မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများအမေး . . .

မတရားအနိုင်ကျင့်မှုတွေကို ဘုရားသခင် ဘာကြောင့် ဖြစ်ခွင့်ပြုထားတာလဲ

မတရားအနိုင်ကျင့်မှုတွေကို ဘုရားသခင် ဘာကြောင့် ဖြစ်ခွင့်ပြုထားတာလဲ

အားကြီးသူက အားနည်းသူအပေါ် မတရားအနိုင်ကျင့်တဲ့ ဇာတ်လမ်းတချို့ကို သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။ ဥပမာ၊ နာဗုတ်ရဲ့ ဇာတ်လမ်းကို အမှတ်ရနိုင်တယ်။ * ဘီစီ ၁၀ ရာစုမှာ အုပ်ချုပ်ခဲ့တဲ့ အစ္စရေးဘုရင်အာဟပ်က နာဗုတ်ရဲ့စပျစ်ခြံကို လိုချင်တဲ့အတွက် နာဗုတ်နဲ့ သူ့သားတွေကိုသတ်ဖို့ မိဖုရား ယေဇဗေလကို ခွင့်ပြုလိုက်တယ်။ (၃ ဓမ္မရာဇဝင် ၂၁:၁-၁၆; ၄ ဓမ္မရာဇဝင် ၉:၂၆) အခွင့်အာဏာကို အဲဒီလိုမျိုး မတရားအလွဲသုံးစားလုပ်တာကို ဘုရားသခင် ဘာကြောင့် ခွင့်ပြုခဲ့တာလဲ။

“မုသားနှင့် ကင်းစင်သော ဘုရားသခင်။”—တိတု ၁:၂

အဓိကအကြောင်းရင်းတစ်ခုကတော့ ဘုရားသခင်ဟာ မုသားမသုံးနိုင်တဲ့အတွက် ဖြစ်တယ်။ (တိတု ၁:၂) ဒီအချက်က မတရားအနိုင်ကျင့်မှုနဲ့ ဘယ်လို သက်ဆိုင်လို့လဲ။ ငါ့စကား နားမထောင်ရင် သေရလိမ့်မယ်လို့ ကမ္ဘာဦး အစကတည်းက လူသားတွေကို ဘုရားသခင် သတိပေးခဲ့တယ်။ ဘုရားသခင်ပြောခဲ့တဲ့အတိုင်းပါပဲ၊ ပထမဆုံး လူသားမောင်နှံဟာ ဧဒင်ဥယျာဉ်မှာ ဘုရားသခင့်စကား နားမထောင်ခဲ့တဲ့အချိန်ကနေစပြီး အခုထက်ထိ လူတွေဟာ သေခြင်းတရားကို ရင်ဆိုင်နေကြရတယ်။ လူ့သမိုင်းမှာ ဦးဆုံးသေဆုံးခဲ့သူ အာဗေလဟာ အစ်ကိုဖြစ်သူ ကာဣနရဲ့ မတရားအနိုင်ကျင့်မှုကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်။—ကမ္ဘာဦး ၂:၁၆၊ ၁၇; ၄:၈

