ကြင်နာမှု—ဘုရားသခင် တန်ဖိုးထားတဲ့ အရည်အသွေး
ဂျပန်လူငယ်တစ်ယောက်ဟာ နူးညံ့သိမ်မွေ့တဲ့ သက်ကြီးသူတစ်ယောက်ရဲ့ ကြင်နာမှုကို စိတ်စွဲမှတ်သွားတယ်။ ခရစ်ယာန်သာသနာပြု တစ်ယောက်ဖြစ်တဲ့ အဲဒီသက်ကြီးသူဟာ ဂျပန်နိုင်ငံမှာ နေတာ သိပ်မကြာသေးတဲ့အတွက် ဂျပန်စကားကို ရေလည်အောင် မပြောတတ်ဘူး။ ဒါပေမဲ့ ဂျပန်လူငယ်ရဲ့ အိမ်ကို အပတ်တိုင်းသွားပြီး ကျမ်းစာဆွေးနွေးခဲ့တယ်။ ဖော်ရွေတဲ့အပြုံး၊ ကြင်နာတဲ့အပြုအမူရှိတဲ့ အဲဒီသက်ကြီးသူဟာ အမေးအမြန်းထူတဲ့ လူငယ်လေး မေးသမျှ မေးခွန်းတွေကို စိတ်ရှည်ရှည်နဲ့ ဖြေဆိုပေးခဲ့တယ်။
အဲဒီဂျပန်လူငယ်ဟာ ခရစ်ယာန်သာသနာပြုရဲ့ ကြင်နာမှုကို အမြဲတမ်း အမှတ်ရနေမှာ ဖြစ်တယ်။ ‘သမ္မာကျမ်းစာက လူတစ်ယောက်ကို အရမ်းကြင်နာပြီး မေတ္တာရှိစေတယ်ဆိုရင် ငါလည်း ကျမ်းစာလေ့လာမှ ဖြစ်တော့မယ်’ လို့ အဲဒီလူငယ်လေး ယူဆခဲ့တယ်။ ဒါကြောင့် သူ့အတွက် အစိမ်းသက်သက်ဖြစ်နေတဲ့ ကျမ်းစာကို လေ့လာဖို့လိုတယ် ဆိုပြီးတော့ သူ့စိတ်မှာ ဖြစ်ပေါ်လာတယ်။ ကြင်နာမှုလုပ်ရပ်ဟာ လူတွေရဲ့စိတ်နှလုံးကို ထိမိပြီး အပြောထက် အများကြီး အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။
ဘုရားသခင်မှာရှိတဲ့ အရည်အသွေးတစ်ခု
ကြင်နာမှုဆိုတာက အခြေခံအားဖြင့် မိသားစုနဲ့ ဆွေမျိုးသားချင်းကြားမှာပဲ တွေ့ရတဲ့ ချစ်ခင်စုံမက်မှုဆိုပြီး အဓိပ္ပာယ်ရတဲ့အတွက် ဆွေမျိုးအရင်းအချာတွေကို ကြင်နာမှုပြတာက သဘာဝပါ။ တကယ်တော့ ကြင်နာမှုဟာ ဘုရားသခင်ပိုင်ဆိုင်တဲ့ အရည်အသွေးတစ်ခုပါပဲ။ ယေဟောဝါဘုရားသခင်ဟာ သူ့ကို ချစ်မြတ်နိုးတဲ့သူတွေကိုရော၊ “ကျေးဇူးမသိ” တတ်တဲ့သူတွေကိုပါ ကြင်နာမှုပြတယ်လို့ ယေရှုပြောခဲ့တယ်။ ဒါကြောင့် ဘုရားသခင်ကို တုပဖို့အတွက် နောက်လိုက်တွေကို ယေရှု ဒီလိုတိုက်တွန်းခဲ့တယ်– “ကောင်းကင်ဘုံရှိ သင်တို့၏အဖသည် ပြည့်ဝစုံလင်တော်မူသည့်နည်းတူ သင်တို့လည်း ပြည့်ဝစုံလင်ကြရမည်။”—လုကာ ၆:၃၅; မဿဲ ၅:၄၈; ထွက်မြောက်ရာ ၃၄:၆။
