ဘဝအတ္ထုပ္ပတ္တိ
ယေဟောဝါဘုရားရဲ့အမှုတော်ကို ဦးစားပေးလုပ်ဆောင်
ကျွန်တော်ဟာ ၁၉၃၇၊ ဇန်နဝါရီလမှာ အထက်တန်းကျောင်း ပြီးသွားလို့ အမေရိကန်နိုင်ငံအလယ်ပိုင်း၊ အိုင်အိုဝါပြည်နယ်မှာရှိတဲ့ တက္ကသိုလ်ကို ဆက်တက်ခဲ့တယ်။ အဲဒီတက္ကသိုလ်က ကျွန်တော်တို့နေတဲ့နေရာနဲ့ သိပ်မဝေးဘူး။ ကျောင်းသွားတက်လိုက်၊ ကျူရှင်လခအတွက် အလုပ်လုပ်လိုက်နဲ့ပဲ တစ်နေ့တစ်နေ့ အချိန်ကုန်မှန်းမသိ ကုန်သွားတယ်။ လူငယ်ဘဝမှာ အထပ်မြင့်အဆောက်အအုံတွေ၊ ကြိုးတံတားတွေကို ကျွန်တော် အာရုံစိုက်လေ့လာခဲ့တယ်။
၁၉၄၂ ခုနှစ်ရဲ့ အစောပိုင်းလတွေမှာ အမေရိကန်နိုင်ငံက ဒုတိယကမ္ဘာစစ်ထဲ စတင်ပါဝင်နေပြီ။ အဲဒီအချိန်မှာ ကျွန်တော် ကောလိပ် နောက်ဆုံးနှစ်ရောက်နေပြီး ဆောက်လုပ်ရေးအင်ဂျင်နီယာဘွဲ့ရဖို့ လပိုင်းပဲ လိုတော့တယ်။ ကျွန်တော်က အိမ်တစ်အိမ်မှာ အခန်းဖော် ၂ ယောက်နဲ့ အတူနေတယ်။ တစ်နေ့မှာ သူငယ်ချင်းတစ်ယောက်က အောက်ထပ်ကလူတွေဆီ လာလည်တဲ့သူနဲ့ သွားတွေ့ပါလားလို့ ကျွန်တော့်ကို လာပြောတယ်။ သူပြောတဲ့အတိုင်း သွားလိုက်တော့ ယေဟောဝါသက်သေတစ်ယောက်ဖြစ်တဲ့ ဂျွန် အို. (ဂျော်နီ) ဘရာမာနဲ့ တွေ့တယ်။ မေးခွန်းအားလုံးလိုလိုကို ကျမ်းစာနဲ့ သူအဖြေပေးနိုင်တာ အံ့ဩမိတယ်။ ဒါနဲ့ သူ့ကို အထင်ကြီးသွားပြီး သူနဲ့ ကျမ်းစာပုံမှန်လေ့လာခဲ့တယ်။ နောက်တော့ သူနဲ့အတူ ဟောပြောခြင်းလုပ်ငန်းမှာ ကျွန်တော် တတ်နိုင်သလောက် ပါ၀င်တယ်။
အိုင်အိုဝါပြည်နယ်၊ ဝါလ်နက်မြို့က ဘဏ်တစ်ခုရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဂျော်နီရဲ့အဖေ အော့တိုက ယေဟောဝါသက်သေဖြစ်လာတဲ့အခါ ဘုရားအမှုတော်မှာ အချိန်များများပါဝင်လုပ်ဆောင်နိုင်ဖို့ အဲဒီရာထူးကို စွန့်လွှတ်လိုက်တယ်။ ဂျော်နီရဲ့အဖေနဲ့ သူ့မိသားစုရဲ့စံနမူနာကောင်းကြောင့် နောက်ပိုင်းမှာ ကျွန်တော်လည်း အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ ချနိုင်ခဲ့တယ်။
ဆုံးဖြတ်ချက်ချရမယ့်အချိန်