အာဗေလ သေသွားချိန်ကစပြီး လူ့သမိုင်းအကြောင်း ဘုရားသခင် ဒီလိုပြောခဲ့တယ်– ‘လူတစ်ဦးသည် တစ်ဦးအပေါ်တွင်အုပ်စိုးလျက် သူ၏အကျိုးကိုဖျက်ဆီးပြီ။’ (ဒေသနာ ၈:၉သမ္မာ) အဲဒီစကားတွေ မှန်ပါသလား။ ယေဟောဝါဘုရားက မိမိကို ဝတ်ပြုကိုးကွယ်တဲ့ အစ္စရေးလူမျိုးဟာ ရှင်ဘုရင်တွေရဲ့ မတရားအနိုင်ကျင့်မှုကို ခံရလိမ့်မယ်လို့ သတိပေးခဲ့တယ်။ အဲဒီအခါ အော်ဟစ်အကူအညီ တောင်းရလိမ့်မယ်လို့လည်း ပြောခဲ့တယ်။ (၁ ဓမ္မရာဇဝင် ၈:၁၁-၁၈) ပညာရှိဘုရင် ရှောလမုန်တောင် အစ္စရေးပြည်သူပြည်သားတွေဆီကနေ အခွန် မတရားကောက်ခဲ့တယ်။ (၃ ဓမ္မရာဇဝင် ၁၁:၄၃; ၁၂:၃၊ ၄) အာဟပ်လို ဆိုးညစ်တဲ့ ရှင်ဘုရင်တွေဆိုရင် ပိုပြီးတော့တောင် မတရားအနိုင်ကျင့်ခဲ့တယ်။ ဒီအချက်ကို စဉ်းစားကြည့်ပါ၊ အဲဒီလို မတရားအနိုင်ကျင့်မှုတွေအားလုံးကို ဘုရားသခင် တားဆီးပေးမယ်ဆိုရင် ကိုယ်တော်ပြောခဲ့တဲ့ စကားတွေက မုသားစကားတွေ ဖြစ်သွားမယ်မဟုတ်လား။

‘လူတစ်ဦးသည် တစ်ဦးအပေါ်တွင်အုပ်စိုးလျက် သူ၏အကျိုးကို ဖျက်ဆီးပြီ။’—ဒေသနာ ၈:၉သမ္မာ။

လူသားတွေဟာ ကိုယ်ကျိုးအတွက်ပဲ ဘုရားကို ဝတ်ပြုနေကြတာပါလို့ စာတန်မာရ်နတ် စွပ်စွဲခဲ့တယ်။ (ယောဘ ၁:၉၊ ၁၀; ၂:၄) ဘုရားက မိမိကိုဝတ်ပြုတဲ့သူတွေကို မတရားဖိနှိပ်မှု အမျိုးမျိုးကနေ ကာကွယ်ပေးမယ်ဆိုရင် စာတန်ရဲ့စွပ်စွဲချက်ကို ထောက်ခံရာ ရောက်သွားမယ်မဟုတ်လား။ ဒါ့အပြင် လူတွေဟာ ကိုယ့်ဘာသာကိုယ် အုပ်ချုပ်နိုင်စွမ်းမရှိဘူးလို့ ဘုရားသခင် အတိအလင်း ဖော်ပြထားတယ်။ (ယေရမိ ၁၀:၂၃) ဘုရားသခင်သာ လူသားအားလုံးကို မတရားအနိုင်ကျင့်မှုတွေကနေ လိုက်ကာကွယ်ပေးနေမယ်ဆိုရင် လူတွေက ဘုရားမပါဘဲ ကိုယ့်ဘာသာကိုယ် အုပ်ချုပ်နိုင်တယ်လို့ ထင်သွားနိုင်တယ်။ အဲဒီလိုသာဆိုရင် ဘုရားသခင်က လူသားတွေကို လိမ်လည်ရာ ရောက်သွားမယ်မဟုတ်ဘူးလား။ မတရားအနိုင်ကျင့်မှုတွေကို ယေဟောဝါဘုရားသခင်တစ်ပါးပဲ ပပျောက်အောင် လုပ်ပေးနိုင်တယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ ဘုရားသခင်တည်ထောင်မယ့် အစိုးရကို လိုအပ်တာဖြစ်တယ်။