ဘုရားသခင်ရဲ့ အရည်အသွေးတွေ ထည့်သွင်းဖန်ဆင်းခံရတဲ့ လူသားတွေဟာ ကြင်နာမှုအရည်အသွေးကို တင်ပြနိုင်စွမ်း ရှိကြပါတယ်။ (ကမ္ဘာဦး ၁:၂၇) ဒါကြောင့် ကျွန်ုပ်တို့ဟာ ဘုရားသခင်ကို တုပပြီး ကိုယ်နဲ့ဆွေမျိုးမတော်တဲ့ တခြားသူတွေကိုတောင် ကြင်နာမှုပြဖို့ သင်ယူနိုင်ပါတယ်။ ကြင်နာမှုက သန့်ရှင်းသော စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတစ်ခု ဖြစ်တယ်ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဂလာတိ ၅:၂၂) ဖန်ဆင်းရှင် ဘုရားသခင်အကြောင်း သင်ယူပြီး ကိုယ်တော်နဲ့ ရင်းနှီးလာတာနဲ့ ကြင်နာမှုအရည်အသွေးကို ပြုစုပျိုးထောင်လာနိုင်မှာ ဖြစ်တယ်။
ကြင်နာမှုဟာ မွေးရာပါ အရည်အသွေးတစ်ခုဖြစ်တဲ့အပြင် အဲဒါကို ဘုရားသခင် အရမ်းတန်ဖိုးထားတယ်။ ဒါကြောင့်လည်း ကျွန်ုပ်တို့ “အချင်းချင်း ကြင်နာမှုပြ” ဖို့ ဘုရားသခင် မိန့်မှာတာက ကျိုးကြောင်းညီညွတ်ပါတယ်။ (ဧဖက် ၄:၃၂) ဒါ့အပြင် “ဧည့်ဝတ်ပြုခြင်းအမှုကို မမေ့လျော့ကြနှင့်” ဒါမှမဟုတ် သူစိမ်းတစ်ရံတွေကို ကြင်နာမှုပြပါဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။—ဟေဗြဲ ၁၃:၂။
အကြင်နာတရားခေါင်းပါးပြီး ကျေးဇူးမသိတတ်တဲ့ ကနေ့လောကမှာ သူစိမ်းတစ်ရံတွေကို ကြင်နာမှုပြဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ ကြင်နာမှုပြနိုင်ဖို့ ဘာက ကျွန်ုပ်တို့ကို ကူညီပေးနိုင်မလဲ။ ကြင်နာမှုတင်ပြဖို့ ဘာကြောင့် အလေးထားသင့်သလဲ။
ဘုရားသခင် တန်ဖိုးထားတဲ့ အရည်အသွေး
သူစိမ်းတစ်ရံတွေကို ကြင်နာမှုပြဖို့ တမန်တော်ပေါလု တိုက်တွန်းပြီးနောက် ဒီလိုလည်း ဆက်ပြောခဲ့တယ်– “အချို့သည် ထိုသို့ပြုခြင်းဖြင့် ကောင်းကင်တမန်များကို အမှတ်တမဲ့ ဧည့်ဝတ်ပြုကြ၏။” “အမှတ်တမဲ့” ဆိုတဲ့ စကားလုံးကို တမန်တော်ပေါလု အသုံးပြုထားတာ သတိပြုပါ။ သူစိမ်းတစ်ရံတွေကို ကြင်နာတတ်တာ အကျင့်တစ်ခုလို ဖြစ်နေတယ်ဆိုရင် မျှော်လင့်မထားတဲ့နည်းနဲ့ အကျိုးခံစားရနိုင်တယ်လို့ သူဆိုလိုချင်တဲ့အတွက် အမှတ်တမဲ့ဆိုတဲ့ စကားလုံးကို ပေါလု သုံးခဲ့ခြင်းဖြစ်တယ်။
ပြန်လှန်အညွှန်းတွေပါတဲ့ ဘာသာပြန်ကျမ်းအများစုမှာ ပေါလုရဲ့စကားတွေကို ကမ္ဘာဦးကျမ်း အခန်းကြီး ၁၈ နဲ့ ၁၉ မှာပါတဲ့ အာဗြဟံနဲ့ လောတတို့ရဲ့ မှတ်တမ်းတွေနဲ့ ချိတ်ဆက်ပေးထားတယ်။ အဖြစ်အပျက်နှစ်ခုစလုံးမှာ အရေးကြီးသတင်းတွေကို ယူဆောင်လာတဲ့ ကောင်းကင်တမန်တွေဟာ သူစိမ်းအနေနဲ့ သူတို့ဆီကို ရောက်လာတယ်ဆိုပြီး သိရတယ်။ အာဗြဟံကို ပြောပြတဲ့ သတင်းထဲမှာ သားတစ်ယောက်ရရှိမယ်ဆိုတဲ့ ဘုရားသခင့်ကတိတော် ပြည့်စုံတော့မယ့်အကြောင်း ပါရှိတယ်။ လောတကို ပြောပြတဲ့ သတင်းထဲမှာ သောဒုံနဲ့ ဂေါမောရမြို့တွေကို ဖျက်ဆီးမယ့်ဘေးကနေ ထွက်ပြေးပါဆိုတဲ့ အကြောင်းပါတယ်။—ကမ္ဘာဦး ၁၈:၁-၁၀; ၁၉:၁-၃၊ ၁၅-၁၇။