တစ်နေ့တော့ တက္ကသိုလ်ဌာနမှူးက ကျွန်တော့်အဆင့်တွေ ထိုးကျသွားတဲ့အကြောင်း၊ အရင်ရခဲ့တဲ့အမှတ်တွေနဲ့ ဘွဲ့မရနိုင်ကြောင်း ပြောလာတယ်။ ကျွန်တော့်ကို လမ်းညွှန်ပေးပါလို့ ယေဟောဝါဘုရားဆီ ထက်ထက်သန်သန် ဆုတောင်းခဲ့တာကို မှတ်မိသေးတယ်။ ဘွဲ့ရပြီးမကြာခင်မှာ အင်ဂျင်နီယာပါမောက္ခက ကျွန်တော့်ကို ခေါ်တွေ့တယ်။ အင်ဂျင်နီယာအလုပ် ကမ်းလှမ်းတဲ့စာကို သူ ရခဲ့ကြောင်း၊ ကျွန်တော့်ကို မမေးဘဲ ဒီအလုပ်ကို ကျွန်တော်လက်ခံလိမ့်မယ်လို့ ယူဆပြီး အကြောင်းပြန်လိုက်ကြောင်း ပြောတယ်။ ပါမောက္ခကို ကျေးဇူးတင်စကားပြောပြီး ယေဟောဝါဘုရားရဲ့အမှုကို ဦးစားပေးလုပ်ဖို့ ဆုံးဖြတ်ထားတဲ့အတွက် ဒီအလုပ်ကို လက်မခံနိုင်ကြောင်းကိုပါ ရှင်းပြလိုက်တယ်။ ၁၉၄၂၊ ဇွန်လ ၁၇ ရက်မှာ ကျွန်တော် နှစ်ခြင်းခံလိုက်တယ်။ ချက်ချင်းဆိုသလိုပဲ ရှေ့ဆောင်တစ်ယောက်အဖြစ် ကျွန်တော် ခန့်အပ်ခံရတယ်။ ရှေ့ဆောင်ဆိုတာ ဘုရားအလုပ်အတွက် အချိန်အများကြီးပေးတဲ့သူ ဖြစ်တယ်။ ကျွန်တော်တို့ခေတ်က မှန်မှန်ရှေ့ဆောင်တွေဟာ တစ်လကို နာရီ ၁၀၀ အမှုဆောင်ရတယ်။
နှစ်ခြင်းခံတဲ့ ၁၉၄၂ ခုနှစ်မှာပဲ စစ်မှုထမ်းဖို့ဆင့်ခေါ်စာ ရောက်လာတယ်။ ဒါနဲ့ တပ်သားစုဆောင်းရေးဘုတ်အဖွဲ့ကိုသွားပြီး ကျွန်တော့်ရဲ့ ဩတ္တပ္ပစိတ်ကြောင့် စစ်မှုမထမ်းနိုင်ဘူးဆိုတာကို ရှင်းပြခဲ့တယ်။ ကျွန်တော်က စာရိတ္တကောင်းမွန်သူဖြစ်ပြီး ဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ယောက်ဖြစ်ဖို့ အရည်အချင်းပြည့်မီတယ်ဆိုတာ ဖော်ပြထားတဲ့ တက္ကသိုလ်ပါမောက္ခရဲ့ ထောက်ခံစာကို တင်ပြခဲ့တာတောင်မှ ဒဏ်ငွေ ဒေါ်လာတစ်သောင်းနဲ့ ထောင်ဒဏ်ငါးနှစ် ချမှတ်ခံခဲ့ရတယ်။ ဒါနဲ့ အမေရိကန်နိုင်ငံ၊ ကဲန်းစပ်စ်ပြည်နယ် လဲဗန်းဝါ့သ်မြို့မှာရှိတဲ့ထောင်ကို ရောက်သွားတယ်။
ကျွန်တော့်ရဲ့ ထောင်သားဘဝ
ကျွန်တော်အပါအဝင် သက်သေခံလူငယ် ၂၃၀ ကျော်ကို လဲဗန်းဝါ့သ်ထောင်ရဲ့ စိုက်ပျိုးရေးခြံမှာ အလုပ်လုပ်ဖို့ ပို့လိုက်တယ်။ အဲဒီမှာ ထောင်စောင့်တွေရဲ့ ကြီးကြပ်မှုအောက်မှာ အလုပ်လုပ်ခဲ့ရတယ်။ ထောင်စောင့်တချို့က ကျွန်တော်တို့ရဲ့ နိုင်ငံရေးကြားနေမှုကို သိရှိထားပြီး လေးစားကြတယ်။
