အိမ်ရှင်နဲ့ စကားစမြည်ပြောဆိုခြင်း
ကျွန်ုပ်တို့ ဆင်းရဲဒုက္ခရောက်နေတာကို ဘုရားသခင် ဂရုပြုမိပါသလား
အခုဖော်ပြမယ့် ဆွေးနွေးခန်းက သက်သေခံတစ်ဦးနဲ့ ခရစ်ယာန်အိမ်ရှင် တစ်ဦးတို့ ပြောဆိုတတ်တဲ့ ဆွေးနွေးခန်း ဖြစ်ပါတယ်။ သက်သေခံရဲ့ နာမည်ကို မသီတာ၊ ခရစ်ယာန်အိမ်ရှင်ရဲ့ နာမည်ကိုတော့ မချယ်ရီလို့ ဆိုကြပါစို့။
ကိုယ်တော် ဘာကြောင့် ဒီလိုဖြစ်ပျက်ခွင့်ပြုရတာလဲ
မသီတာ– ဒီနေ့ ဒီဘက်မှာရှိတဲ့ မိတ်ဆွေတွေကို အမှန်တရားကို သင်သိလိုပါသလော ဝေစာလေး လက်ဆောင်လာပေးတာပါ။ ညီမလေးလည်း ယူထားလို့ရပါတယ်။
မချယ်ရီ– ဒါက ဘာသာရေးအကြောင်းလား။
မသီတာ– ဟုတ်ပါတယ်။ ဒီမှာ မေးခွန်းခြောက်ခုကို ဖော်ပြထားတယ်။ ဒီမေးခွန်းတွေထဲက ဘယ်တစ်ခုကို—
မချယ်ရီ– စိတ်မရှိပါနဲ့။ ရှင်ပြောနေတာတွေက ကျွန်မအတွက် အလကားပဲ။
မသီတာ– ဘာကြောင့် အဲဒီလိုပြောရတာလဲ။
မချယ်ရီ– တကယ်တော့၊ ဘုရားသခင်ရှိတယ်ဆိုတာ ကျွန်မ ယုံသလား၊ မယုံဘူးလားဆိုတာ မသိတော့ဘူး။
မသီတာ– ကျွန်မကို အခုလို ပွင့်ပွင့်လင်းလင်း ပြောတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီလိုမျိုး အမြဲတမ်း ခံစားရပါသလား။
မချယ်ရီ– မဟုတ်ပါဘူး။ အရင်တုန်းကဆိုရင် ကျွန်မ ဘုရားကျောင်း အမြဲတက်တယ်။ ဒါပေမဲ့ မတက်ဖြစ်တော့တာ အတော်ကြာသွားပြီ။
မသီတာ– သဘောပေါက်ပါပြီ။ ဒါနဲ့စကားမစပ်၊ ကျွန်မနာမည်က သီတာပါ။
မချယ်ရီ– ကျွန်မနာမည်က ချယ်ရီပါ။
မသီတာ– တွေ့ရတာ ဝမ်းသာပါတယ်၊ မချယ်ရီ။
မချယ်ရီ– ကျွန်မလည်း ဝမ်းသာပါတယ်။
မသီတာ– ကျွန်မရဲ့ယုံကြည်ချက်တွေကို မချယ်ရီ လက်ခံလာအောင် တိုက်တွန်းဖို့ ရောက်လာတာမဟုတ်ပါဘူး။ ဒါပေမဲ့ နည်းနည်းတော့ သိချင်မိတယ်။ ဘုရားသခင် ရှိမရှိနဲ့ပတ်သက်ပြီး မချယ်ရီ သံသယဝင်လာတာ တစ်ခုခုကြောင့်များလား။
မချယ်ရီ– ဟုတ်တယ်။ လွန်ခဲ့တဲ့ ၁၇ နှစ်တုန်းက ကျွန်မအမေ ကားတိုက်ခံလိုက်ရတယ်။
မသီတာ– ကျွန်မ စိတ်မကောင်းပါဘူး။ သူ ဒဏ်ရာရသွားသလား။
မချယ်ရီ– ရသွားတယ်။ အဲဒီအချိန်ကတည်းက သူအောက်ပိုင်း သေသွားတယ်။
မသီတာ– စိတ်မကောင်းစရာပါပဲ။ မချယ်ရီ တော်တော် ဝမ်းနည်းမှာပဲနော်။
မချယ်ရီ– ဟုတ်ပါတယ်။ ဒါကြောင့်မို့ ဘုရားသခင် တကယ်ရှိတယ်ဆိုရင် ဘာဖြစ်လို့ ဒီလိုဖြစ်ပျက်ခွင့်ပြုတာလဲလို့ သိချင်တာပါ။ ဘုရားသခင်က ဘာကြောင့် ကျွန်မတို့ကို ဆင်းရဲဒုက္ခတွေ ခံစားစေတာလဲ။
