သွေးဆောင်မှုကို သင် တွန်းလှန်နိုင်
“ညစ်ညမ်းရုပ်ပုံတွေကိုကြည့်ဖို့ ကျွန်တော် မရည်ရွယ်ခဲ့ပါဘူး။ ဒါပေမဲ့ အင်တာနက်သုံးနေတုန်း ရုတ်တရက် ကြော်ငြာ တစ်ခုပေါ်လာတယ်။ အဲဒီကြော်ငြာကို ကျွန်တော် ကလစ် နှိပ်လိုက်မိတယ်။”—ကိုဇော်ဦး။ *
“ဆွဲဆောင်မှုရှိတဲ့ အလုပ်ဖော်မိန်းကလေးတစ်ယောက်က ကျွန်တော့်ကို အီစီကလီ လုပ်နေတယ်။ တစ်နေ့တော့၊ ဟိုတယ်မှာ ‘စကားသွားပြောရအောင်လေ’ လို့ပြောလာတယ်။ သူ ဘာဆိုလိုချင်တယ်ဆိုတာ ကျွန်တော် သိတယ်။”—ကိုစည်သူအောင်။
လူတချို့ဟာ သွေးဆောင်ခံရတဲ့အခါ အဲဒီသွေးဆောင်မှုအတိုင်း လိုက်လုပ်တတ်ကြတယ်။ တချို့ကတော့ သွေးဆောင်မှုကို ရန်သူလိုယူမှတ်ပြီး အနိုင်ယူကျော်လွှားချင်တယ်။ သင်ကော ဘယ်လိုလဲ။ သွေးဆောင်ခံရတဲ့အခါ လိုက်လုပ်သလား၊ တွန်းလှန်သလား။
သွေးဆောင်မှုအားလုံးကတော့ ပြဿနာကြီးကြီးမားမား မဖြစ်စေပါဘူး။ ဥပမာ၊ သင် ကိုယ်အလေးချိန်ချဖို့ ကြိုးစားနေတဲ့အချိန်မှာ ဟင်းအရမ်းကောင်းလို့ ထမင်းနောက်ထပ် စားမိသွားတာက သင့်ဘဝကို ပျက်စီးမသွားစေနိုင်ပါဘူး။ ဒါပေမဲ့ တခြားသွေးဆောင်မှုတွေ၊ အထူးသဖြင့် လိင်စာရိတ္တပျက်စေတဲ့ သွေးဆောင်မှုတွေအတိုင်း လိုက်လုပ်မယ်ဆိုရင်တော့ ဝမ်းနည်းစရာ ဆိုးကျိုးတွေကို သင် ခံစားရပါလိမ့်မယ်။ သမ္မာကျမ်းစာက ခုလို သတိပေးတယ်– “သူ့မယားကို ပြစ်မှားသောသူသည် ဉာဏ်မရှိ။ ထိုသို့ပြုသောသူသည် မိမိအသက်ကို ဖျက်ဆီးတတ်၏။”—သုတ္တံ ၆:၃၂၊ ၃၃။
စာရိတ္တပျက်စေတဲ့ သွေးဆောင်မှုတွေနဲ့ ရုတ်တရက်ကြုံရတဲ့အခါ သင် ဘယ်လိုတုံ့ပြန်သင့်သလဲ။ ကျမ်းစာက ခုလို အဖြေပေးတယ်– “ဘုရားသခင်၏ အလိုတော်မှာ သင်တို့သည် မတရားမေထုန်ပြုခြင်း [လိင်အကျင့်ယိုယွင်းခြင်း] ကို ကြဉ်ရှောင်၍ သန့်ရှင်းစေရန်လည်းကောင်း၊ သင်တို့အသီးသီးသည် သန့်ရှင်း၍ ဂုဏ်အသရေရှိသူများ ဖြစ်စေရန် မိမိ၏ခန္ဓာကိုယ်ကို မည်သို့ထိန်းချုပ်ရမည်ကို သင်တို့ သိရှိစေရန်လည်းကောင်း [ဖြစ်၏။]” (၁ သက်သာလောနိတ် ၄:၃၊ ၄) သွေးဆောင်မှုကို တွန်းလှန်မယ်ဆိုတဲ့ဆုံးဖြတ်ချက် ခိုင်မာဖို့ သင် ဘယ်လိုလုပ်နိုင်သလဲ။ သင်လုပ်နိုင်တဲ့ အချက်သုံးချက်ကို သုံးသပ်ကြည့်ပါ။
