘက်ကနေ ကာကွယ်ပြောဆိုသူတွေ ဖြစ်ကြတဲ့အတွက် ခရစ်ယာန်သွန်သင်ချက်အားလုံးကို ကာကွယ်ပြောဆိုရမယ်ဆိုပြီး သူရှင်းပြတယ်။ အမှန်တရားကို စွဲကိုင်ခြင်းမှာ လူတွေကို အမှန်တရားသင်ပေးခြင်းအပြင် အမှန်တရားကို မြတ်နိုးလာအောင် ကူညီပေးခြင်းလည်း ပါဝင်တယ်။

“ကျွန်ုပ်တို့မှာ အမှန်တရားရှိတယ်ဆိုတာကို ဘယ်လိုသိရသလဲ” ဆိုပြီး ညီအစ်ကိုလော့ရှ်က မေးတယ်။ လူအရေအတွက်နဲ့ ဆုံးဖြတ်လို့မရဘူးဆိုပြီး ညီအစ်ကိုက မှတ်ချက်ချတယ်။ ကနေ့အချိန်မှာ စင်ကြယ်တဲ့ဝတ်ပြုရေးကို လူသန်းနဲ့ချီပြီး လက်ခံလာခဲ့ကြပေမဲ့ ခရစ်နှစ် ၃၃ ခု၊ ပင်တေကုတ္တေပွဲနေ့တုန်းက လူအနည်းငယ်ပဲ ရှိခဲ့တယ်။ ညီအစ်ကိုက ကျွန်ုပ်တို့မှာ အမှန်တရားရှိတယ်ဆိုတာကို သိနိုင်တဲ့ နည်းငါးနည်းကို ဖော်ပြခဲ့တယ်။ အဲဒါတွေကတော့ (၁) ယေရှုရဲ့သွန်သင်ချက်ကို ဆက်လိုက်လျှောက်ခြင်း၊ (၂) အချင်းချင်းချစ်ခြင်း၊ (၃) ဘုရားသခင်ရဲ့ မြင့်မားတဲ့ကျင့်ဝတ်စံနှုန်းကို စွဲကိုင်ခြင်း၊ (၄) လောကပဋိပက္ခတွေမှာ ကြားနေခြင်းနဲ့ (၅) ဘုရားသခင့်နာမည်ကို ခံယူထားတဲ့သူတွေဖြစ်ခြင်းတို့ပါပဲ။

“လမ်းညွှန်ချက်ကို နာခံလိုက်လျှောက်ခြင်း”

အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ညီအစ်ကို ဂျက်ဖရီ ဂျက်ဆင်က ခရီးဆောင်လက်ဆွဲအိတ်ကို ကိုင်ပြီး စင်မြင့်ပေါ်တက်လာတဲ့အခါ သူ့ရဲ့ဟောပြောချက်ကို ပရိသတ်က နားစွင့်နေတယ်။ သူ့ရဲ့ဟောပြောချက်ခေါင်းစဉ်က ဟေရှာယ ၅၀:၅ ကိုအခြေခံထားတဲ့ “လမ်းညွှန်ချက်ကို နာခံလိုက်လျှောက်ခြင်း” ပါပဲ။ ယေရှုခရစ်နဲ့ပတ်သက်တဲ့ ကြိုဟောချက်ကို အဲဒီကျမ်းချက်မှာ ဒီလိုဖော်ပြထားတယ်– “ငါလည်း မငြင်းမဆန်၊ နောက်သို့မဆုတ်။”

ယေဟောဝါဘုရားသခင်က မိမိရဲ့သန့်ရှင်းသောစွမ်းအားတော်၊ သမ္မာကျမ်းစာနဲ့ အဖွဲ့အစည်းအားဖြင့် လမ်းညွှန်ချက်ပေးနေတာကို အကင်းပါးပါးနဲ့ တုံ့ပြန်ဖို့ သင်တန်းဆင်းတွေကို ညီအစ်ကိုဂျက်ဆင် တိုက်တွန်းခဲ့တယ်။ မဿဲ ၂၅:၁၄-၃၀ မှာပါတဲ့ တဲလင့်ပုံဥပမာထဲမှာ ကျွန်တွေဟာ သူတို့ရဲ့အရည်အချင်းအလိုက် ငွေတွေ အပ်နှင်းခံရတယ်။ အဲဒီကျွန်တွေဟာ အတတ်နိုင်ဆုံး လုပ်ဆောင်ဖို့ တောင်းဆိုခံခဲ့ရတယ်။ ကျွန်နှစ်ယောက်က “သစ္စာရှိသော ကျွန်ကောင်း” လို့ ချီးမွမ်းခံခဲ့ရတယ်။ သစ္စာရှိမှုက အကျိုးရလဒ်အပေါ်မဟုတ်ဘဲ လမ်းညွှန်ချက်ကို နာခံလိုက်လျှောက်ခြင်းအပေါ်မှာပဲ မူတည်တယ်။

