မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘာသာစကားတွေက ဘေဘယ်လ်ရဲတိုက်ကနေ ပေါ်ပေါက်လာတာလား

ဘာသာစကားတွေက ဘေဘယ်လ်ရဲတိုက်ကနေ ပေါ်ပေါက်လာတာလား

‘ထာဝရဘုရားသည် သူတို့ကို မြေကြီးတစ်ပြင်လုံး၌ အရပ်ရပ် ကွဲပြားစေတော်မူသဖြင့် သူတို့သည် မြို့ကိုမတည်ဘဲ နေကြ၏။ သို့ ဖြစ်၍ ထိုမြို့၌ ထာဝရဘုရားသည် မြေကြီးသားအပေါင်းတို့၏ စကားကို ရှုပ်ထွေးစေတော်မူသောကြောင့် ထိုမြို့သည် ဗာဗုလုန် (ဘေဘယ်လ်) မြို့ဟူ၍ တွင်သတည်း။’—ကမ္ဘာဦး ၁၁:၈၊ ၉

သမ္မာကျမ်းစာမှာပါတဲ့ အဲဒီမှတ်တမ်းက တကယ်ဖြစ်ခဲ့သလား။ အဲဒီကျမ်းချက်မှာ ဖော်ပြထားသလို ဘာသာစကားအမျိုးမျိုးဟာ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ပေါ်ပေါက်ခဲ့တာလား။ ဘာသာစကားတွေ စတင်ပေါ်ပေါက်လာပုံ၊ ပျံ့နှံ့သွားပုံနဲ့ပတ်သက်တဲ့ ကျမ်းစာမှတ်တမ်းကို လူတချို့ လှောင်ပြောင်ကြတယ်။ စာရေးဆရာတစ်ဦး ခုလိုဆိုတယ်– “ဘေဘယ်လ်ရဲတိုက်ဇာတ်လမ်းဟာ လုံးဝမဖြစ်နိုင်တဲ့ ဒဏ္ဍာရီတွေထဲက တစ်ခုဖြစ်တယ်။” ဘေဘယ်လ်ရဲတိုက်ဇာတ်လမ်းကိုသုံးပြီး “လူမျိုးနွယ်တွေ စတင်ပုံကို ကြိုးစားရှင်းပြတာဟာ အဓိပ္ပာယ်မရှိဘူး” လို့ ဂျူးဘာသာရေးဆရာတစ်ဦးကတောင် ပြောခဲ့တယ်။

ဒီကျမ်းစာမှတ်တမ်းကို လူတွေ ဘာကြောင့် လက်မခံကြတာလဲ။ အရိုးရှင်းဆုံးပြောရရင် ကျမ်းစာမှတ်တမ်းက ဘာသာစကားတွေ စတင်ပုံကိုရှင်းပြထားတဲ့ သီအိုရီတွေနဲ့ ကွဲလွဲနေလို့ပဲ။ ဥပမာ၊ ဘာသာစကားတွေဟာ ရုတ်တရက် ဖြစ်ပေါ်လာတာမဟုတ်ဘူး၊ အစက ပင်ရင်းဘာသာစကားတစ်ခုတည်းရှိပြီး အဲဒီကနေ တဖြည်းဖြည်း ဘာသာစကားအမျိုးမျိုး ပြောင်းလဲသွားတာဖြစ်နိုင်တယ်လို့ တချို့ပညာရှင်တွေ ခန့်မှန်းကြတယ်။ တချို့ကျတော့လည်း အစကတည်းက ပင်ရင်းဘာသာစကားများစွာရှိနေပြီး အဲဒီဘာသာစကားတစ်မျိုးစီဟာ တိရစ္ဆာန်တွေလို ဝူးဝူးဝါးဝါး အသံတွေကနေ ပီပြင်ရှင်းလင်းတဲ့ စကားသံတွေအဖြစ် တဖြည်းဖြည်း တိုးတက်လာတာဖြစ်နိုင်တယ်လို့ ယုံကြည်ကြတယ်။ ဒီသီအိုရီတွေနဲ့ တခြားသီအိုရီတွေကိုကြည့်ပြီး လူများစွာက ပါမောက္ခ ဒဗလျူ. တီ. ဖစ်တ်ရဲ့ အဆိုကို သဘောတူကြတယ်။ သူရဲ့စာအုပ် (The Evolution of Language) မှာ ခုလိုဖော်ပြထားတယ်– ‘ဘာသာစကားအစနဲ့ပတ်သက်ပြီး အပြည့်အဝ ယုံကြည်လက်ခံနိုင်လောက်တဲ့ အဖြေကို ခုထိမရသေးဘူး။’