ပထမ– သင်ကြည့်တဲ့အရာကို သတိပြုပါ
မသင့်တော်တဲ့ ရုပ်ပုံတွေကို ကြည့်တာက မသင့်တော်တဲ့ ဆန္ဒတွေကို ဖြစ်ပေါ်စေတယ်။ ကြည့်တဲ့အရာနဲ့ ဖြစ်ပေါ်လာတဲ့ဆန္ဒရဲ့ ဆက်နွှယ်မှုကို ယေရှု ခုလို သတိပေးဖော်ပြခဲ့တယ်– “ငါဆိုသည်ကား မိန်းမတစ်ဦးကို ဆက်ကြည့်နေ၍ တပ်မက်သောစိတ်ပေါ်လာလျှင် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ဖောက်ပြန်ပြီ။” ဒါကြောင့် ယေရှုက ခုလို လေးနက်အောင် ချဲ့ကားပြောဆိုခဲ့တယ်– “ညာဘက်မျက်စိသည် သင့်ကိုတိုက်မိ၍လဲစေလျှင် ထုတ်ပစ်လိုက်လော့။” (မဿဲ ၅:၂၈၊ ၂၉) ကိုယ်တော် ဘာကိုဆိုလိုချင်တာလဲ။ သွေးဆောင်မှုကို တွန်းလှန်ဖို့ ပြတ်ပြတ်သားသားလုပ်ရမယ်။ လိင်ဆန္ဒနှိုးဆွတဲ့ ရုပ်ပုံတွေကို မကြည့်ရဘူးဆိုတဲ့ အချက်ဖြစ်တယ်။
မဿဲ ၆:၉၊ ၁၃; ၁ ကောရိန္သု ၁၀:၁၃။
ဥပမာ၊ ဂဟေဆော်တဲ့နေရာကနေ မျက်စိကို ထိခိုက်နိုင်တဲ့မီးပွားတွေ ထွက်လာတာကို သင် ဖျတ်ခနဲ တွေ့လိုက်တယ် ဆိုပါစို့။ အဲဒါကို သင် စိုက်ကြည့်နေမလား။ ကြည့်နေမှာ မဟုတ်ပါဘူး။ မျက်နှာကိုတစ်ဖက်လွှဲလိုက်မှာ ဒါမှမဟုတ် မျက်လုံးကို ကာလိုက်မှာဖြစ်တယ်။ အလားတူ၊ လိင်စိတ်နှိုးဆွတဲ့ ရုပ်ပုံတွေကို ဓာတ်ပုံနဲ့ပဲဖြစ်ဖြစ်၊ တီဗွီ၊ ကွန်ပျူတာနဲ့ အီလက်ထရောနစ်ပစ္စည်းတွေမှာပဲဖြစ်ဖြစ် ဒါမှမဟုတ် လိင်စိတ်နှိုးဆွသူကိုပဲဖြစ်ဖြစ် တွေ့လိုက်ရရင် မျက်စိကို ချက်ချင်းလွှဲလိုက်ပါ။ အန္တရာယ်ဖြစ်စေတဲ့ အခြေအနေကနေ သင့်စိတ်ကို ကာကွယ်ပါ။ ညစ်ညမ်းရုပ်ပုံကို အရင်က စွဲလမ်းခဲ့ဖူးသူ ကိုကျော်ကျော်က ခုလိုပြောတယ်– “ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့တဲ့အခါ နှစ်ခါ၊ သုံးခါပြန်ကြည့်ချင်တယ်။ ဒါကြောင့် ကျွန်တော် ကြိုးစားပြီး အကြည့်လွှဲရတယ်။ ပြီးတော့ ‘ယေဟောဝါဆီ အခုချက်ချင်း ဆုတောင်းဖို့ လိုအပ်နေပြီ’ လို့ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးတယ်။ ဆုတောင်းပြီးတဲ့အခါ အဲဒီလို ကြည့်ချင်တဲ့စိတ်တွေ တဖြည်းဖြည်း ပျောက်သွားတယ်။”—ဘုရားအပေါ် သစ္စာတည်ကြည်ခဲ့သူ ယောဘပြောခဲ့တဲ့ စကားကိုလည်း သုံးသပ်ကြည့်ပါ– “ငါသည် မိန်းမပျိုကို အဘယ်အခါ၌မျှ ရာဂစိတ် [တပ်မက်စိတ်] နှင့် မကြည့်ရန် ကတိသစ္စာပြုခဲ့ပြီ။” (ယောဘ ၃၁:၁၊ ခမ) သင်လည်း အဲဒီလိုမကြည့်ဖို့ ဆုံးဖြတ်ထားရင် ကောင်းပါတယ်။
ခုလိုကြိုးစားကြည့်ပါ– လိင်ဆန္ဒနှိုးဆွတဲ့ ရုပ်ပုံကို တွေ့တဲ့အခါ သင့်မျက်စိကို ချက်ချင်း လွှဲလိုက်ပါ။ ခုလိုဆုတောင်းခဲ့တဲ့ ကျမ်းရေး သူကို တုပပါ– “အနတ္တ [“အကျိုးမရှိသည့်အရာများ”၊ ခမ] ကို ပမာဏမပြုစေခြင်းငှာ အကျွန်ုပ်မျက်စိကို အခြားသို့လွှဲတော်မူပါ။”—ဆာလံ ၁၁၉:၃၇။
ဒုတိယ– သင့်အတွေးတွေကို သတိပြုပါ
ကျွန်ုပ်တို့အားလုံးက အပြစ်မကင်းကြတဲ့အတွက် မကောင်းတဲ့စိတ်န္ဒတွေကို တွန်းလှန်ရတဲ့ အချိန်အခါတွေ ရှိနိုင်တယ်။ သမ္မာကျမ်းစာက ခုလိုဖော်ပြပါတယ်– “လူတစ်ဦးစီသည် မိမိတပ်မက်မှု၏ ဖြားယောင်းသွေးဆောင်ခြင်းအားဖြင့် စမ်းသပ်ခံရ၏။ ထို့နောက် တပ်မက်မှုသည် သန္ဓေတည်သောအခါ အပြစ်ကို ဖွားတတ်၏။” (ယာကုပ် ၁:၁၄၊ ၁၅) အဲဒီလိုမဖြစ်အောင် သင် ဘယ်လိုရှောင်နိုင်မလဲ။
မကောင်းတဲ့စိတ်ဆန္ဒတွေ ပေါ်လာပြီဆိုရင် သင်လုပ်နိုင်တာတွေ ရှိပါတယ်။ အဲဒီစိတ်ဆန္ဒတွေကို တိုက်ထုတ်ပါ။ သင့်စိတ်ထဲကနေ ဖယ်ရှားပစ်လိုက်ပါ။ မကောင်းတဲ့အရာတွေကို ဆက်တွေးမနေပါနဲ့။ အင်တာနက်က ညစ်ညမ်းရုပ်ပုံတွေကို စွဲလမ်းခဲ့သူ ကိုအောင်မြင့် ခုလိုပြောတယ်– “မကောင်းတဲ့အတွေးတွေကို ဖယ်ထုတ်နိုင်ဖို့ ကောင်းတဲ့အရာတွေကို အာရုံစိုက်ထားတယ်။ လွယ်တော့မလွယ်ပါဘူး။ မကောင်းတဲ့အရာတွေကို ခဏခဏပြန်တွေးမိတယ်။ နောက်ဆုံးတော့ မကောင်းတဲ့အရာတွေကို