တတိယကျွန်ကတော့ “ဆိုးညစ်ပျင်းရိသောကျွန်” လို့အပြောခံခဲ့ရတယ်။ သူ ဘာကြောင့် အဲဒီလိုအပြောခံခဲ့ရတာလဲ။ သူရထားတဲ့ငွေ တစ်တဲလင့်ကို မြေကြီးထဲမှာ မြုပ်ထားလို့ပါပဲ။ တစ်တဲလင့်ဆိုတာ ငွေဒင်္ဂါးတစ်ပြားကို ပြောတာမဟုတ်ပါဘူး။ အလေးချိန်ယူနစ်တစ်ခုဖြစ်ပြီး ဒေနာရိ (ရောမငွေဒင်္ဂါး) အပြား ၆,၀၀၀ နဲ့ညီမျှတဲ့ အလေးချိန်ဖြစ်တယ်၊ အဲဒီအလေးချိန်က ၄၅ ပေါင် ရှိနိုင်တယ်။ အဲဒါက နိုင်ငံတကာ ခရီးသွားနေတဲ့ လူတစ်ယောက် ခရီးဆောင်အိတ်ထဲမှာ သယ်ဆောင်ခွင့်ရှိတဲ့ ပစ္စည်းရဲ့ အလေးချိန်လောက်ရှိတယ်။ ခရီးဆောင်အိတ် အရွယ်အစားရှိတဲ့ အရာတစ်ခုခုကို မြေကြီးထဲ မြှုပ်လိုက်ဖို့ဆိုတာ အားစိုက်ထုတ်ရမှာဖြစ်တယ်။ ဒါကြောင့် တတိယကျွန်လည်း တစ်ခုခုတော့ လုပ်ခဲ့တယ်။ သူလုပ်ခဲ့တာက သူရထားတဲ့ တဲလင့်ကို မြေကြီးထဲ မြှုပ်လိုက်တာပါပဲ။ ဒါပေမဲ့ သူ့ကို ညွှန်ကြားထားတဲ့အတိုင်း လုပ်ခဲ့တာမဟုတ်ပါဘူး။ အလားတူပါပဲ၊ ခရစ်ယာန်သာသနာပြုတစ်ယောက်ဟာ အလုပ်များနေနိုင်တယ်။ ဒါပေမဲ့ ဘယ်အရာတွေနဲ့ အလုပ်များနေသလဲ။ မိတ်ဆွေတွေဆီ စာရေးတာ၊ အင်တာနက်မှာ ရောက်တတ်ရာရာ လျှောက်ကြည့်နေတာ၊ မိတ်ဆုံပေါင်းသင်းနေတာ၊ စီးပွားရေး လုပ်ငန်းဆောင်တာတွေနဲ့ အလုပ်များနေသလား။ အဲဒီလိုလုပ်နေတဲ့သူဟာ တစ်နေလည်းကုန်ရော ပင်ပန်းနွမ်းလျနေပေမဲ့ သူက ညွှန်ကြားထားတာတွေကို မလုပ်ဆောင်ခဲ့ဘူး။ ညီအစ်ကိုဂျက်ဆင်က “လမ်းညွှန်ချက်ကို အမြဲ နာခံလိုက်လျှောက်ပါ” လို့ပြောပြီး နိဂုံးချုပ်လိုက်ပါတယ်။

“ယေဟောဝါဘုရားသခင်ကို ဘယ်တော့မှ သံသယမဖြစ်ပါနဲ့”

