မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ထိုးထွင်းဉာဏ်က ဒေါသကိုပြေစေ

ထိုးထွင်းဉာဏ်က ဒေါသကိုပြေစေ

ကောလိပ်ဘတ်စကက်ဘော နည်းပြဆရာဟာ သူ့ရဲ့ ဒေါသကို မထိန်းနိုင်လို့ အလုပ်ပြုတ်သွားတယ်။

ကလေးက လိုချင်တာမရလို့ ဝုန်းဒိုင်းကြဲပြီး သောင်းကျန်းတော့တယ်။

သားရဲ့အခန်း ရှုပ်ပွနေလို့ သားအမိနှစ်ယောက် အပြိုင်အော်ပြောနေတယ်။

ဒေါသထွက်နေတဲ့သူတွေကို ကျွန်ုပ်တို့အားလုံး မြင်ဖူးကြတယ်။ ကျွန်ုပ်တို့ကိုယ်တိုင်တောင် တစ်ချိန်မဟုတ် တစ်ချိန် ဒေါသထွက်ဖူးကြတယ်။ ဒေါသက မကောင်းတဲ့ စိတ်ခံစားချက်ဖြစ်လို့ ထိန်းချုပ်သင့်တယ်ဆိုတာသိပေမဲ့ သည်းခံနိုင်တာထက် ပိုပြီးစော်ကားလာရင်တော့ ဒေါသထွက်လို့ရတယ်လို့ ဆင်ခြေပေးမိနိုင်တယ်။ အမေရိကန်စိတ်ပညာဆိုင်ရာအဖွဲ့အစည်းထုတ် ဆောင်းပါးမှာ ဒီလိုဖော်ပြထားတယ်– “သာမန်လူတစ်ယောက်က ကျန်းမာရေးကောင်းပြီး စိတ်ခံစားချက်ပုံမှန်ရှိတယ်ဆိုရင် ဒေါသထွက်တယ်ဆိုတာ ဖြစ်နေကျကိစ္စပဲ။”

အပေါ်ယံကြည့်မယ်ဆိုရင် ဒီဖော်ပြချက်က ဘုရားရဲ့လမ်းညွှန်မှုနဲ့ရေးထားတဲ့ တမန်တော်ပေါလုရဲ့ စကားတွေနဲ့ ကိုက်ညီနေပုံရတယ်။ လူတွေမှာ ဒေါသထွက်တဲ့အချိန်ရှိတယ်ဆိုတာကို အသိအမှတ်ပြုပြီးတော့ ပေါလု ဒီလိုပြောခဲ့တယ်– “ဒေါသထွက်လျှင်လည်း အပြစ်မပြုနှင့်။ အမျက်မပြေဘဲ နေမဝင်စေနှင့်။” (ဧဖက် ၄:၂၆) ဒီအချက်အရ ဒေါသပေါက်ကွဲသင့်သလား၊ ဒါမှမဟုတ် ဒေါသထိန်းချုပ်ဖို့ ဘာတွေလုပ်ရမလဲ။

ဒေါသထွက်သင့်သလား

“စိတ်အနှောင့်အယှက်ဖြစ်ရင်တောင် အပြစ်တော့ မလုပ်ကြနဲ့” ဆိုတဲ့ ဆာလံကျမ်းရေးသူရဲ့ စကားတွေကို ပြန်သတိရပြီး ပေါလု ဒီလမ်းညွှန်ချက်ကို ပေးတာဖြစ်တယ်။ (ဆာလံ ၄:၄ကဘ) အဲဒီလမ်းညွှန်ချက်ပေးရတဲ့ ပေါလုရဲ့ရည်ရွယ်ချက်က ဘာလဲ။ သူဒီလိုဆက်ပြောခဲ့တယ်– “ခပ်သိမ်းသော ခါးသီးနာကြည်းခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်း၊ ဆဲဆိုခြင်းတို့ကို မကောင်းမှုရှိသမျှနှင့်တကွ ဖယ်ရှားကြလော့။” (ဧဖက် ၄:၃၁) တကယ်တော့ ပေါလုဟာ ခရစ်ယာန်တွေကို ဒေါသမပေါက်ကွဲမိဖို့ တိုက်တွန်းနေတာဖြစ်တယ်။ အမေရိကန်စိတ်ပညာဆိုင်ရာ အဖွဲ့အစည်းထုတ် ဆောင်းပါးမှာလည်း ဒီလိုဆက်ဖော်ပြတယ်– “လေ့လာတွေ့ရှိမှုတွေအရ ဒေါသပေါက်ကွဲတာက ဒေါသစိတ်နဲ့ ရန်လိုစိတ်ကို ပိုတိုးလာစေပြီး အခြေအနေကို ဖြေရှင်းဖို့ . . . ဘာမှအကူအညီမဖြစ်ဘူး။”