ဒါဆိုရင် ဘုရားသခင်က မတရားအနိုင်ကျင့်မှုတွေကို လုံးဝလျစ်လျူရှုထားတယ်ဆိုတဲ့ သဘောလား။ မဟုတ်ပါဘူး။ ကိုယ်တော်လုပ်ဆောင်တဲ့ အရာနှစ်ခုကို သုံးသပ်ကြည့်ပါ။ ပထမ၊ မတရားအနိုင်ကျင့်မှုနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ဖော်ထုတ်ပြတယ်။ ဥပမာ၊ နာဗုတ်အပေါ် ယေဇဗေလရဲ့ ကောက်ကျစ်စဉ်းလဲတဲ့ ကြံစည်မှု တစ်ခုချင်းစီကို ဖော်ထုတ်ခဲ့တယ်။ ဒါ့အပြင် ဆိုးညစ်မှုတွေဟာ ကိုယ်ဘယ်သူဘယ်ဝါဆိုတာ မသိစေချင်တဲ့ တန်ခိုးကြီး အုပ်စိုးရှင်ကြောင့်ဖြစ်ပြီး အဲဒီအုပ်စိုးရှင်ဟာ စာတန်မာရ်နတ် ဖြစ်တယ်ဆိုတာ သမ္မာကျမ်းစာမှာ ထုတ်ဖော်ထားတယ်။ (ယောဟန် ၁၄:၃၀; ၂ ကောရိန္သု ၁၁:၁၄) အဲဒီလိုဆိုးညစ်မှုနဲ့ မတရားအနိုင်ကျင့်မှုတွေအပြင် ဒါတွေကို ဖြစ်ပေါ်စေတဲ့သူအကြောင်း ဘုရားသခင် ဖော်ထုတ်ပေးပြီး ကျွန်ုပ်တို့ကို ဒီဆိုးညစ်မှုတွေနဲ့ ကင်းရှင်းအောင် ကူညီပေးတယ်။ ဒါက ကျွန်ုပ်တို့ ထာဝစဉ် အသက်ရှင်နိုင်ဖို့ ကူညီပေးနေတာဖြစ်တယ်။

ဒုတိယ၊ မတရားအနိုင်ကျင့်မှုတွေကို လုံးဝပပျောက်စေမယ်လို့ ဘုရားသခင် အာမခံထားတယ်။ အာဟပ်နဲ့ ယေဇဗေလတို့အပြင် မတရားလုပ်တဲ့ တခြားသူများစွာရဲ့ လုပ်ရပ်တွေကို ဘုရားသခင် ဖော်ထုတ်၊ တရားစီရင်ပြီး အပြစ်ပေးတာတွေက မတရားသူအားလုံးကို အပြစ်ပေးမယ်ဆိုတဲ့ ကိုယ်တော့်ကတိကို ယုံကြည်စိတ်ချစေတဲ့ အကြောင်းရင်းတွေပါပဲ။ (ဆာလံ ၅၂:၁-၅) ဘုရားသခင်ကို ချစ်တဲ့သူတွေလည်း မကောင်းမှုတွေကြောင့် ထိခိုက်နစ်နာခဲ့တာတွေ ရှိပါတယ်။ သူတို့ခံခဲ့ရသမျှကို အားလုံးအစားပြန်ပေးမယ်ဆိုတဲ့ ယုံကြည်စိတ်ချနိုင်တဲ့ကတိကိုလည်း ဘုရားသခင်ပေးထားပါတယ်။ * ဒါကြောင့် သစ္စာတည်ကြည်သူ နာဗုတ်နဲ့ သူ့သားတွေဟာ မတရားမှုကင်းစင်တဲ့ ကမ္ဘာမြေပေါ်မှာ ပြန်အသက်ရှင်လာပြီး ထာဝစဉ်နေသွားခွင့် ရပါလိမ့်မယ်။—ဆာလံ ၃၇:၃၄

^ စာပိုဒ်၊ 3 ဒီမဂ္ဂဇင်းမှာပါတဲ့ “သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ” ဆောင်းပါးကို ကြည့်ပါ။

^ စာပိုဒ်၊ 8 ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ သမ္မာကျမ်းစာသွန်သင်ရာကဘာလဲ စာအုပ်ရဲ့ အခန်း ၁၁ ကိုဖတ်ကြည့်ပါ။