ဒါက အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို အန်တိုနီ မောရစ္စရဲ့ ဟောပြောချက်ခေါင်းစဉ်ပါ။ “သမ္မာကျမ်းစာထဲမှာ ယုံကြည်ခြင်းနဲ့ သံသယဖြစ်ခြင်းကို တွဲပြီး ဖော်ပြတာမျိုး မရှိဘူး။ ယုံကြည်ခြင်းက သံသယတွေကို ဖယ်ရှားပစ်တယ်” လို့ညီအစ်ကိုက ပြောပါတယ်။ စာတန်ဟာ စုံလင်တဲ့အမျိုးသမီး ဧဝရဲ့စိတ်ထဲမှာ သံသယမျိုးစေ့တွေ အောင်မြင်စွာ ချနိုင်ခဲ့တယ်။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့စိတ်ထဲမှာလည်း သံသယမျိုးစေ့တွေ သူချနိုင်တယ်။ “သင့်ယုံကြည်ခြင်းကိုပဲ အားဖြည့်ကျွေးမွေးနေမယ်ဆိုရင် သံသယစိတ်တွေက ငတ်ပြတ်ပြီး နောက်ဆုံး ပျောက်ကွယ်သွားလိမ့်မယ်” လို့ ညီအစ်ကိုမောရစ္စက ပြောသွားတယ်။ “ရေပေါ်မှာ လျှောက်သွား” ပေမဲ့ “လေပြင်းမုန်တိုင်း တိုက်သည်ကို မြင်လျှင် ကြောက်၍ နစ်မြုပ်စပြု” ခဲ့တဲ့ ပေတရုရဲ့အကြောင်းကို ညီအစ်ကိုက ပြောပြတယ်။ ပေတရုကို ယေရှု လှမ်းဆွဲလိုက်ပြီး “အဘယ်ကြောင့် ယုံမှားသံသယစိတ်ဝင်သနည်း” လို့ မေးလိုက်တယ်။ (မဿဲ ၁၄:၂၉-၃၁) “အချိန်ပြည့်လုပ်ငန်းမှာ အသင်ခရစ်ယာန်သာသနာပြုတွေ အလုပ်များနေသရွေ့ တခြားသူတွေက သင်တို့ရဲ့လုပ်ဆောင်မှုတွေကို စွဲမှတ်သွားနိုင်တယ်။ ရေပေါ်မှာ လမ်းလျှောက်နေသလို အံ့ဖွယ်အမှုပြုလုပ်နိုင်သူလို့ သင်တို့ကို မြင်ကြပါလိမ့်မယ်။ ဒါပေမဲ့ မုန်တိုင်းလို အခက်အခဲတွေ ကြုံရတဲ့အခါ ယုံမှားသံသယစိတ် မဝင်ပါနဲ့။”

မုန်တိုင်းလို ခက်ခဲတဲ့အချိန်ကို ဖြတ်သန်းတာ လွယ်ကူမှာမဟုတ်ပေမဲ့ မုန်တိုင်းက တဖြည်းဖြည်း စဲသွားပါလိမ့်မယ်လို့ ညီအစ်ကိုက ဆက်ပြောပြပါတယ်။ ပြီးတော့ ခဲယဉ်းကျပ်တည်းတဲ့ အချိန်ကာလနဲ့ပတ်သက်ပြီး ဖိလိပ္ပိမြို့မှာ အကျဉ်းချခံရတုန်းက ပေါလုနဲ့သိလတို့ လုပ်ခဲ့တဲ့အရာကို သုံးသပ်ဖို့ သင်တန်းဆင်းတွေကို တိုက်တွန်းလိုက်တယ်။ အဲဒီအကြောင်းကို တမန်တော် ၁၆:၂၅ မှာ ဒီလိုဖတ်ရပါတယ်– ‘သန်းခေါင်အချိန်ခန့်၌ ပေါလုနှင့်သိလတို့သည် ဆုတောင်း၍ ဘုရားသခင်ကို ချီးမွမ်းလျက် သီချင်းဆိုလေ၏။ အကျဉ်းသားများသည်လည်း နားထောင်လျက်နေကြ၏။’ ပေါလုနဲ့သိလတို့ဟာ ဆုပဲတောင်းနေတာမဟုတ်ဘဲ သီချင်းပါဆိုခဲ့ကြတယ်။ သူတို့ဟာ တခြားအကျဉ်းသားတွေ ကြားနိုင်တဲ့အထိ အသံကျယ်ကျယ်နဲ့ သီချင်းဆိုနေခဲ့ကြတာဖြစ်တယ်။ ကျွန်ုပ်တို့အများစုဟာ အသံကောင်းအောင် လေ့ကျင့်ထားတဲ့သူတွေ မဟုတ်ကြပေမဲ့လည်း သီချင်းဆိုဖို့ မရှက်သင့်ဘူး၊ အထူးသဖြင့် အကျပ်အတည်းကာလကို ဖြတ်သန်းတဲ့အခါမျိုးမှာဖြစ်တယ်လို့ ညီအစ်ကိုမောရစ်က ပြောတယ်။ ညီအစ်ကိုမောရစ္စဟာ ယေဟောဝါအား တေးသီကျူးကြ သီချင်းစာအုပ်ထဲက “အဆုံးအထိ ခံရပ်နေပါ” ဆိုတဲ့ သီချင်းနံပါတ် ၁၃၅ ပါ စာသားတွေကို ဖတ်ပြရင်း သူ့ရဲ့ဟောပြောချက်ကို နိဂုံးချုပ်လိုက်ပါတယ်။

