မျက်နှာဖုံးဆောင်းပါး | ဘုရားကို အကြည်ညိုပျက်စေသည့် လိမ်လည်မှုများ
လိမ်လည်မှု ၁– ဘုရားသခင်ဆီမှာ နာမည်မရှိဘူး
လူအများယုံကြည်ရာ–
“ဘုရားသခင်ဆီမှာ နာမည်ရှိသလား၊ မရှိဘူးလားဆိုတာကို ကျွန်တော်တို့ သေချာမသိကြဘူး။ ရှိခဲ့ရင်တောင် ဘုရားသခင်နာမည်က ဘာလဲဆိုတာကို အမြင်ကွဲလွဲနေကြတယ်။”—ပါမောက္ခ ဒေးဗစ် ခါနင်ဟမ်၊ ဓမ္မပညာရပ်။
ကျမ်းစာအမှန်တရား–
“ငါသည် မှန်ကန်သော ဘုရားသခင် ယေဟောဝါဖြစ်၏။ ထိုနာမသည် ငါ့နာမဖြစ်၏” လို့ ဘုရားသခင်ကိုယ်တိုင် ပြောခဲ့တယ်။ (ဟေရှာယ ၄၂:၈၊ သမ္မာ) ဟီဘရူးဘာသာစကားနဲ့ “ယေဟောဝါ” ဆိုတဲ့ နာမည်က “ကိုယ်တော်ဖြစ်လာစေသည်” လို့ အဓိပ္ပာယ်ရှိတယ်။
ဘုရားသခင်က ယေဟောဝါဆိုတဲ့ မိမိနာမည်ကို အသုံးပြုစေချင်တယ်။ သမ္မာကျမ်းစာမှာ ခုလိုဖော်ပြထားတယ်– “နာမတော်ကို ပတ္ထနာပြု [“ခေါ်၊” ကဘ] ကြလော့။ အမှုတော်တို့ကို လူများတို့တွင် ဖော်ပြကြလော့။ နာမတော်သည် မြင့်မြတ်သောကြောင့် ချီးမွမ်းကြလော့။”—ဟေရှာယ ၁၂:၄။
ဘုရားသခင့်နာမည်ကို ယေရှု အသုံးပြုခဲ့တယ်။ ယေဟောဝါဘုရားဆီ ယေရှု ဆုတောင်းတဲ့အခါ ခုလိုပြောခဲ့တယ်– “ကိုယ်တော်၏နာမတော်ကို သူတို့ [ယေရှု၏တပည့်များ] အား ကြားသိစေပါပြီ၊ ထပ်၍ ကြားသိစေပါဦးမည်။” တပည့်တွေကို ဘုရားသခင့်နာမည်သိအောင် ယေရှု ဘာကြောင့် ပြောပြရတာလဲ။ “ကျွန်ုပ်အား ချစ်တော်မူသော [ဘုရားသခင်၏] မေတ္တာသည် သူတို့၌ ရှိစေရန်၊ ကျွန်ုပ်သည် သူတို့နှင့် တစည်းတလုံးတည်းရှိစေရန်” ဖြစ်တယ်လို့ ကိုယ်တော် ဆက်ပြောခဲ့တယ်။။—ယောဟန် ၁၇:၂၆။
ကျမ်းစာအမှန်တရားသိဖို့ အရေးကြီးရတဲ့ အကြောင်းရင်း–
“ဘုရားသခင့်နာမည်ကို မသိဘူးဆိုရင် ဘုရားသခင်ကို ပုဂ္ဂိုလ်တစ်ပါးအနေနဲ့ ဘယ်လိုမှ ရင်းနှီးနိုင်မှာမဟုတ်ဘူး။ ဘုရားသခင်ကို မမြင်နိုင်တဲ့စွမ်းအားဖြစ်တယ်လို့ပဲ သိထားတဲ့သူက ကိုယ်တော့်ကို မချစ်နိုင်ဘူး” လို့ ဓမ္မပညာရှင် ဝေါလ်တာ လောရီ ရေးသားခဲ့တယ်။
ဗစ်တာဟာ ခရစ်ယာန်ဘုရားကျောင်းကို အပတ်တိုင်း သွားတက်တယ်။ ဒါပေမဲ့ ဘုရားသခင်နဲ့ ရင်းနှီးတယ်လို့ သူ မခံစားခဲ့ရဘူး။ သူ ခုလိုပြောပြတယ်– “ဘုရားသခင့် နာမည်က ယေဟောဝါဖြစ်တယ်လို့ သိလိုက်ရတဲ့အခါ ဘုရားသခင်ကိုယ်တိုင် ကျွန်တော့်ကို လာမိတ်ဆက်သလို ခံစားရတယ်။ အရင်က ကိုယ်တော့်အကြောင်း တော်တော်လေးကြားဖူးထားပေမဲ့ ခုမှပဲ ကိုယ်တော့်ကို တွေ့လိုက်ရသလို ခံစားရတယ်။ ကိုယ်တော့်ကို ပုဂ္ဂိုလ်တစ်ပါးအဖြစ် မြင်လာပြီး တဖြည်းဖြည်းနဲ့ ရင်းနှီးလာတယ်။”
ယေဟောဝါဘုရားကလည်း မိမိနာမည်ကို အသုံးပြုတဲ့သူတွေနဲ့ ရင်းနှီးလိုစိတ် ရှိပါတယ်။ သမ္မာကျမ်းစာက ခုလိုကတိပြုထားတယ်– “နာမတော်ကို သိသောသူတို့သည် ကိုယ်တော်ကို ယုံကြည်ကြပါလိမ့်မည်။ အကြောင်းမူကား အိုထာဝရဘုရား ကိုယ်တော်ကို ရှာသောသူတို့ကို စွန့်ပစ်တော်မမူတတ်ပါ။” (ဆာလံ ၉:၁၀) ဘုရားသခင်က မိမိနာမည် အသုံးပြုတဲ့သူတွေကို ဆုချတဲ့အရှင်လည်း ဖြစ်ပါတယ်။ သမ္မာကျမ်းစာမှာ ခုလိုဖော်ပြထားတယ်– “ယေဟောဝါဘုရား၏နာမတော်ကို ခေါ်၍ဆုတောင်းသောသူတိုင်းသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။”—ရောမ ၁၀:၁၃။