ထောင်ထဲမှာ ကျမ်းစာအကြောင်းဆွေးနွေးတဲ့ အစည်းအဝေးတွေကို ပုံမှန်ဆက်လုပ်နိုင်ဖို့ ထောင်စောင့်တချို့က ပူးပေါင်းလုပ်ဆောင်ပေးတဲ့အပြင် ကျမ်းစာစာပေတွေ ရရှိနိုင်ဖို့လည်း ကူညီပေးကြတယ်။ ထောင်ပိုင်တစ်ယောက်ဆိုရင် နှစ်သိမ့်မှု (အခုအခေါ် နိုးလော့!) မဂ္ဂဇင်းကို တစ်နှစ်စာ ပိုက်ဆံပေးပြီး မှာယူထားတယ်။
ထောင်ကလွတ်လာပြီးနောက်ပိုင်း သာသနာပြုလုပ်ငန်း
ထောင်ဒဏ်ငါးနှစ်ချခံရပေမဲ့ သုံးနှစ်ပြည့်ပြီးတဲ့နောက် ၁၉၄၆၊ ဖေဖော်ဝါရီ ၁၆ ရက်မှာ ထောင်ကလွတ်လာတယ်။ အဲဒီအချိန်က ဒုတိယကမ္ဘာစစ်အပြီး လအနည်းငယ်အကြာမှာဖြစ်တယ်။ ထောင်ကလွတ်လွတ်ချင်း ရှေ့ဆောင်အနေနဲ့ ဘုရားအလုပ်ပဲ ပြန်လုပ်ခဲ့တယ်။ တာဝန်ရတဲ့နေရာက ကျွန်တော် ထောင်ကျဖူးတဲ့ ကဲန်းစပ်စ်ပြည်နယ် လဲဗန်းဝါ့သ်မြို့ဖြစ်နေတယ်။ အဲဒီကလူတွေဟာ ယေဟောဝါသက်သေတွေကို အမြင်စောင်းပြီး မျက်မုန်းကျိုးနေကြလို့ အဲဒီကိုပြန်သွားဖို့ ကျွန်တော် တော်တော်ကြောက်ခဲ့တာ။ ပြီးတော့ အဲဒီမှာ အလုပ်ရဖို့ဆိုတာ မလွယ်ဘူး။ နေစရာနေရာရဖို့ဆိုရင် ပိုလို့တောင်ခက်သေးတယ်။
တစ်ခါကဆိုရင် တစ်အိမ်တက်ဆင်းသွားပြီး ကျမ်းစာအကြောင်းဟောနေတုန်း ကျွန်တော့်ရဲ့ ထောင်စောင့်ဖြစ်ခဲ့ဖူးသူနဲ့ ပက်ပင်းသွားတိုးတာပဲ။ သူ့လက်ထဲမှာ ဘေ့စ်ဘောရိုက်တံ ကိုင်ထားပြီး “ငါ့အိမ်ကနေ ထွက်သွားစမ်း” လို့ လှမ်းအော်တယ်။ ကျွန်တော်လည်း ကြောက်လန့်ပြီး အမြန်ဆုံး ထွက်လာလိုက်တယ်။ တခြားအိမ်မှာကျတော့ အမျိုးသမီးတစ်ယောက်က “ခဏစောင့်” လို့ပြောပြီး တံခါးပိတ်လိုက်တယ်။ ကျွန်တော် စောင့်နေတုန်း အပေါ်ထပ်က ပြတင်းပေါက်ပွင့်လာပြီး ပန်းကန်ဆေးရေ ညစ်ညစ်ပတ်ပတ်နဲ့ လောင်းချခံရတယ်။ ဘုရားအမှုဆောင်တဲ့အခါ အဲဒီလိုအတိုက်အခံတွေ ကြုံရပေမဲ့ အကျိုးကျေးဇူးတွေလည်း ရခဲ့ပါတယ်။ ကျွန်တော့်ဆီကနေ စာပေယူခဲ့သူတွေထဲက တချို့ဟာ သက်သေခံဖြစ်လာတယ်လို့ နောက်ပိုင်းမှာ ပြန်ကြားရတယ်။