အားပေးမှုဖြစ်စေတဲ့ ဟောပြောချက်တချို့

“ကောင်းမွန်တဲ့နေ့ရက်တွေကို သင် တွေ့မြင်ချင်ပါသလား” ဆိုတဲ့ ဟောပြောချက်ကို အဝယ်တော်ဌာနက ညီအစ်ကို ရောဘတ် လူစယိုနီက တင်ဆက်သွားပါတယ်။ အဓိကအကြောင်းကို ဆာလံ ၃၄:၁၂ က ဆာလံဆရာဒါဝိဒ်ရဲ့စကားကနေ ကောက်နုတ်ထားတာဖြစ်ပါတယ်။ ခဲယဉ်းကျပ်တည်းတဲ့ အချိန်တွေကို ကိုင်တွယ်ဖြေရှင်းပြီး ယေဟောဝါဘုရားသခင်နဲ့ရင်းနှီးမှုကို ဆက်ထိန်းထားနိုင်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတာကို ညီအစ်ကို လူစယိုနီရဲ့ ဟောပြောချက်မှာ သုံးသပ်ထားပါတယ်။ ၁ ဓမ္မရာဇဝင် အခန်းကြီး ၃၀ ကမှတ်တမ်းကနေ သင်ယူနိုင်စရာတွေ အများကြီးရှိနေပါတယ်။ ဒါဝိဒ်နဲ့သူ့လူတွေ၊ သူတို့ရဲ့သားမယားတွေဟာ ဘုရင်ရှောလုရန်ကို ကြောက်လို့ ထွက်ပြေးတုန်းက ဇိကလတ်မြို့မှာ နေထိုင်ခဲ့ကြတယ်။ သူတို့ရဲ့သားမယားတွေကို အာမလက်လူဆိုးတွေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့အခါ ဒါဝိဒ်ရဲ့လူတွေက ဒါဝိဒ်ကို အပြစ်တင်ပြီး ခဲနဲ့ပေါက်ဖို့လုပ်ကြတယ်။ ဒါဝိဒ် ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ စိတ်ဓာတ်ကျမယ့်အစား ‘မိမိဘုရားသခင် ယေဟောဝါကို ကိုးစား၍ အားယူ’ ပါတယ်။ (၁ ဓမ္မရာဇဝင် ၃၀:၆သမ္မာ) သူဟာ ယေဟောဝါဘုရားသခင်ဆီ လမ်းညွှန်မှုတောင်းခံခဲ့တယ်။ အဲဒီနောက် ဘုရားသခင့်လမ်းညွှန်မှုနဲ့အညီ လုပ်ဆောင်ပြီး သားမယားတွေကို ပြန်ကယ်ခဲ့ပါတယ်။ အဲဒီလိုပါပဲ၊ သင်တန်းဆင်းတွေလည်း ယေဟောဝါဘုရားသခင်ကို ယုံကြည်ကိုးစားပြီး ကိုယ်တော့်လမ်းညွှန်ချက်ကို နာခံလိုက်လျှောက်မယ်ဆိုရင် ကောင်းမွန်တဲ့နေ့ရက်တွေကို တွေ့မြင်ရပါလိမ့်မယ်လို့ ဟောပြောသူက အာမခံသွားတယ်။ သင်တန်းဆင်းတွေဟာ မိမိတို့ရရှိထားတဲ့ အခွင့်ထူးမှာ ပျော်မွေ့ရပါလိမ့်မယ်။