ဘာသာစကားတွေရဲ့ မူလအစနဲ့ တိုးတက်လာပုံအကြောင်း ရှေးဟောင်းသုတေသီတွေ၊ လေ့လာဆန်းစစ်သူတွေက ဘယ်အချက်ကို တွေ့ရှိခဲ့ကြသလဲ။ သူတို့ရဲ့ တွေ့ရှိချက်က အဆိုပြုထားတဲ့ သီအိုရီတွေနဲ့ ကိုက်ညီသလား။ ဘေဘယ်လ်မှတ်တမ်းနဲ့ ကိုက်ညီသလား။ အရင်ဆုံး ကျမ်းစာပါ ဘေဘယ်လ်မှတ်တမ်းကို အသေးစိတ် လေ့လာကြည့်ရအောင်။

ဘယ်နေရာ၊ ဘယ်အချိန်မှာ ဖြစ်ခဲ့တာလဲ

ဘာသာစကားတွေ ရှုပ်ထွေးပြီး လူတွေ ပျံ့နှံ့သွားတဲ့ အဖြစ်အပျက်က “ရှိနာပြည်” မှာဖြစ်ခဲ့တယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ အဲဒီနေရာဟာ နောက်ပိုင်း ဘေဘီလိုနီးယား (ဗာဗုလုန်) လို့ အမည်တွင်လာတယ်။ (ကမ္ဘာဦး ၁၁:၂) အဲဒီအဖြစ်အပျက်က ဘယ်အချိန်မှာ ဖြစ်ခဲ့တာလဲ။ အာဗြဟံမမွေးခင် နှစ်ပေါင်း ၂၅၀ လောက်က အသက်ရှင်ခဲ့တဲ့ ဖာလက်,လက်ထက်မှာ “ကမ္ဘာလောက၌ နေထိုင်ကြသောသူတို့သည် ကွဲပြားသွား” တယ်လို့ ကျမ်းစာက ဖော်ပြထားတယ်။ ဒါကြောင့် အဲဒီအဖြစ်အပျက်က လွန်ခဲ့တဲ့နှစ်ပေါင်း ၄,၂၀၀ လောက်မှာ ဖြစ်ခဲ့တယ်ဆိုတာ သိသာတယ်။—ကမ္ဘာဦး ၁၀:၂၅ခမ; ကမ္ဘာဦး ၁၁:၁၈-၂၆

ပညာရှင်တချို့က အခုခေတ်မှာသုံးနေတဲ့ ဘာသာစကားတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀,၀၀၀ လောက်က လူသားတွေ ပြောဆိုခဲ့တဲ့ ပင်ရင်းဘာသာစကားတစ်မျိုးတည်းကနေ ဆင်းသက်လာတာဖြစ်ရမယ်လို့ သီအိုရီထုတ်ကြတယ်။ * တချို့ပညာရှင်တွေကျတော့ ယနေ့ လူတွေ ပြောဆိုနေတဲ့ ဘာသာစကားတွေဟာ လွန်ခဲ့တဲ့အနှစ် ၆,၀၀၀ လောက်က ပြောဆိုခဲ့တဲ့ ပင်ရင်းဘာသာစကား အတော်များများနဲ့ ဆက်စပ်နေတယ်လို့ အခိုင်အမာ ဆိုကြတယ်။ ပင်ရင်းဘာသာစကားတွေဟာ အခု မရှိတော့ပေမဲ့ အဲဒီစကားတွေ အဆင့်ဆင့်တိုးတက်လာခဲ့ပုံကို သူတို့ ဘယ်လိုခြေရာကောက်ကြသလဲ။ “ဒါဟာ လှည့်စားမှုတစ်ခုပဲ။ ဘာကြောင့်လဲဆိုတော့ ဇီဝဗေဒပညာရှင်တွေနဲ့မတူတဲ့ အချက်က ဘာသာဗေဒပညာရှင်တွေမှာ အတိတ်ကို ခြေရာကောက်နိုင်မယ့် ကျောက်ဖြစ်ရုပ်ကြွင်း မရှိလို့ပဲ” ဆိုပြီး မဂ္ဂဇင်းတစ်စောင် (Economist) မှာ ရှင်းပြထားတယ်။ ဘာသာဗေဒပညာရှင်တစ်ယောက်ကတော့ ခန့်မှန်းတွက်ချက်ပြီး အဖြေရှာတယ်လို့ အဲဒီမဂ္ဂဇင်းက ဆက်ဖော်ပြထားတယ်။