၁၉၄၃ ခုနှစ်မှာ သာသနာပြုတွေအတွက် သင်တန်းတစ်ခုကို နယူးယောက်အထက်ပိုင်းမှာ စတင်ဖွင့်လှစ်လိုက်တယ်။ အဲဒီသင်တန်းရဲ့ ဆယ်ကြိမ်မြောက်သင်တန်းကိုတက်ဖို့ ကျွန်တော် ဖိတ်ခေါ်ခံခဲ့ရတယ်။ ၁၉၄၈၊ ဖေဖော်ဝါရီ ၈ ရက်မှာ သင်တန်းဆင်းလက်မှတ်ရခဲ့တယ်။ အဲဒီသင်တန်းဟာ နောက်ပိုင်းမှာ ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်းလို့ အမည်တွင်လာတယ်။ သင်တန်းပြီးဆုံးပြီးနောက် ကျွန်တော့်ကို ဂိုးလ်ကို့စ် (အခုအခေါ် ဂါနာ) နိုင်ငံမှာ တာဝန်ချခဲ့တယ်။
ကျွန်တော့်တာဝန်က ဂိုးလ်ကို့စ်မှာရှိတဲ့ အစိုးရအရာရှိတွေနဲ့ ဥရောပသားတွေကို ဟောပြောဖို့ဖြစ်တယ်။ စနေ၊ တနင်္ဂနွေနေ့တွေမှာ ဒေသခံယေဟောဝါသက်သေတွေနဲ့အတူ တစ်အိမ်တက်ဆင်း ဟောပြောခြင်းလုပ်ငန်းမှာပါဝင်ပြီး သူတို့ကို လိုအပ်သလို ကူညီပေးခဲ့တယ်။ ရပ်ဝေးမှာရှိတဲ့ သက်သေခံတွေဆီကိုလည်း လည်ပတ်ပြီး ဘုရားအမှုဆောင်လုပ်ငန်းအတွက် သူတို့ကို လေ့ကျင့်ပေးခဲ့တယ်။ ဒါ့အပြင် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိုင်ဗရီကို့စ် (အခုအခေါ် ကုတ်ဒီအဗွား) နိုင်ငံမှာလည်း နယ်လှည့်ကြီးကြပ်မှူးအဖြစ် အမှုဆောင်ခဲ့တယ်။
အဲဒီဒေသတွေမှာအမှုဆောင်ရင်း အာဖရိက ဒေသခံတွေလို နေတတ်လာတယ်။ ရွှံ့နဲ့ ဆောက်ထားတဲ့တဲမှာ အိပ်တတ်လာတယ်။ ဇွန်း၊ ခရင်းမသုံးဘဲ လက်နဲ့စားတတ်လာတယ်။ အစ္စရေးလူတွေ တောကန္တာရမှာ လှည့်လည်နေတုန်း တပ်စခန်းအပြင်မှာ အလေးသွားသလို ကျွန်တော်လည်း သွားတတ်လာတယ်။ (တရားဟောရာ ၂၃:၁၂-၁၄) ဒေသခံတွေလို နေတတ်လာတဲ့အခါ ကျွန်တော်တို့ကို လူတွေ ပိုပြီးအကောင်းမြင်လာကြတယ်။ ကျွန်တော်တို့နဲ့အတူ ကျမ်းစာလေ့လာသူတွေထဲမှာ အရာရှိတချို့ရဲ့ ဇနီးသည်တွေလည်းပါတယ်။ အဲဒီအတွက် ဆန့်ကျင်သူတွေက ကျွန်တော်တို့ကို ဒုက္ခပေးလာတဲ့အခါ၊ ဗီဇာ ရုတ်သိမ်းခိုင်းဖို့ ကြိုးစားလာတဲ့အခါ အရာရှိတွေကို သူတို့ရဲ့ ဇနီးသည်တွေက ပြောပေးတဲ့အတွက် ဆန့်ကျင်သူတွေ မအောင်မြင်ခဲ့ကြဘူး။
အာဖရိကမှာတာဝန်ကျတဲ့ တခြားသာသနာပြုများစွာလိုပဲ ကျွန်တော်လည်း ငှက်ဖျားဒဏ်ခံခဲ့ရတယ်။ ငှက်ဖျားထတဲ့အခါ အဖျားကြီးပြီး ကယောင်ကတမ်းတွေ ဖြစ်တဲ့အပြင် အရမ်းလည်းချမ်းတယ်။ တစ်ချက်တစ်ချက် အရမ်းချမ်းတုန်လာပြီး မေးချင်းရိုက်နေလို့ အောက်မေးရိုးကို လက်နဲ့ဖိထားရတယ်။ ဒါပေမဲ့ ဘုရားအမှုဆောင်ခြင်းကနေ ကျွန်တော် ကျေနပ်ပျော်ရွှင်မှု ဆက်ရခဲ့ပါတယ်။
