မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှု အသက်ပြန်ရှင်လာခြင်းက ကျွန်ုပ်တို့ကို ထာဝရအသက် ရရှိစေ

ယေရှု အသက်ပြန်ရှင်လာခြင်းက ကျွန်ုပ်တို့ကို ထာဝရအသက် ရရှိစေ

ယေရှု အသက်ပြန်ရှင်လာခြင်းဟာ ရှေးခေတ်က ဖြစ်ရပ်တစ်ခုလောက်ပဲ မဟုတ်ပါဘူး။ အဲဒါက ကနေ့ခေတ် ကျွန်ုပ်တို့အတွက် အကျိုးရှိပါတယ်။ ယေရှု အသက်ပြန်ရှင်လာခြင်းက အရမ်းအရေးကြီးတယ်ဆိုတာကို တမန်တော်ပေါလု ဒီလိုထောက်ပြခဲ့တယ်– “ခရစ်တော်သည် သေခြင်း၌ အိပ်ပျော်သူတို့တွင် ဦးဆုံးထမြောက်တော်မူပြီ။ အကြောင်းမူကား တစ်ယောက်သောသူအားဖြင့် သေခြင်းတရား ဖြစ်ပေါ်လာသကဲ့သို့ တစ်ယောက်သောသူအားဖြင့် လူသေတို့၏ ရှင်ပြန်ထမြောက်ခြင်းလည်း ဖြစ်ပေါ်လာ၏။ လူအပေါင်းတို့သည် အာဒံကြောင့် သေဆုံးကြရသည့်နည်းတူ လူအပေါင်းတို့သည်လည်း ခရစ်တော်ကြောင့် အသက်ရှင်ကြရလိမ့်မည်။”—၁ ကောရိန္သု ၁၅:၂၀–၂၂

ယေရှုဟာ ၃၃ ခုနှစ်၊ နိသန်လ ၁၆ ရက်နေ့ (ဂျူးပြက္ခဒိန်အရ) မှာ ထမြောက်ခဲ့ပါတယ်။ နှစ်စဉ် နိသန်လ ၁၆ ရက်နေ့မှာ ဂျူးတွေဟာ အရင်ဆုံးသီးတဲ့ ကောက်ပဲသီးနှံတွေကို ဂျေရုဆလင်မြို့၊ ဗိမာန်တော်ကိုသွားပြီး ယေဟောဝါဘုရားသခင်ရှေ့ ယူဆောင်သွားရပါတယ်။ ယေရှုကို အရင်ဆုံး သီးတဲ့အသီး၊ တစ်နည်းအားဖြင့် ဦးဆုံးထမြောက်လာသူလို့ ပြောခြင်းအားဖြင့် နောက်ပိုင်းမှာ တခြားသူတွေလည်း သေခြင်းကနေ ရှင်ပြန်ထမြောက်လာလိမ့်မယ်ဆိုပြီး ပေါလု ရည်ညွှန်းခဲ့တယ်။

ယေရှု အသက်ပြန်ရှင်လာတဲ့အတွက် ဘာကို ဖြစ်မြောက်စေခဲ့ပြီလဲဆိုတာကို ပေါလု ဆက်ပြောတဲ့ စကားတွေကနေ သိနိုင်ပါတယ်။ “တစ်ယောက်သူအားဖြင့် သေခြင်းတရား ဖြစ်ပေါ်လာသကဲ့သို့ တစ်ယောက်သောသူအားဖြင့် လူသေတို့၏ ရှင်ပြန်ထမြောက်ခြင်းလည်း ဖြစ်ပေါ်လာ၏” လို့ ပေါလုပြောခဲ့တယ်။ ကျွန်ုပ်တို့ဟာ အပြစ်နဲ့မစုံလင်မှုကို အာဒံဆီကနေ ရရှိလာခဲ့တဲ့အတွက် သေကြရတယ်။ ဒါပေမဲ့ ယေရှုဟာ သူ့ရဲ့စုံလင်တဲ့ လူ့အသက်ကို ရွေးနုတ်ဖိုးအဖြစ် ပေးလိုက်တာကြောင့် လူသေတွေဟာ ရှင်ပြန်ထမြောက်လာခြင်းအားဖြင့် အပြစ်နဲ့သေခြင်းရဲ့ ဆိုးကျိုးတွေကနေ လွတ်မြောက်လာပါလိမ့်မယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပေါလု ပိုင်ပိုင်နိုင်နိုင် ဒီလိုဖော်ပြခဲ့တယ်– “အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား ငါတို့သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း။”—ရောမ ၆:၂၃

မိမိရဲ့သေခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်းက ကျွန်ုပ်တို့ကို အကျိုးရရှိစေတယ်ဆိုပြီး ယေရှုကိုယ်တိုင် ရှင်းပြခဲ့တယ်။ ယေရှုဟာ သူ့ကိုယ်သူ ရည်ညွှန်းပြီး ဒီလိုပြောဆိုခဲ့တယ်– “လူသားသည် မြှောက်ထားခြင်းကို ခံရမည်။ အကြောင်းမူကား ထိုလူသားကို ယုံကြည်သူအပေါင်းတို့သည် ထာဝရအသက်ရရန်ဖြစ်၏။ ဘုရားသခင်၏သားတော်ကို ယုံကြည်ကြောင်း တင်ပြသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်ဘဲ၊ ထာဝရအသက်ကိုရစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် ဤလောကကို ချစ်တော်မူ၏။”—ယောဟန် ၃:၁၄-၁၆

နာကျင်မှု၊ ဆင်းရဲဝေဒနာ၊ ဝမ်းနည်းမှုတွေ မရှိဘဲ ထာဝစဉ်အသက်ရှင်ရမယ်ဆိုတာကို မြင်ယောင်ကြည့်လိုက်ပါ။ (ဗျာဒိတ် ၂၁:၃၊ ၄) တကယ့်ကိုပျော်ရွှင်စရာကောင်းမယ့် အနာဂတ်ပါလား။ ဒီအကြောင်းကို ကျမ်းပညာရှင်တစ်ယောက်က ဒီလိုဖော်ပြတယ်– “လူ့အသက်က ခဏတာပဲဆိုတာကို သင်္ချိုင်းတွေက အသိပေးနေပြီး သေခြင်းက ခဏတာပဲဆိုတာကို ရှင်ပြန်ထမြောက်ခြင်းက စိတ်ချစေတယ်။” မှန်ပါတယ်၊ ယေရှု အသက်ပြန်ရှင်လာခြင်းက ကျွန်ုပ်တို့ကို ထာဝရအသက် ရရှိစေပါတယ်။