“အမှောင်ကိုလွန်၍ အလင်းကိုသာ မျှော်လော့” ဆိုတဲ့ ဟောပြောချက်ကို ဂိလဒ်သင်တန်းပို့ချသူ မိုက်ကယ် ဘားနက်က တင်ဆက်သွားပါတယ်။ အစ္စရေးလူတွေဟာ နေ့တစ်နေ့ကို နေဝင်ချိန်ကနေ နောက်တစ်နေ့ နေထွက်ချိန်အထိ သတ်မှတ်တယ်၊ ပြီးတော့ ကင်းစောင့်ချိန်ကိုလည်း လေးနာရီစီ သုံးပိုင်း,ပိုင်းထားတယ်။ မနက် ၂ နာရီကနေ ၆ နာရီအထိဖြစ်တဲ့ နောက်ဆုံးကင်းစောင့်ချိန်ဟာ အမှောင်ဆုံးနဲ့ အအေးဆုံးအချိန်ဖြစ်တဲ့အပြင် နိုးနိုးကြားကြားရှိဖို့ အခက်ဆုံးအချိန်လည်း ဖြစ်တယ်။ ဆာလံဆရာဟာ နောက်ဆုံးကင်းစောင့်ချိန်အတွင်းမှာ မအိပ်ငိုက်မိအောင် ယေဟောဝါဘုရားသခင်ရဲ့ စကားတွေကို ဆင်ခြင်ခဲ့တယ်။ (ဆာလံ ၁၁၉:၁၄၈) သင်တန်းဆင်းတွေအနေနဲ့ “နိုးနိုးကြားကြား ရှိဖို့လိုအပ်တယ်။ မေတ္တာခေါင်းပါးတဲ့လောကမှာ စိတ်ဓာတ်ကျစရာအချိန်တွေ၊ အခက်အခဲတွေ ကြုံရပါလိမ့်မယ်။ ဒါကြောင့် ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်” ဆိုပြီး ညီအစ်ကိုဘားနက်က ပြောသွားတယ်။ အဲဒီနောက် သင်တန်းဆင်းတွေအနေနဲ့ ဝတ်ပြုရေးမှာ နိုးနိုးကြားကြား ဆက်ရှိနေနိုင်အောင် နက်နဲတဲ့ ကျမ်းစာဆိုင်ရာအကြောင်းအရာတွေကို ဆက်လေ့လာနေသင့်တယ်လို့လည်း သတိပေးသွားပါတယ်။ “သင်တို့ဟာ ယေဟောဝါဘုရားသခင်နဲ့ မိတ်ဆွေဖြစ်ချင်တဲ့အတွက် ကိုယ်တော်ဆီ နေ့တိုင်း ဆုတောင်းကြတယ်။ ဒါကြောင့် သင်တို့ရဲ့မိတ်ဆွေဖြစ်တဲ့ ယေဟောဝါဘုရားသခင်ကိုလည်း သမ္မာကျမ်းစာကနေတစ်ဆင့် သင်တို့နဲ့ နေ့တိုင်းစကားပြောခွင့်ပေးပါ။ ညအချိန်က တရွေ့ရွေ့ ကုန်ဆုံးလုနီးနေပြီဖြစ်သလို ခဲယဉ်းကျပ်တည်းတဲ့ ကာလကလည်း မကြာခင် ကုန်ဆုံးတော့မှာဖြစ်တယ်။ ဒါကြောင့် ကိုယ့်ရဲ့ကျန်ရှိတဲ့ အသက်တာကို ဘယ်လိုအသုံးပြုမလဲဆိုတာ ကြိုတင်စီစဉ်ထားပါ။ အဲဒီလိုဆိုရင် သင်တို့ဟာ အမှောင်ကိုလွန်ပြီး အလင်းကို စောင့်မျှော်နေရာကျပါလိမ့်မယ်။”