အထက်ပါကျမ်းချက်တွေကို ဖတ်ကြည့်မယ်ဆိုရင် အာဗြဟံနဲ့ လောတတို့ဟာ သူတို့ဆီကို ရောက်လာတဲ့ သူစိမ်းတွေကို ကြင်နာမှုပြခဲ့တာ သတိပြုမိမှာပါ။ ကျမ်းစာခေတ်မှာ နယ်လှည့်ခရီးသည်တွေနဲ့ လမ်းသွားလမ်းလာတွေဖြစ်တဲ့ မိတ်ဆွေတွေ၊ ဆွေမျိုးတွေ၊ သူစိမ်းတွေကို မဖြစ်မနေ ဧည့်ဝတ်ပြုခဲ့ကြတယ်။ အစ္စရေးပြည်မှာ နေထိုင်နေတဲ့ လူမျိုးခြားတွေရဲ့ လိုအပ်ရာတွေကို အစ္စရေးလူတွေ ဖြည့်ဆည်းပေးရမယ်လို့ မောရှေပညတ်ကလည်း တောင်းဆိုထားတယ်။ (တရားဟောရာ ၁၀:၁၇-၁၉) တကယ်တော့ အာဗြဟံနဲ့ လောတတို့ဟာ မောရှေပညတ် မပေါ်ခင်ကတည်းက ဧည့်ဝတ်ကျေပွန်ခဲ့တဲ့သူတွေပါ။ သူတို့ဟာ သူစိမ်းတွေကို လိုတာထက်ပိုပြီး ကြင်နာမှုပြတဲ့အတွက် ကောင်းချီးတွေ ခံစားခဲ့ရတယ်။
အာဗြဟံရဲ့ ကြင်နာမှုလုပ်ရပ်ကြောင့် သူဟာ သားဣဇာက်ကို ရရှိရုံသာမက ကျွန်ုပ်တို့ပါ ကောင်းချီးခံစားခဲ့ရပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ အာဗြဟံနဲ့ သူ့သား ဣဇာက်တို့ဟာ ဘုရားသခင့်ရည်ရွယ်ချက် ပြည့်စုံမှုမှာ အဓိကကျတဲ့သူတွေ ဖြစ်ခဲ့ကြတယ်။ သူတို့ရဲ့ မျိုးရိုးကနေတစ်ဆင့် မေရှိယဖြစ်တဲ့ ယေရှု မွေးဖွားလာတယ်။ အာဗြဟံနဲ့ ဣဇာက်တို့ရဲ့ သစ္စာရှိလုပ်ရပ်ဟာ လူသားတွေ ကယ်တင်ခြင်းရဖို့ ဘုရားသခင်က မိမိရဲ့မေတ္တာနဲ့ မဟာကရုဏာတော်အားဖြင့် ဘယ်လို ပြင်ဆင်ပေးမယ်ဆိုတာကို ရှေ့ပြေးအနေနဲ့ ဖော်ပြပါတယ်။—ကမ္ဘာဦး ၂၂:၁-၁၈; မဿဲ ၁:၁၊ ၂; ယောဟန် ၃:၁၆။
ဘုရားသခင်က သူချစ်တဲ့သူတွေကို ဘာတောင်းဆိုထားတယ်၊ ကြင်နာမှုအရည်အသွေးကို ဘယ်လောက်အထိ တန်ဖိုးထားတယ်ဆိုတာကို ဒီမှတ်တမ်းတွေကနေ သိရှိရပါတယ်။ ဒါကြောင့် ဘုရားသခင် တန်ဖိုးထားတဲ့ ကြင်နာမှုအရည်အသွေးကို မဖြစ်မနေ တင်ပြရပါမယ်။
ကြင်နာမှုပြခြင်းက ဘုရားသခင်နဲ့ ပိုမိုရင်းနှီးလာစေ