ဖယ်ပြီး ကောင်းတဲ့အရာတွေကိုပဲ တွေးတတ်လာတယ်။” ဆယ်ကျော်သက်အရွယ်မှာ အကျင့်ပျက်ဖို့ သွေးဆောင်မှုတွေကို ကြိုးစားတွန်းလှန်ခဲ့ရသူ မမြမြဝင်းက ခုလို ပြန်ပြောပြတယ်– “အလုပ်များနေတာ၊ ယေဟောဝါဘုရားကို ဆုတောင်းတာက မကောင်းတဲ့အတွေးတွေကို မတွေးမိဖို့ ထောက်ကူပေးတယ်။”ခုလိုကြိုးစားကြည့်ပါ– စိတ်ထဲ မကောင်းတဲ့အတွေးတွေ ဝင်လာတဲ့အခါ ဆက်မတွေးဘဲ ဆုတောင်းလိုက်ပါ။ “မှန်ကန်သောအရာရှိသမျှ၊ အလေးအနက်ထားရမည့်အရာရှိသမျှ၊ ဖြောင့်မတ်သောအရာရှိသမျှ၊ စင်ကြယ်သောအရာရှိသမျှ၊ ချစ်ဖွယ်သောအရာရှိသမျှ၊ အသရေရှိသောအရာရှိသမျှ၊ မွန်မြတ်သောအရာရှိသမျှ၊ ချီးမွမ်းဖွယ်သောအရာရှိသမျှတို့ကို” စိတ်ထဲမှာ ဖြည့်ထားခြင်းအားဖြင့် မကောင်းတဲ့အတွေးတွေကို ဖယ်ထုတ်ပါ။—ဖိလိပ္ပိ ၄:၈။
တတိယ– သင့်လုပ်ရပ်တွေကို သတိပြုပါ
စိတ်ဆန္ဒ၊ သွေးဆောင်မှုနဲ့ အမှားပြုဖို့ အခွင့်အရေးတွေ တစ်ပြိုင်နက်ဖြစ်လာတဲ့အခါ အလွယ်တကူ အမှားလုပ်မိသွားနိုင်တယ်။ (သုတ္တံ ၇:၆-၂၃) အဲဒီလိုမဖြစ်အောင် ဘယ်လိုရှောင်နိုင်မလဲ။
ကျမ်းစာက ခုလို အကြံပေးတယ်– “သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းနေတတ်၏။ ဉာဏ်တိမ်သောသူမူကား အစဉ်အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။” (သုတ္တံ ၂၂:၃) ဒါကြောင့် သင့်လုပ်ရပ်တွေကို သတိပြုပါ။ ပြဿနာဖြစ်စေမယ့် အခြေအနေတွေကို ကြိုတွေးပြီး ရှောင်ရှားပါ။ (သုတ္တံ ၇:၂၅) ညစ်ညမ်းရုပ်ပုံစာပေတွေကို စွဲလမ်းခဲ့တဲ့ ကိုဇော်ဇော်က ခုလို ဖော်ပြတယ်– “မိသားစု ကွန်ပျူတာကို အားလုံး မြင်သာတဲ့နေရာမှာ ထားလိုက်တယ်။ မကောင်းတဲ့ရုပ်ပုံတွေ မဝင်လာအောင် စစ်ပေးတဲ့ ဆော့ဖ်ဝဲလ်ကိုလည်း သွင်းလိုက်တယ်။ တခြားသူတွေ ရှိတဲ့အချိန်မှပဲ ကျွန်တော် အင်တာနက် သုံးတယ်။” ရှေ့မှာဖော်ပြခဲ့တဲ့ ကိုအောင်မြင့်ကလည်း ခုလိုပြောတယ်– “လိင်ဆန္ဒနှိုးဆွပေးတဲ့ ဗီဒီယိုတွေ ကျွန်တော် မကြည့်တော့ဘူး။ လိင်အကြောင်း အရှက်မရှိ ပြောနေတဲ့သူတွေနဲ့ မပေါင်းတော့ဘူး။ အန္တရာယ်ရှိတဲ့ အခြေအနေတွေကို ကျွန်တော် ကြည့်ရှောင်တယ်။”