၁ ပေတရု ၅:၁၀ ကိုအခြေခံထားတဲ့ “အနာဂတ်လုပ်ငန်းအတွက် လေ့ကျင့်ခံထားရ” ဆိုတဲ့ ဟောပြောချက်ကို ဂိလဒ်သင်တန်းပို့ချသူ ညီအစ်ကို မာ့ခ်နူမာက တင်ဆက်သွားပါတယ်။ သူက သင်တန်းဆင်းတွေကို ဒီလိုပြောပြီး မေးခဲ့တယ်– “သင်တို့ဟာ အတွေ့အကြုံရှိတဲ့ အချိန်ပြည့်အမှုဆောင်တွေ ဖြစ်တဲ့အတွက် ကင်းမျှော်စင်ပညာပေးဌာနက ဘာကြောင့် သင်တို့ကို ဖိတ်ခေါ်ရတာလဲ။” အဖြေကတော့ “သင်တို့ဟာ အမှုဆောင်ခြင်းလုပ်ငန်းမှာ လုပ်သက်ရင့်ပြီး ကျွမ်းကျင်နေလို့ပါပဲ။ ကျွမ်းကျင်တဲ့ ပညာရှင်အတော်များများက သူတို့ရဲ့အရည်အသွေး ပိုထက်မြက်စေဖို့ အလုပ်ကနေ ခွင့်ယူပြီး သင်တန်းတွေ သွားတက်ကြတယ်။ အနာဂတ်မှာ ကြီးလေးတဲ့တာဝန်တွေကို သင်တို့ ထမ်းဆောင်နိုင်အောင် ယေဟောဝါဘုရားသခင်က သမ္မာကျမ်းစာကို စေ့စေ့စပ်စပ် လေ့လာတဲ့အစီအစဉ်နဲ့ အဖွဲ့အစည်းအားဖြင့် လွန်ခဲ့တဲ့ ငါးလတာအတွင်းမှာ သင်တို့ကို ခိုင်ခံ့မြဲမြံစေခဲ့ပါတယ်။ ခိုင်ခံ့တဲ့သစ်သားတွေဟာ ပဲ့ရွဲ့ပြီး တွန့်လိမ်မနေဘူး၊ ကြွပ်ဆတ်တာမျိုးလည်း မရှိဘူး။ သင်တန်းကနေ အကျိုးရမရဆိုတာကို ညီအစ်ကိုညီအစ်မတွေနဲ့ တွဲအလုပ်လုပ်တဲ့အခါ သိသာထင်ရှားလာပါလိမ့်မယ်။ ဖိစီးမှုတွေကြောင့် ကျမ်းစာမူတွေကို မလိုက်လျှောက်ပဲနေမလား၊ ဒါမှမဟုတ် အဲဒီမူတွေကို စွဲကိုင်လိုက်လျှောက်မလား။ အရာတစ်ခုခုက ခိုင်မာတောင့်တင်းနေမယ်ဆိုရင် ဝန်ကိုထမ်းနိုင်ပါတယ်။ သစ်သားထဲမှာရှိတဲ့ အကြောတွေ ကျစ်လျစ်သိပ်သည်းနေရင် အဲဒီသစ်သားက ခိုင်မာတောင့်တင်းနေတယ်။ အဲဒီလိုပါပဲ၊ သစ်ကြောနဲ့တူတဲ့ သင်တို့ရဲ့ပင်ကိုအရည်အသွေးတွေကို ပေါင်းစပ်ပြီး ကျစ်လျစ်နေစေမယ်ဆိုရင် သင်တို့လည်း ကြံ့ခိုင်သန်စွမ်းနေမှာဖြစ်တယ်။ ယေဟောဝါဘုရားသခင် သင်တို့ကို ဒီနေရာကို ခေါ်လာတာက အနာဂတ်လုပ်ငန်းအတွက် သင်တို့ကို ခိုင်ခံ့မြဲမြံစေပြီး ယုံကြည်အားကိုးရတဲ့သူတွေ ဖြစ်စေဖို့ပါ။ ဘုရားသခင်က သူ့အပိုင်းကို လုပ်ဆောင်ပြီးပါပြီ။ သင်တို့အပိုင်းကို လုပ်ဆောင်ဖို့နဲ့ ‘မဟာသွန်သင်ရှင်’ ရဲ့လေ့ကျင့်ပေးမှုကို အဆုံးထိ ခံယူနိုင်ဖို့ ကျွန်ုပ်တို့ ဆုတောင်းပေးပါတယ်။