တကယ်တော့၊ ဘာသာစကားကျောက်ဖြစ်ရုပ်ကြွင်းလို့ အမည်တပ်နိုင်တဲ့အရာတွေ ရှိပါတယ်။ အဲဒါတွေက ဘာတွေလဲ။ အဲဒါတွေက ဘာသာစကားတွေရဲ့ မူလအစအကြောင်း ဘာဖော်ပြပေးသလဲ။ ဗြိတိန်နီကာစွယ်စုံကျမ်းသစ် ကဒီလိုရှင်းပြတယ်– “ဘာသာစကားကျောက်ဖြစ်ရုပ်ကြွင်းဆိုတာ ရှေးဟောင်းအရေးအသားတွေပါပဲ။ ရှေးအကျဆုံး အရေးအသားတွေဟာ အလွန်ဆုံး လွန်ခဲ့တဲ့နှစ်ပေါင်း ၄,၀၀၀ ဒါမှမဟုတ် ၅,၀၀၀ လောက်က ဖြစ်တယ်။” ရှေးဟောင်းသုတေသီတွေက ဘာသာစကားကျောက်ဖြစ်ရုပ်ကြွင်းလို့ ခေါ်ဆိုနိုင်တဲ့ ရှေးခေတ်အရေးအသားတွေကို ဘယ်နေရာကနေ တွေ့ရှိခဲ့သလဲ။ ရှေးခေတ်ရှိနာပြည်ဖြစ်တဲ့ အခုခေတ် မက်ဆိုပိုတေးမီးယားဒေသ အောက်ပိုင်းကနေ တွေ့ရှိခဲ့တယ်။ * ဒါကြောင့် တွေ့ရှိရတဲ့ သက်သေအထောက်အထားတွေဟာ ကျမ်းစာပါ အချက်အလက်တွေနဲ့ ကိုက်ညီနေပါတယ်။

ဘာသာစကားမတူရင် စဉ်းစားပုံလည်း ကွဲပြား

ဘေဘယ်လ်မြို့မှာ လူသားတွေ “အချင်းချင်း နားမလည်စေခြင်းငှာ” ဘုရားသခင်က “သူတို့စကားကို ရှုပ်ထွေး” စေတယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။ (ကမ္ဘာဦး ၁၁:၇) အဲဒီအတွက် လူတွေဟာ “မြို့ကိုမတည်” တော့ဘဲ “မြေကြီးတစ်ပြင်လုံး၌ အရပ်ရပ်ကွဲပြား” သွားကြတယ်။ (ကမ္ဘာဦး ၁၁:၈၊ ၉) ဒါကြောင့် ယနေ့ခေတ် ဘာသာစကားအားလုံးဟာ ပင်ရင်းဘာသာစကားတစ်မျိုးတည်းကနေ တဖြည်းဖြည်း ပေါ်ပေါက်လာတယ်လို့ သမ္မာကျမ်းစာမှာ မဖော်ပြထားဘူး။ အဲဒီအစား၊ ဘာသာစကားအသစ်တွေ ရုတ်တရက် ဖြစ်ပေါ်လာတယ်လို့ ဖော်ပြထားတယ်။ အဲဒီဘာသာစကားတစ်ခုစီဟာ လူ့ခံစားချက်နဲ့ အတွေးအခေါ်တွေကို ဖော်ပြနိုင်တဲ့ ဘာသာစကားတွေဖြစ်ပြီး ဘာသာစကား တစ်ခုနဲ့တစ်ခုက မတူဘူးဆိုတာ ထင်ရှားတယ်။