ဘာကြောင့်လဲလို့မေးတာက မှားသလား
မသီတာ– မချယ်ရီရဲ့ခံစားချက်နဲ့ မေးခွန်းတွေက သဘာဝကျပါတယ်။ ကျွန်မတို့ ဒုက္ခရောက်တဲ့အခါ ဘာကြောင့်လဲလို့ မေးမိတတ်ကြတယ်။ တကယ်ဆိုရင် ကျမ်းစာခေတ်က သစ္စာရှိ အမျိုးသားအမျိုးသမီးတွေလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး သိချင်ခဲ့ကြတယ်။
မချယ်ရီ– ဟုတ်လား။
မသီတာ– ဟုတ်ပါတယ်။ သမ္မာကျမ်းစာထဲကနေ ပြပေးလို့ရမလား။
မချယ်ရီ– ဟုတ်ကဲ့၊ ပြပေးပါ။
မသီတာ– ဟဗက္ကုတ် အခန်းကြီး ၁၊ အခန်းငယ် ၂ နဲ့ ၃ မှာ ပရောဖက် ဟဗက္ကုတ်က ဘုရားသခင်ကို ဒီလိုမေးခဲ့တယ်– “အို ထာဝရဘုရား၊ ကိုယ်တော်သည် ကြားတော်မမူဘဲ အဘယ်မျှကာလပတ်လုံး အကျွန်ုပ်အော်ဟစ်ရပါမည်နည်း။ ကယ်တင်တော်မမူဘဲ အကျွန်ုပ်သည် အဓမ္မအမှုကိုခံ၍ ရှေ့တော်၌ အဘယ်မျှကာလပတ်လုံး အော်ဟစ်ရပါမည်နည်း။ မတရားမှုကို အကျွန်ုပ်အား အဘယ်ကြောင့် ပြတော်မူသနည်း။” ဒီမေးခွန်းတွေက မချယ်ရီမေးတဲ့ မေးခွန်းတွေနဲ့ သဘောထားချင်း အတူတူပဲမဟုတ်လား။
မချယ်ရီ– ဟုတ်တယ်။
မသီတာ– ဘုရားသခင်က ဟဗက္ကုတ်ကို အဲဒီလိုမေးခွန်းတွေ မေးတဲ့အတွက် စိတ်မဆိုးခဲ့ဘူး။ ယုံကြည်ခြင်း ထပ်လိုသေးတယ်လို့လည်း မပြောခဲ့ဘူး။
မချယ်ရီ– စိတ်ဝင်စားစရာပဲ။
ဆင်းရဲဒုက္ခတွေကို ယေဟောဝါဘုရားသခင် မနှစ်သက်
မသီတာ– ဘုရားသခင်ဟာ ကျွန်မတို့ရဲ့ဒုက္ခကို သတိပြုမိပြီး ဂရုစိုက်တယ်လို့ သမ္မာကျမ်းစာထဲမှာ ဖော်ပြထားတယ်။
မချယ်ရီ– ဘာကို ဆိုလိုတာလဲ။
မသီတာ– ဥပမာတစ်ခုကို ထွက်မြောက်ရာ ၃:၇ မှာ တွေ့နိုင်တယ်။ ကျေးဇူးပြုပြီး မချယ်ရီ ဖတ်ပေးလို့ရမလား။
မချယ်ရီ– ရပါတယ်။ “ထာဝရဘုရားကလည်း အဲဂုတ္တုပြည်၌ရှိသော ငါ၏လူတို့ခံရသော ညှဉ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ။ သူတို့ကိုစေခိုင်းသော သခင်တို့ကြောင့် သူတို့မြည်တမ်းသောအသံကိုလည်း ငါကြားခဲ့ပြီ။ သူတို့နာကြည်းခြင်း ဝေဒနာကို ငါသိ၏။”
မသီတာ– ကျေးဇူးတင်ပါတယ်။ ဒီကျမ်းချက်အရ ဘုရားသခင်ဟာ သူ့လူမျိုးတွေရဲ့ ဆင်းရဲဒုက္ခကို သတိပြုမိသလား။
မချယ်ရီ– အင်း . . . သတိပြုမိတဲ့ပုံပါပဲ။