တွေ့ကြုံမှုများနဲ့ လူတွေ့မေးမြန်းခန်းများ

ဂိလဒ်သင်တန်းဆင်းပွဲမှာ သင်တန်းသားတွေရဲ့ တွေ့ကြုံမှုတွေကိုကြားရတာ အမြဲ လန်းဆန်းမှုဖြစ်စေပါတယ်။ အခုလည်း အဲဒီအတိုင်းပါပဲ။ အစီအစဉ်ရဲ့ ကဏ္ဍတစ်ခုအနေနဲ့ သင်တန်းဆင်းတွေဟာ မကြာသေးခင်က သူတို့သက်သေခံခဲ့တာကို ပြန်လည်သရုပ်ပြခဲ့ကြတယ်။ ဥပမာ၊ ပြင်သစ်မောင်နှံတစ်စုံဟာ ဂိလဒ်သင်တန်းတက်ဖို့အလာ လေဆိပ်တစ်ခုမှာ ခြောက်နာရီကြာ စောင့်နေခဲ့ရတယ်။ လေဆိပ်က စားသောက်ဆိုင်တစ်ဆိုင်မှာ ရှိနေတုန်း သူတို့လိုပဲ လေယာဉ်စောင့်နေတဲ့ အမျိုးသားနှစ်ယောက်ကို အစပြုပြီး စကားပြောခဲ့တယ်။ အမျိုးသားတစ်ယောက်က မာလာဝီနိုင်ငံကလာတယ်လို့လည်း ပြောရော သူ့ကို အဲဒီဇနီးမောင်နှံက ချီချေဝါစကားနဲ့ ပြောဆိုခဲ့တယ်။ ဒါကို မာလာဝီအမျိုးသားက အံ့ဩသွားပြီး သူ့ရဲ့ဘာသာစကားကို ဘယ်လိုလုပ် ပြောတတ်တာလဲလို့ မေးတယ်။ အဲဒီအခါ ပြင်သစ်ဇနီးမောင်နှံက သူတို့ဟာ မာလာဝီနိုင်ငံမှာ ခရစ်ယာန်သာသနာပြုတွေအဖြစ် အမှုဆောင်ခဲ့ကြတယ်လို့ ရှင်းပြတယ်။ နောက်အမျိုးသားတစ်ယောက်ကလည်း သူက ကင်မရွန်းနိုင်ငံကပါလို့ ပြောပြတဲ့အခါ ပြင်သစ်ဇနီးမောင်နှံက အဲဒီနိုင်ငံ ရုံးသုံးစကားတစ်ခုဖြစ်တဲ့ ပြင်သစ်လို ပြောလိုက်တဲ့အခါ သူ အံ့ဩသွားတယ်။ အမျိုးသားနှစ်ယောက်စလုံး ယေဟောဝါသက်သေတွေကို အထင်ကြီးလေးစားသွားတယ်။ ပြင်သစ်ဇနီးမောင်နှံကလည်း သူတို့ကို သက်သေခံခဲ့ပါတယ်။

ဘာသာပြန်လုပ်ငန်းဌာနက ညီအစ်ကို နီကလပ်စ် အလာဒစ်က သင်တန်းဆင်း မောင်နှံနှစ်စုံကို လူတွေ့မေးမြန်းခဲ့တယ်။ ဩစတြေးလျနိုင်ငံက မောင်နှံတစ်စုံဟာ စစ်ဒဏ်ခံနေရတဲ့ အရှေ့တီမောနိုင်ငံကို သွားပြီး အမှုဆောင်ခဲ့တယ်။ တောင်ကိုရီးယားနိုင်ငံက မောင်နှံတစ်စုံကတော့ ဟောင်ကောင်ကိုသွားပြီး အမှုဆောင်ခဲ့တယ်။ မောင်နှံနှစ်စုံစလုံးက သူတို့လာခဲ့တဲ့နိုင်ငံကို ပြန်သွားပြီး သင်တန်းမှာ သင်ယူခဲ့တာတွေကို ကျင့်သုံးဖို့ စိတ်ထက်သန်နေကြတယ်။