ခုလိုကြိုးစားကြည့်ပါ– သင့်အားနည်းချက်ကို ရိုးရိုးသားသား ဆန်းစစ်ပါ။ သွေးဆောင်မှု ဖြစ်စေမယ့် အခြေအနေကို ကြိုတွေးပြီး ရှောင်ရှားပါ။—မဿဲ ၆:၁၃။
အၡုံးမပေးပါနဲ့
သွေးဆောင်မှုတွေကို တွန်းလှန်ဖို့ သင် အတတ်နိုင်ဆုံး ကြိုးစားတဲ့ကြားက စိတ်ယိမ်းယိုင်ပြီး ကျၡုံးသွားတဲ့အချိန်တွေ ရှိမယ်ဆိုရင်ကော။ စိတ်မပျက်ပါနဲ့။ အၡုံးမပေးပါနဲ့။ ကျမ်းစာက ခုလိုဆိုတယ်– “ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ်လဲသော်လည်း ထပြန်လိမ့်မည်။” (သုတ္တံ ၂၄:၁၆) ပြန် “ထ” ဖို့ ကျွန်ုပ်တို့ကို ဘုရားသခင် အားပေးပါတယ်။ ကိုယ်တော် မေတ္တာနဲ့ကူညီပေးတာကို သင် လက်ခံမလား။ လက်ခံမယ်ဆိုရင် ဘုရားသခင်ဆီ စွဲစွဲမြဲမြဲဆုတောင်းပါ။ သမ္မာကျမ်းစာကို လေ့လာပြီး သင့်ယုံကြည်ခြင်းကို ခိုင်မြဲအောင်လုပ်ပါ။ သင့်ဆုံးဖြတ်ချက်တွေကို ခိုင်မာစေဖို့ ကျမ်းစာဆွေးနွေးတဲ့ ဝတ်ပြုစည်းဝေးတွေကို တက်ပါ။ ‘သင်၏ဘုရားသခင် ငါသည် သင့်ကိုခိုင်ခံ့စေမည်။ သင့်ကိုကူညီမည်’ ဆိုတဲ့ ဘုရားသခင့်ကတိကို စွဲမှတ်ထားပါ။—ဟေရှာယ ၄၁:၁၀။
အစမှာဖော်ပြခဲ့တဲ့ ကိုဇော်ဦးက ခုလိုပြောတယ်– “ညစ်ညမ်းရုပ်ပုံ စွဲနေတဲ့အကျင့်ကို ဖြတ်ဖို့ ကျွန်တော် အရမ်းကြိုးစားအားထုတ်ခဲ့ရတယ်။ ခဏခဏပြန်ကြည့်မိပေမဲ့ ဘုရားအကူအညီနဲ့ နောက်ဆုံးမှာ ကျွန်တော်ဖြတ်နိုင်ခဲ့တယ်။” အစမှာပါတဲ့ ကိုစည်သူအောင်လည်း ဒီလိုပြန်ပြောပြတယ်– “အလုပ်ဖော်မိန်းကလေးနဲ့ အလွယ်တကူ မှားယွင်းလို့ရပေမဲ့ ကျွန်တော် ပြတ်ပြတ်သားသား ငြင်းလိုက်တယ်။ စိတ်သန့်သန့်နဲ့ နေနိုင်တဲ့အတွက် ကျွန်တော် ဂုဏ်ယူတယ်။ ပိုအရေးကြီးတာက ယေဟောဝါဘုရားလည်း ကျွန်တော့်အတွက် ဂုဏ်ယူနေလိမ့်မယ်ဆိုတာ ကျွန်တော်သိတယ်။”
သင်လည်း သွေးဆောင်မှုကို ခိုင်ခိုင်မာမာ ငြင်းပယ်ပြီး တွန်းလှန်မယ်ဆိုရင် သင့်အတွက်လည်း ဘုရားသခင် ဂုဏ်ယူနေပါလိမ့်မယ်။—သုတ္တံ ၂၇:၁၁။
^ စာပိုဒ်၊ 2 ဒီဆောင်းပါးမှာပါတဲ့ နာမည်တွေကို ပြောင်းထားပါတယ်။