မသီတာ– ပြီးတော့ ဘုရားသခင်ဟာ ဖြစ်ပျက်နေတာတွေကို အရိပ်အမြွက်လောက်ပဲ သတိပြုမိတာမဟုတ်ဘူး။ အခန်းငယ်ရဲ့ အောက်ဆုံးအကြောင်းကို ပြန်ဖတ်ကြည့်ရအောင်။ ဘုရားသခင်က “သူတို့နာကြည်းခြင်းဝေဒနာကို ငါသိ၏” လို့ ပြောခဲ့တယ်။ ဒီစကားတွေက အေးတိအေးစက်နဲ့ ဂရုမစိုက်တတ်တဲ့ ဘုရားသခင်ရဲ့ စကားတွေလား။
မချယ်ရီ– မဟုတ်ပါဘူး။
မသီတာ– ဘုရားသခင်ဟာ ကျွန်မတို့ရဲ့ပြဿနာတွေကို သတိပြုမိရုံလောက်ပဲမဟုတ်ပါဘူး။ ကျွန်မတို့ ပြဿနာတွေ ကြုံရတဲ့အခါမှာ ကိုယ်တော် ဝမ်းနည်းပါတယ်။
မချယ်ရီ– မှန်တယ်။
မသီတာ– ဒါကို စိတ်ထဲထားပြီး ဘုရားသခင့်လူမျိုးတွေ ဒုက္ခရောက်ခဲ့ရတဲ့ အဖြစ်အပျက်နောက်တစ်ခုကို ဖတ်ကြည့်ရအောင်။ အဲဒါကို ဇာခရိ ၂:၈ မှာ မှတ်တမ်းတင်ထားတယ်။ အခန်းငယ်ရဲ့ နောက်ဆုံးစာကြောင်းမှာ “သင်တို့ကိုထိသောသူသည် မျက်ဆန်တော်ကိုထိသောသူဖြစ်၏” လို့ ဘုရားသခင် ပြောထားတယ်။ ဘုရားသခင်ဟာ သူ့လူမျိုးတွေ ဒုက္ခရောက်တဲ့အခါမှာ သူ့ကိုလည်း ထိခိုက်တယ်လို့ ပြောလို့ရမလား။
မချယ်ရီ– အဲဒီလိုပြောလို့ရတဲ့ပုံပါပဲ။
မသီတာ– တကယ်တော့၊ မချယ်ရီ၊ ဘုရားသခင်ဟာ ကျွန်မတို့ကို အများကြီး ဂရုစိုက်ပါတယ်။ ကျွန်မတို့ ဆင်းရဲဒုက္ခရောက်တာကိုလည်း ကိုယ်တော် မမြင်ချင်ဘူး။ ကျွန်မတို့ နာကျင်တဲ့အခါ ကိုယ်တော်လည်းပဲ နာကျင်တယ်။
ဘာကြောင့် ကိုယ်တော်စောင့်နေတာလဲ
မသီတာ– ကျွန်မ မပြန်ခင်၊ မချယ်ရီနဲ့ တစ်ခုလောက် ထပ်ဆွေးနွေးချင်သေးတယ်။
မချယ်ရီ– ရပါတယ်။
မသီတာ– ဘုရားသခင်ရဲ့တန်ခိုးနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာမှာ ဖော်ပြထားတာကို စဉ်းစားကြည့်ရအောင်။ ကျွန်မစိတ်ထဲမှာ ပေါ်လာတဲ့ ကျမ်းချက်က ယေရမိ ၁၀:၁၂ ပါ။ မချယ်ရီ ကျေးဇူးပြုပြီး ဖတ်ပေးလို့ရမလား။
မချယ်ရီ– ရပါတယ်။ “ထာဝရဘုရားသည် တန်ခိုးတော်အားဖြင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။ ပညာတော်အားဖြင့် လောကဓာတ်ကို တည်တော်မူပြီ။ ဉာဏ်တော်အားဖြင့် မိုးကောင်းကင်ကို ကြက်တော်မူ၏။”
မသီတာ– ကျေးဇူးတင်ပါတယ်။ ဒီကျမ်းချက်အကြောင်း နည်းနည်းလောက် စဉ်းစားကြည့်ရအောင်။ ကြီးမားကျယ်ပြောတဲ့ စကြဝဠာကြီးနဲ့ အရာခပ်သိမ်းကို ဖန်ဆင်းဖို့ ဘုရားသခင်မှာ တန်ခိုးအများကြီးရှိမယ် မဟုတ်ဘူးလား။
မချယ်ရီ– သေချာတာပေါ့။