အာဖရိကမှာ အမှုဆောင်တဲ့ ပထမလေးနှစ်အတွင်း အီဗာ ဟားလ်ကွစ်ခ်နဲ့ ကျွန်တော် စာအဆက်အသွယ်အမြဲရှိခဲ့တယ်။ ကျွန်တော် အာဖရိကမလာခင် အမေရိကန်မှာ သူနဲ့ ဆုံခဲ့တာ။ သူက ဂိလဒ်ကျောင်းရဲ့ ၂၁ ကြိမ်မြောက်သင်တန်းကို တက်ရောက်ခွင့်ရခဲ့ပြီး ၁၉၅၃၊ ဇူလိုင် ၁၉ ရက်၊ နယူးယောက်မြို့ ရန်ကီးအားကစားကွင်းမှာ ကျင်းပမယ့် ယေဟောဝါသက်သေတွေရဲ့ အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီးမှာ သူတို့ရဲ့ သင်တန်းဆင်းပွဲရှိတယ်။ ကျွန်တော် အဲဒီကို သွားချင်ပေမဲ့ ပိုက်ဆံမရှိဘူး။ ဒါနဲ့ သင်္ဘောကပ္ပတိန်နဲ့ညှိပြီး သင်္ဘောမှာ အလုပ်လုပ်ပေးရင်း အမေရိကန်နိုင်ငံကို လိုက်သွားခဲ့တယ်။
လှိုင်းလေထန်တဲ့ ပင်လယ်ပြင်ကို ၂၂ ရက်ကြာ ဖြတ်သန်းပြီးတဲ့နောက်မှာတော့ ကျွန်တော်ဟာ အမေရိကန်ကို ရောက်သွားပြီး အီဗာနဲ့တွေ့ဖို့ ဘရွတ်ကလင်မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဌာနချုပ်ဆီ ဦးတည်လာခဲ့တယ်။ အဲဒီကိုရောက်တဲ့အခါ ကောင်းကင်ပြာကြီးနဲ့ နယူးယောက်ဆိပ်ကမ်းကိုမြင်ရတဲ့ အဆောက်အအုံအမိုးပေါ်မှာ ကျွန်တော် သူ့ကို လက်ထပ်ခွင့်တောင်းခဲ့တယ်။ နောက်ပိုင်းမှာတော့ ကျွန်တော်တို့နှစ်ယောက် ဂိုးလ်ကို့စ်မှာ အတူအမှုဆောင်ခဲ့ကြတယ်။
မိသားစုတာဝန်တွေကို ထမ်းဆောင်ခြင်း
အာဖရိကမှာ အီဗာနဲ့အတူ နှစ်အတော်ကြာ အမှုဆောင်ပြီးတဲ့နောက် အမေ့ဆီက စာတစ်စောင် ရောက်လာတယ်။ အဖေ့ရဲ့ကင်ဆာရောဂါက အခြေအနေ အရမ်းဆိုးနေပြီဆိုတဲ့ အကြောင်းကြားစာပါပဲ။ အဖေ့ကို ပြန်ကြည့်ဖို့ ခွင့်ပြုချက် ရပြီးနောက်မှာ အီဗာနဲ့ကျွန်တော်ဟာ အမေရိကန်ကို ပြန်ခဲ့ကြတယ်။ အဖေရဲ့အခြေအနေ အရမ်းဆိုးဝါးလာပြီး မကြာခင်မှာပဲ ဆုံးပါးသွားတယ်။
ကျွန်တော်တို့ ဂါနာနိုင်ငံကို ပြန်ရောက်ပြီး လေးနှစ်နီးပါးအကြာမှာ အမေ့ရဲ့ ကျန်းမာရေးလည်း ဆိုးရွားလာတယ်။ တာဝန်ကရပ်နားပြီး အမေ့ကို ပြန်ကြည့်ရှုဖို့ မိတ်ဆွေတချို့က အကြံပြုကြတယ်။ ဒါက ကျွန်တော်တို့အတွက် အခက်ဆုံး ဆုံးဖြတ်ချက်တစ်ခုပါ။ သာသနာပြုလုပ်ငန်းမှာ တစ်ကိုယ်ရေဘဝနဲ့ ၄ နှစ်၊ အီဗာနဲ့အတူ ၁၁ နှစ် ပါဝင်ခဲ့ပြီးတဲ့နောက် ကျွန်တော်တို့ အမေရိကန်ကို ပြန်လာခဲ့ကြတယ်။