မက်ဆိုပိုတေးမီးယား ဒေသမှာတွေ့ခဲ့တဲ့ ခရစ်နှစ်မတိုင်ခင် နှစ်ပေါင်း ၃,၀၀၀ က ရွှံ့တုံးပေါ်ရေးသား ခဲ့တဲ့စာ

ဒီနေ့ခေတ် ဘာသာစကားတွေကော ဘယ်လိုလဲ။ အဲဒီစကားတွေက အခြေခံအားဖြင့် တူညီသလား၊ ကွဲပြားခြားနားကြသလား။ စိတ်ပိုင်းဆိုင်ရာသိပ္ပံပညာရှင် လီရာ ဘောရောဒစ်ကီက ခုလိုရေးတယ်– “ကမ္ဘာပေါ်က (ဘာသာစကားပေါင်း ခန့်မှန်းခြေ ၇,၀၀၀ ရှိတဲ့အထဲက အနည်းငယ်သော) ဘာသာစကားတွေကို ဘာသာဗေဒပညာရှင်တွေ အသေးစိတ် လေ့လာကြည့်တဲ့အခါ အံ့ဩစရာကောင်းလောက်အောင် အများကြီးကွဲပြားခြားနားနေတယ်ဆိုတာ တွေ့ရှိရတယ်။” အဓိကဘာသာစကားတစ်ခုတည်းမှာရှိတဲ့ ဒေသသုံးစကားတွေက အခြေခံအားဖြင့် တူကြတယ်။ ဥပမာ၊ ကရင်ဘာသာစကားမှာရှိတဲ့ ပိုးကရင်နဲ့ စကောကရင်စကားတွေဟာ အခြေခံအားဖြင့် ဆင်တူတယ်။ ဒါပေမဲ့ အဓိကဘာသာစကား တစ်ခုနဲ့တစ်ခုတော့ မတူကြဘူး။ ဥပမာ၊ ကရင်စကားနဲ့ တရုတ်စကားကတော့ လုံးဝမတူပါဘူး။

ဘာသာစကားတွေကြောင့် လူတွေရဲ့ စဉ်းစားပုံနဲ့ သူတို့ရဲ့ဝန်းကျင်မှာရှိတဲ့ အရောင်အသွေး၊ အရေအတွက်၊ တည်နေရာစတာတွေကို ဖော်ပြပုံတွေ ကွဲပြားသွားတယ်။ ဥပမာ၊ ဘာသာစကားတစ်ခုက “ခင်ဗျားရဲ့ ညာလက်မှာ အကောင်လေးတစ်ကောင် ကပ်နေတယ်” လို့ပြောပေမဲ့ ဘာသာစကားနောက်တစ်ခုက “ခင်ဗျားရဲ့ အနောက်တောင်လက်မှာ အကောင်လေးတစ်ကောင် ကပ်နေတယ်” လို့ ပြောတတ်တယ်။ ဒီလိုကွဲပြားချက်တွေကြောင့် အနည်းဆုံးတော့ ခေါင်းရှုပ်သွားနိုင်တယ်။ ဒါကြောင့် ဘေဘယ်လ်ရဲတိုက်ကို ဆက်မဆောက်နိုင်ကြတော့တာ အံ့ဩစရာမဟုတ်ပါဘူး။

ဝူးဝူးဝါးဝါးပြောခဲ့သလား၊ ပီပြင်ရှင်းလင်းစွာပြောခဲ့သလား

ကမ္ဘာဦးဘာသာစကားက ဘယ်လိုမျိုးလဲ။ ပထမဆုံးလူ အာဒံဟာ စကားလုံးအသစ်တွေထွင်ပြီး တိရစ္ဆာန်တွေနဲ့ ငှက်တွေကို နာမည်ပေးခဲ့တယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (ကမ္ဘာဦး ၂:၂၀) အာဒံဟာ သူ့မိန်းမ ဧဝကို ဘယ်လောက်ချစ်တဲ့အကြောင်း ကဗျာလေးနဲ့ ဖော်ပြခဲ့တယ်။ ဘုရားသခင့်စကား နားမထောင်ရင် ဘာဖြစ်မလဲဆိုတဲ့အကြောင်းကို ဧဝလည်း ဘာသာစကားနဲ့ ရှင်းရှင်းလင်းလင်း ပြောနိုင်ခဲ့တယ်။ (ကမ္ဘာဦး ၂:၂၃; ၃:၁-၃) ဒါကြောင့် ဘာသာစကားကို ဦးဆုံးပြောတဲ့အချိန်ကတည်းက အချင်းချင်း ကောင်းကောင်း ပြောဆိုဆက်သွယ်နိုင်ပြီး စကားလုံးအသစ်တွေ ထွင်နိုင်တယ်ဆိုတာ သိနိုင်တယ်။