မသီတာ– ကောင်းပြီ၊ ဘုရားသခင်မှာ အရာခပ်သိမ်းကို ဖန်ဆင်းဖို့အတွက် တန်ခိုးရှိတယ်ဆိုရင် ဖန်ဆင်းထားတဲ့အရာတွေကို ထိန်းချုပ်နိုင်တဲ့ တန်ခိုးလည်း ရှိမယ်လို့ ယူဆနိုင်တယ် မဟုတ်ဘူးလား။
မချယ်ရီ– ယူဆနိုင်ပါတယ်။
မသီတာ– မချယ်ရီရဲ့အမေအကြောင်း စဉ်းစားကြည့်ရအောင်။ သူဒုက္ခရောက်နေတာကို မချယ်ရီ ဘာကြောင့် မကြည့်ရက်တာလဲ။
မချယ်ရီ– သူက ကျွန်မအမေပဲလေ။ ကျွန်မအမေကို ကျွန်မ အရမ်းချစ်တယ်။
မသီတာ– တကယ်လို့ မချယ်ရီမှာ အမေခံစားနေရတဲ့ ဝေဒနာတွေကို ပပျောက်ပေးနိုင်တဲ့အစွမ်း ရှိတယ်ဆိုရင် ပပျောက်အောင် လုပ်ပေးမှာလား။
မချယ်ရီ– လုပ်ပေးမှာပေါ့။
မသီတာ– အဲဒါ ဘာအဓိပ္ပာယ်လဲဆိုတာ စဉ်းစားကြည့်ပါ။ ဘုရားသခင်က ကျွန်မတို့ ဆင်းရဲဒုက္ခရောက်နေတာကို သတိပြုမိတယ်၊ ကျွန်မတို့အတွက် ဝမ်းနည်းပေးတယ်၊ ပြီးတော့ ကိုယ်တော်က အတိုင်းအဆမဲ့တန်ခိုးရှင်ဖြစ်တယ်ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။ ကျွန်မတို့ရဲ့ ဆင်းရဲဒုက္ခတွေကို ချက်ချင်း ပပျောက်အောင် မလုပ်ဖို့ ဘုရားသခင် ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ချုပ်တည်းထားရမယ်ဆိုတာ စဉ်းစားကြည့်ပါ။
မချယ်ရီ– ကျွန်မ အဲဒီလိုမျိုး တစ်ခါမှ မစဉ်းစားဖူးဘူး။
မသီတာ– ကျွန်မတို့ရဲ့ပြဿနာတွေကို မဖြေရှင်းပေးသေးတာက ကိုယ်တော်မှာ အကြောင်းကောင်းရှိလို့ဆိုတာ မဖြစ်နိုင်ဘူးလား။ *
မချယ်ရီ– အင်း . . . ဖြစ်နိုင်ပါတယ်။
မသီတာ– နောက်တစ်ခေါက်လာပြီး သမ္မာကျမ်းစာထဲက အဖြေကို မချယ်ရီနဲ့အတူ ဆွေးနွေးချင်တယ်။ နောက်အပတ် ဒီအချိန်လောက်ဆို အားမလား။
မချယ်ရီ– အားပါတယ်။
မသီတာ– ဒါဆိုရင် နောက်အပတ်ကျရင် ပြန်တွေ့မယ်။ *
သင် သိချင်တဲ့ ကျမ်းစာအကြောင်းအရာတစ်ခုခုများ ရှိပါသလား။ ယေဟောဝါသက်သေတွေရဲ့ ယုံကြည်ချက်တစ်ခုခု ဒါမှမဟုတ် ဘာသာရေးဓလေ့ထုံးစံတစ်ခုခုကို သင် မသိချင်ဘူးလား။ သိချင်တယ်ဆိုရင် သူတို့နဲ့တွေ့တဲ့အခါ မေးဖို့မတွန့်ဆုတ်ပါနဲ့။ သူတို့က ဝမ်းသာအားရ ပြောပြကြမှာပါ။
^ စာပိုဒ်၊ 61 ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းစာအုပ်ရဲ့ အခန်း ၁၁ ကိုဖတ်ကြည့်ပါ။
^ စာပိုဒ်၊ 65 ဒီဆောင်းပါးတွဲရဲ့ နောက်ဆောင်းပါးက ဘုရားသခင် ဘာကြောင့် ဆင်းရဲဒုက္ခတွေကို ခွင့်ပြုထားတာလဲဆိုတဲ့ အကြောင်းဖြစ်ပါတယ်။