အမေ မကျန်းမာတဲ့နှစ်တွေတစ်လျှောက် အီဗာနဲ့ ကျွန်တော်ဟာ အမေ့ကို တစ်လှည့်စီ ဂရုစိုက်ခဲ့ကြတယ်။ အမေစည်းဝေးသွားနိုင်တယ်ဆိုရင် သူ့ကိုလိုက်ပို့ပေးတယ်။ ၁၉၇၆၊ ဇန်နဝါရီလ ၁၇ ရက် အသက် ၈၆ နှစ်မှာ အမေ ကွယ်လွန်သွားတယ်။ နောက်ကိုးနှစ်အကြာမှာ ဒီထက်ဆိုးဝါးတဲ့ အဖြစ်တစ်ခု ကြုံရပြန်တယ်။ အီဗာမှာ ကင်ဆာရောဂါရှိနေပြီ။ နည်းမျိုးစုံသုံးပြီး ကုသခဲ့ပေမဲ့ ၁၉၈၅၊ ဇွန်လ ၄ ရက် အသက် ၇၀ မှာ သူ ဆုံးသွားတယ်။
ကျေနပ်ပျော်ရွှင်မှုရစေတဲ့အလုပ်မှာ ကြုံတွေ့ရတဲ့ နောက်ထပ်အပြောင်းအလဲများ
၁၉၈၈ ခုနှစ်မှာ ဂါနာဌာနခွဲတိုးချဲ့ဆောင် ဆက်ကပ်အပ်နှံပွဲကို ကျွန်တော်တက်ရောက်ခွင့်ရခဲ့တယ်။ တကယ့်ကို အမှတ်ရစရာ အခါသမယပါပဲ။ လွန်ခဲ့တဲ့အနှစ် ၄၀ က ဂါနာနိုင်ငံကို ကျွန်တော် စရောက်ချိန်မှာ သက်သေခံအရေအတွက်က ၇၃၅ ယောက်ပဲရှိသေးတယ်။ ၁၉၈၈ ခုနှစ်မှာတော့ သက်သေခံ ၃၄,၀၀၀ ကျော်သွားပြီ။ အခုဆိုရင် ၁၁၄,၀၀၀ နီးပါးဖြစ်နေပြီ။
ဂါနာနိုင်ငံက ပြန်ရောက်ပြီး နှစ်နှစ်အကြာ ၁၉၉၀၊ ဩဂုတ် ၆ ရက်မှာ အီဗာရဲ့ သူငယ်ချင်း ဘက်တီမီလာနဲ့ ကျွန်တော်လက်ထပ်ခဲ့တယ်။ ကျွန်တော်တို့နှစ်ယောက်လုံး ယေဟောဝါဘုရားရဲ့ အမှုတော်ကို ဆက်ပြီး ဦးစားပေးလုပ်ဆောင်နေကြပါတယ်။ သာယာလှပတဲ့ ကမ္ဘာမြေပေါ်မှာ အဖိုးအဖွား၊ အဖေအမေနဲ့ အီဗာတို့ ပြန်ရှင်လာကြမယ့်နေ့ကိုလည်း ကျွန်တော်တို့အတူတကွ စောင့်မျှော်နေပါတယ်။—တမန်တော် ၂၄:၁၅။
ယေဟောဝါဘုရားကို အနှစ် ၇၀ ကျော်အထိ ဝတ်ပြုကိုးကွယ်ရတဲ့ အခွင့်ထူးကို ပြန်စဉ်းစားလိုက်တိုင်း ကျွန်တော် မျက်ရည်ဝဲလာတယ်။ ကိုယ်တော့်ရဲ့ အမှုတော်ကို ဦးစားပေးလုပ်ဆောင်ဖို့ လမ်းပြပေးခဲ့တဲ့အတွက်လည်း ကိုယ်တော့်ကို ကျေးဇူးတင်တယ်။ အခု၊ ကျွန်တော့်အသက် ၉၀ ကျော်နေပါပြီ။ ဒါပေမဲ့ စကြဝဠာတစ်ခုလုံးမှာ အကြီးမြတ်ဆုံး ဆောက်လုပ်ရေးအင်ဂျင်နီယာဖြစ်တဲ့ ယေဟောဝါဘုရားက ကိုယ်တော့်အမှုကို ဆက်ပြီး ဦးစားပေးလုပ်ဆောင်နိုင်ဖို့ ကျွန်တော့်ကို ခွန်အားပေးနေတုန်းပါပဲ။