ဘေဘယ်လ်မြို့မှာ ဘာသာစကားတွေ ရှုပ်ထွေးသွားတဲ့အခါ လူတွေရဲ့ ကာယဉာဏစွမ်းပကားတွေကို ပေါင်းစပ်ဖို့ ခက်ခဲသွားတယ်။ ဒါပေမဲ့ အသစ်ပေါ်ထွက်လာတဲ့ ဘာသာစကားတွေဟာ ဦးဆုံးဘာသာစကားလိုပဲ ပီပြင်ရှင်းလင်းတဲ့ ဘာသာစကားတွေဖြစ်တယ်။ ဘာသာစကားတွေ ကွဲပြားပြီး ရာစုနှစ်အနည်းငယ်အတွင်း လူတွေဟာ မြို့ကြီးတွေ တည်ဆောက်နိုင်ခဲ့ကြတယ်။ အင်အားကြီးတဲ့ စစ်တပ်တွေကို ဖွဲ့စည်းနိုင်ခဲ့ကြတယ်။ နိုင်ငံတကာနဲ့ ကုန်သွယ်နိုင်စွမ်း ရှိခဲ့ကြတယ်။ (ကမ္ဘာဦး ၁၃:၁၂; ၁၄:၁-၁၁; ၃၇:၂၅) အဲဒီဘာသာစကားတွေမှာ ပီပြင်ရှင်းလင်းတဲ့ စကားလုံးတွေ၊ သဒ္ဒါစည်းမျဉ်းတွေသာ မရှိဘူးဆိုရင် အဲဒီအရာတွေကို လူတွေ လုပ်ဆောင်နိုင်ပါ့မလား။ သမ္မာကျမ်းစာအရ၊ ကမ္ဘာဦးအစမှာ လူသားတွေပြောခဲ့တဲ့ ဘာသာစကားနဲ့ ဘေဘယ်လ်မြို့မှာ ပေါ်ပေါက်ခဲ့တဲ့ ဘာသာစကားတွေဟာ တိရစ္ဆာန်တွေလို ဝူးဝူးဝါးဝါးအသံ မဟုတ်ဘဲ ပီပြင်ရှင်းလင်းတဲ့ ဘာသာစကားတွေဖြစ်တယ်။

ဒီအချက်က အခုခေတ် လေ့လာတွေ့ရှိချက်တွေနဲ့လည်း ကိုက်ညီတယ်။ စွယ်စုံကျမ်းတစ်အုပ် (The Cambridge Encyclopedia of Language) က ခုလိုဖော်ပြတယ်– “ယဉ်ကျေးမှုတွေကို လေ့လာတွေ့ရှိချက်တွေအရ တချို့လူမျိုးတွေရဲ့ ဘဝပုံစံဟာ ဘယ်လောက်ပဲ အဆင့်နိမ့်ကျနေပုံပေါက်ပါစေ၊ သူတို့ရဲ့စကားတွေကတော့ ရှင်းလင်းပီပြင်တယ်။” ဟားဗတ်တက္ကသိုလ်က ပါမောက္ခ စတီဗင်ပင်ကာကလည်း သူကိုယ်တိုင်ရေးတဲ့စာအုပ် (The Language Instinct) မှာ ခုလိုဖော်ပြထားတယ်– “ဝူးဝူးဝါးဝါးနဲ့ပြောတတ်တဲ့ ကျောက်ခေတ်သုံး ဘာသာစကားမျိုးဆိုတာ မရှိပါဘူး။”