သင်တန်းသားတွေကို သင်တန်းဆင်းလက်မှတ် ချီးမြှင့်ပြီးတဲ့နောက် သင်တန်းသားတစ်ဦးက အားလုံးကိုယ်စား ကျေးဇူးတင်လွှာ ဖတ်ပြပါတယ်။ အဲဒီနောက် ညီအစ်ကိုလော့ရှ်က နိဂုံးချုပ်ကို တင်စားချက်တချို့နဲ့ ဝေဝေဆာဆာ တင်ဆက်သွားတယ်။ တင်စားချက်တချို့က ဒီလိုပါ– အမှန်တရားက လှပတဲ့ သက်တံနဲ့တူတယ်၊ သဲကန္တာရမှာရှိတဲ့ အိုအေစစ်နဲ့တူတယ်၊ လှိုင်းလေထန်တဲ့ ပင်လယ်ပြင်မှာ ချထားတဲ့ ကျောက်ဆူးနဲ့တူတယ်။ “အမှန်တရားသိခွင့်ရတာ တကယ့်ကောင်းချီးတစ်ခုပါပဲ။ အမှန်တရားဘက်ကနေ ကာကွယ်ပြောဆိုကြပါ။ တခြားသူတွေကိုလည်း ကိုယ့်လိုဖြစ်အောင် ကူညီပေးကြပါ” လို့ ညီအစ်ကိုက ပြောသွားပါတယ်။

[စာမျက်နှာ ၃၁ ပါ ဇယားကွက်/မြေပုံ]

သင်တန်းဆိုင်ရာ အချက်အလက်များ

ကိုယ်စားပြုနိုင်ငံပေါင်း ၁၂

ပျမ်းမျှ အသက် ၃၆

ပျမ်းမျှ နှစ်ခြင်းခံသက်တမ်း ၂၀

ပျမ်းမျှအချိန်ပြည့်အမှုဆောင်သက်တမ်း ၁၅

[မြေပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

သင်တန်းဆင်းတွေရဲ့ တာဝန်ကျနိုင်ငံတွေကို အောက်မှာ ဖော်ပြထားပါတယ်-

တာဝန်ကျနိုင်ငံများ

စာအိုတိုမဲနဲ့ ပရင့်တ်စာပါ

ကုဒ်ဒီဗွား

ဆာမိုအာ

လိုင်ဘေးရီးယား

ဘေလိဇ်

ပီရူး

ဂါဘွန်း

ဘီနင်

မာလာဝီ

အရှေ့တီမော

ဂီနီယာ

ဂျော်ဂျီယာ

ကိပ် ဗာဒေး

ဇင်ဘာဘွေ

ဒိုမီနီကန် ပြည်သူ့သမ္မတနိုင်ငံ

အီကွေဒေါ

ကမ္ဘောဒီးယား

ဟောင်ကောင်

မာဒါဂက်စကာ

ကင်မရွန်း

အမေရိကန် ပြည်ထောင်စု

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်းရဲ့ ၁၃၂ ကြိမ်မြောက် သင်တန်းဆင်းပွဲမှ သင်တန်းဆင်းများ

အောက်ပါစာရင်းက အတန်းတွေကို အရှေ့ကနေ အနောက်ဘက်ကို ရေတွက်ပါတယ်။ အမည်ကိုတော့ ဘယ်ဘက်ကနေ ညာဘက်ကို ဖော်ပြထားပါတယ်။

(1) Iap, R.; Iap, J.; Ng, T.; Ng, P.; Laurino, F.; Laurino, B.; Won, S.; Won, S.

(2) Morales, N.; Morales, M.; Zanutto, J.; Zanutto, M.; Rumph, I.; Rumph, J.; Germain, D.; Germain, N.

(3) Atchadé, Y.; Atchadé, Y.; Thomas, C.; Thomas, E.; Estigène, C.; Estigène, P.

(4) Ehrman, D.; Ehrman, A.; Bray, J.; Bray, A.; Amorim, M.; Amorim, D.; Seo, Y.; Seo, Y.

(5) Simon, J.; Simon, C.; Seale, C.; Seale, D.; Erickson, J.; Erickson, R.

(6) McCluskey, D.; McCluskey, T.; Brown, A.; Brown, V.; Mariano, D.; Mariano, C.; Loyola, Y.; Loyola, C.

(7) Rutgers, P.; Rutgers, N.; Foucault, P.; Foucault, C.; Wunjah, J.; Wunjah, E.