ကျွန်ုပ်တို့ခေတ်မှာ လူတော်တော်များများက “ကျေးဇူးကန်းသူ၊ သစ္စာမရှိသူ၊ မိသားစုချစ်ခင်စုံမက်ခြင်း မရှိသူ” ဖြစ်ကြလိမ့်မယ်လို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။ (၂ တိမောသေ ၃:၁-၃) သင်ဟာ အဲဒီလိုလူစားမျိုးတွေနဲ့ နေ့တိုင်း ထိတွေ့ပြောဆိုနေကြရတယ်။ ဒါပေမဲ့ သူတို့ကြောင့် ဘယ်သူ့ကိုမှ ကြင်နာမှုပြစရာ မလိုဘူးဆိုပြီး ဆင်ခြေပေးလို့ မရပါဘူး။ “မည်သူ့ကိုမျှ အဆိုးကို အဆိုးနှင့် မတုံ့ပြန်ကြနှင့်။ လူအပေါင်းတို့ရှေ့တွင် ကောင်းမွန်ရာကို ပြုကြလော့” ဆိုပြီး ကျမ်းစာက ကျွန်ုပ်တို့ကို သတိပေးထားပါတယ်။—ရောမ ၁၂:၁၇။
ကျွန်ုပ်တို့ဟာ လူတွေကို ကြင်နာမှု များများပြနိုင်ပါတယ်။ ‘ချစ်ခြင်းမေတ္တာရှိသူတိုင်းသည် ဘုရားသခင်ကို သိကျွမ်းသောသူလည်း ဖြစ်၏’ လို့ကျမ်းစာမှာ ဖော်ပြထားတယ်။ ကျွန်ုပ်တို့မှာ မေတ္တာရှိတယ်ဆိုတာကို အခြားသူတွေကို ကြင်နာမှုပြခြင်းအားဖြင့် ဖော်ပြနိုင်ပါတယ်။ (၁ ယောဟန် ၄:၇; ၁ ကောရိန္သု ၁၃:၄) လူသားချင်းကို ကြင်နာမှုပြခြင်းအားဖြင့် ကျွန်ုပ်တို့ဟာ ဘုရားသခင်နဲ့ ပိုပြီးရင်းနှီးလာမယ့်အပြင် ပျော်ရွှင်မှု ပိုခံစားရပါလိမ့်မယ်။ တောင်ပေါ်မှာ ယေရှု ဟောပြောချက်ပေးတုန်းက ဒီလိုပြောခဲ့တယ်– ‘ကြင်နာတတ်သူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ထိုသူတို့သည် ကြင်နာခြင်း ခံရကြလိမ့်မည်။ စိတ်နှလုံးဖြူစင်သူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြလိမ့်မည်။’—မဿဲ ၅:၇၊ ၈။
ပြောသင့်သလား၊ လုပ်သင့်သလားဆိုတာ မသေချာဘူးဆိုရင် ကြင်ကြင်နာနာ ပြုမူပြောဆို လိုက်ပါ
သားနှစ်ယောက်ရှိတဲ့ ဂျပန်အိမ်ရှင်မ အာကီရဲ့ အဖြစ်ကို သုံးသပ်ကြည့်ရအောင်။ အာကီဟာ သူ့မိခင် မမျှော်လင့်ဘဲ ကွယ်လွန်သွားပြီးတဲ့နောက် အရမ်းစိတ်ဓာတ်ကျခဲ့တယ်။ တစ်ခါတလေ ဆရာဝန်ပြရတဲ့အထိ အခြေအနေဆိုးဝါးခဲ့တယ်။ အဲဒီလိုဖြစ်နေချိန်မှာ သူတို့ရဲ့အိမ်နားကို မိသားစုတစ်စု ပြောင်းလာကြတယ်။ အဲဒီမိသားစုမှာ ဖခင်က မတော်တဆဖြစ်မှုနဲ့ သေဆုံးသွားတာကြောင့် မိခင်က ကလေးငယ်ငါးယောက်နဲ့ ကျန်ရစ်ခဲ့တယ်။ အဲဒီမိသားစုရဲ့ အခြေအနေကြောင့် အာကီ စိတ်မကောင်းဖြစ်မိပြီး သူတို့နဲ့ မိတ်ဆွေဖွဲ့ဖို့ ကြိုးစားခဲ့တယ်။ အဲဒီမိသားစုကို အတတ်နိုင်ဆုံး သူကူညီပေးတယ်။ ဥပမာပြောရရင်၊ သူတို့လိုအပ်တဲ့ အစားအသောက်တွေ၊ အဝတ်အစားတွေပေးပြီး ကူညီပေးတယ်။ ဒီလိုနဲ့ အာကီဟာ ပြန်ပြီး စိတ်တည်ငြိမ်လာခဲ့တယ်။ “ခံယူခြင်းထက် ပေးကမ်းခြင်း၌ သာ၍ပျော်ရွှင်” တယ်ဆိုတဲ့ ကျမ်းစကား မှန်ကန်တယ်ဆိုတာ သူခံစားလိုက်ရတယ်။ (တမန်တော် ၂၀:၃၅) အခြားသူတွေကို ကြင်နာမှုပြတာက သင် စိတ်ဓာတ်ကျနေချိန်မှာ လုပ်ဆောင်နိုင်တဲ့ အကောင်းဆုံးလုပ်ရပ်ဖြစ်တယ်။
‘ယေဟောဝါဘုရားသခင်ကို ချေးငှား’
ကြင်နာမှုပြဖို့ ငွေကုန်ခံစရာ မလိုပါဘူး။ သင့်အစွမ်းအစပေါ်လည်း မူမတည်သလို သင့်ခွန်အားပေါ်လည်း မူမတည်ဘူး။ အပြုံးလေးတစ်ပွင့်၊ စာနာမှုရှိတဲ့ စကားတစ်ခွန်း၊ ကူညီမှုလေးတစ်ခု၊ အမှတ်တရပေးတဲ့ လက်ဆောင်လေးတစ်ခု၊ တန်းစီတဲ့အခါ ကိုယ့်အနောက်က လူကို အရင် ပေးသွားတာတွေကလည်း ကြင်နာမှုလုပ်ရပ်တွေပါပဲ။ အခြေအနေတချို့မှာ လုပ်သင့်သလား၊ ပြောသင့်သလားဆိုတာ မသေချာဘူးဆိုရင် ကြင်ကြင်နာနာ ပြုမူပြောဆိုလိုက်ပါ။ ဒီဆောင်းပါးအစမှာ ဖော်ပြထားတဲ့ ဂျပန်လူငယ်ဟာ သက်ကြီး ယေဟောဝါသက်သေ ခရစ်ယာန်သာသနာပြုရဲ့ အပြောထက် သူ့ရဲ့ကြင်နာတဲ့ အပြုအမူကို အရမ်းစွဲမှတ်သွားတယ်။ ဒါကြောင့် ယေဟောဝါဘုရားသခင်ကလည်း မိမိရဲ့ ဝတ်ပြုကိုးကွယ်သူတွေကို ကြင်နာမှုကို မြတ်နိုးဖို့ တောင်းဆိုထားတာ အံ့ဩစရာမဟုတ်ပါဘူး။—မိက္ခာ ၆:၈။
“ကြင်နာတဲ့ စကားလေးတစ်ခွန်းက ဆောင်းရာသီ သုံးလပတ်လုံး နွေးထွေးစေနိုင်တယ်” ဆိုတဲ့ အရှေ့တိုင်း ဆိုရိုးစကားတစ်ခုမှာ မြင်သာအောင် ဖော်ပြထားတဲ့အတိုင်း ကြင်နာမှုလေးတစ်ခုက အများကြီး အကျိုးသက်ရောက်နိုင်ပါတယ်။ စိတ်ရင်းမှန်နဲ့၊ အထူးသဖြင့် ဘုရားသခင်ကိုချစ်တဲ့စိတ်နဲ့ ကြင်နာမှုပြမယ်ဆိုရင် ကိုယ်နဲ့သက်ဆိုင်သူ အားလုံးကို ပျော်ရွှင်ကြည်နူးစေနိုင်တယ်။ သင့်ရဲ့ကြင်နာမှုကို လူတွေ တန်ဖိုးမထားရင်တောင် အချည်းနှီးဖြစ်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီအရည်အသွေးကို ဘုရားသခင် တန်ဖိုးထားလို့ပါပဲ။ တခြားသူတွေကို ကြင်နာမှုပြမယ်ဆိုရင် ကျွန်ုပ်တို့ဟာ ‘ယေဟောဝါဘုရားသခင်ကို ချေးငှား’ တဲ့သူတွေ ဖြစ်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (သုတ္တံ ၁၉:၁၇) ဒါကြောင့် ကျွန်ုပ်တို့ရဲ့ဝန်းကျင်က လူတွေကို ကြင်နာမှုပြဖို့ အခွင့်အရေးရှာရင် မကောင်းဘူးလား။