အနာဂတ်ဘာသာစကား

ရှေးအကျဆုံး အရေးအသားတွေရဲ့ သက်တမ်းနဲ့ တူးဖော်တွေ့ရှိရာနေရာ၊ အဓိကဘာသာစကားတွေရဲ့ အခြေခံကွာခြားချက်၊ ရှေးခေတ်ဘာသာစကားတွေရဲ့ ရှင်းလင်းပီပြင်မှုတွေကို သုံးသပ်ကြည့်တဲ့အခါ ကျိုးကြောင်းဆီလျော်စွာ ဘယ်လိုကောက်ချက်ချနိုင်သလဲ။ သမ္မာကျမ်းစာမှာ မှတ်တမ်းတင်ထားတဲ့ ဘေဘယ်လ်မြို့ အဖြစ်အပျက်ဟာ ယုတ္တိအရှိဆုံးလို့ လူအများ ကောက်ချက်ချကြတယ်။

ယေဟောဝါဘုရားက လူသားတွေရဲ့ မနာခံမှုကြောင့် ဘေဘယ်လ်မြို့မှာ ဘာသာစကားကို ရှုပ်ထွေးစေခဲ့တယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (ကမ္ဘာဦး ၁၁:၄-၇) ဒါပေမဲ့ ဘုရားသခင် ဒီလိုကတိပြုထားတယ်– “လူမျိုးအပေါင်းတို့သည် ထာဝရဘုရား၏ အမှုတော်ကို တညီတညွတ်တည်း ဆောင်ရွက်မည်အကြောင်း နာမတော်ကို ပတ္ထနာပြုစေခြင်းငှာ သန့်ရှင်းသောဘာသာစကားကို သူတို့အား ငါပြန်ပေးမည်။” (ဇေဖနိ ၃:၉) “သန့်ရှင်းသောဘာသာစကား” ဖြစ်တဲ့ သမ္မာကျမ်းစာပါ အမှန်တရားဟာ ဒီနေ့အချိန်မှာ ကမ္ဘာတစ်ဝန်းက လူတွေကို စည်းလုံးစေခဲ့ပါပြီ။ အနာဂတ်မှာလည်း ဘုရားသခင်ဟာ ဘေဘယ်လ်မြို့မှာ စတင်ပေါ်ပေါက်ခဲ့တဲ့ ဘာသာစကား ရှုပ်ထွေးမှုတွေကို အဆုံးတိုင်စေပြီး ကမ္ဘာတစ်ခုလုံးမှာ ဘာသာစကားတစ်ခုတည်းကို အသုံးပြုစေခြင်းအားဖြင့် လူတွေကို စည်းလုံးစေမယ်လို့ ယူဆတာက ကျိုးကြောင်းညီညွတ်ပုံပေါက်ပါတယ်။

^ စာပိုဒ်၊ 8 ဘာသာစကားနဲ့ပတ်သက်တဲ့ သီအိုရီတွေဟာ လူက မျောက်ကနေ ဆင်းသက်လာတယ်ဆိုတဲ့ အချက်အပေါ် အခြေခံတတ်ကြတယ်။ အဲဒီလိုမျိုးသီအိုရီတွေနဲ့ပတ်သက်ပြီး သုံးသပ်ချက်တွေကို ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သက်ရှိများ၏မူလအစ—မေးသင့်မေးထိုက်သော မေးခွန်းငါးခု ဆိုတဲ့ စာစောင် [အင်္ဂလိပ်] ရဲ့ စာမျက်နှာ ၂၇-၂၉ မှာ ဖတ်ကြည့်ပါ။

^ စာပိုဒ်၊ 9 ရှေးဟောင်းသုတေသီတွေဟာ ရှိနာပြည်တစ်ဝိုက်မှာ ပိရမစ်နဲ့တူတဲ့ ဗိမာန်မျှော်စင်တွေကို တွေ့ရှိခဲ့ကြတယ်။ ဘေဘယ်လ်ရဲတိုက် ဆောက်လုပ်တဲ့သူတွေဟာ ကျောက်အစား အုတ်၊ အင်္ဂတေအစား ကတ္တရားစေးကို သုံးတယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (ကမ္ဘာဦး ၁၁:၃၊ ၄) ဗြိတိန်နီကာစွယ်စုံကျမ်းသစ် ကလည်း မက်ဆိုပိုးတေးမီးယားဒေသမှာ ကျောက်တုံးတွေ အတော့်ကိုရှားပါးတယ် ဒါမှမဟုတ် လုံးဝမတွေ့ရဘူး၊ ဒါပေမဲ့ ကတ္တရားစေးကို နေရာအနှံ့မှာ တွေ့နိုင်ကြောင်း ရှင်းပြတယ်။