ဒါဆိုရင် ဒေါသနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ဘယ်လို “ဖယ်ရှား” နိုင်မလဲ။ ရှေးအစ္စရေးဘုရင်ရှောလမုန် ဒီလိုရေးခဲ့တယ်– “လူရဲ့ထိုးထွင်းဉာဏ်က ဒေါသကိုပြေစေတယ်။ ပြစ်မှားမှုကို ဗွေမယူတာဟာ သူ့ရဲ့အလှတရားပဲ။” (သုတ္တံ ၁၉:၁၁ကဘ) “ထိုးထွင်းဉာဏ်က” ဒေါသထွက်နေတဲ့သူကို ဘယ်လိုကူညီပေးနိုင်မလဲ။

ထိုးထွင်းဉာဏ်က ဒေါသကိုပြေစေနိုင်ပုံ

ထိုးထွင်းဉာဏ်ဆိုတာ အခြေအနေတစ်ရပ်ကို သိမြင်နိုင်စွမ်းဖြစ်တယ်။ ထိုးထွင်းဉာဏ်ရှိသူဟာ အခြေအနေတစ်ခုကို အပေါ်ယံထက်မက အတွင်းကျကျမြင်နိုင်တယ်။ တစ်ယောက်ယောက်ကြောင့် ဒေါသထွက်ရတဲ့အခါ ထိုးထွင်းဉာဏ်က ဘယ်လိုအကူအညီဖြစ်စေမလဲ။

မတရားမှုကိုမြင်တဲ့အခါ စိတ်ထဲမှာ ခံပြင်းပြီး ဒေါသထွက်လာနိုင်တယ်။ ဒါပေမဲ့ စိတ်ခံစားချက်အတိုင်း စိတ်လိုက်မာန်ပါ တုံ့ပြန်လိုက်မယ်ဆိုရင် ကိုယ်တိုင်ရော ဒါမှမဟုတ် တခြားသူတစ်ယောက်ယောက်ကိုပါ ထိခိုက်နစ်နာစေနိုင်တယ်။ မငြိမ်းသတ်နိုင်တဲ့မီးက တစ်အိမ်လုံးကို ပြာကျသွားစေနိုင်သလို ဒေါသပေါက်ကွဲတာကလည်း ကျွန်ုပ်တို့ရဲ့ သိက္ခာ၊ တခြားသူတွေနဲ့ဆက်ဆံရေး၊ ဘုရားနဲ့ခင်မင်ရင်းနှီးမှုကိုတောင် ထိခိုက်စေနိုင်တယ်။ ဒါကြောင့် ဒေါသတလိပ်လိပ်ထွက်လာပြီဆိုရင် အချိန်ယူပြီး အခြေအနေကို အသေအချာသုံးသပ်ဖို့ လိုတယ်။ ကိစ္စတစ်ခုလုံးကို အသေအချာ သိမြင်သွားပြီဆိုရင် ဒေါသကို ထိန်းချုပ်နိုင်ပါလိမ့်မယ်။

ရှောလမုန်ရဲ့အဖေဖြစ်သူ ဘုရင်ဒါဝိဒ်ဟာ သူ့ရဲ့ထိုးထွင်းဉာဏ်ကြောင့် အခြေအနေကို နားလည်သွားတဲ့အခါ နာဗလလို့ခေါ်တဲ့လူကို သတ်မိဖို့အဖြစ်ကနေ သီသီလေးလွတ်သွားတယ်။ ဒါဝိဒ်နဲ့ သူ့လူတွေဟာ နာဗလရဲ့သိုးတွေကို ယုဒလွင်ပြင်မှာ ကူညီထိန်းကျောင်းပေးခဲ့တယ်။ နောက်ပိုင်း သိုးမွေးညှပ်ချိန်ရောက်တဲ့အခါ အစားအစာနည်းနည်းပေးပါလို့ နာဗလကို ဒါဝိဒ် တောင်းဆိုခဲ့တယ်။ အဲဒီအခါ နာဗလက “ငါ့သိုးမွေးကို ညှပ်သောသူတို့အဖို့ ပြင်ဆင်သော ငါ့မုန့်၊ ငါ့ရေ၊ ငါ့အမဲသားကိုယူ၍ ငါမသိသော လူတို့အား ပေးရမည်လော” လို့ ပြန်ပြောလိုက်တယ်။ ဘယ်လောက်တောင် ရိုင်းလိုက်သလဲ။ အဲဒီစကားတွေကို ဒါဝိဒ်ပြန်ကြားတဲ့အခါ လူ ၄၀၀ ကို ခေါ်ပြီး နာဗလနဲ့ သူ့အိမ်မှာရှိတဲ့ယောက်ျားတွေအားလုံးကို သတ်ပစ်ဖို့ ထွက်လာတယ်။—၁ ဓမ္မရာဇဝင် ၂၅:၄-၁၃

နာဗလရဲ့ဇနီးဖြစ်သူ အဘိဂဲလဟာ အကြောင်းစုံကို သိသွားတဲ့အခါ ဒါဝိဒ်နဲ့ သွားတွေ့တယ်။ ဒါဝိဒ်နဲ့ သူ့လူတွေကို တွေ့တဲ့အခါ ဒါဝိဒ်ခြေရင်းမှာ ပျပ်ဝပ်ပြီး “ကိုယ်တော်၏ကျွန်မသည် နားတော်လျှောက်ရသောအခွင့်ကို ပေးတော်မူပါ။ ကိုယ်တော်၏ကျွန်မစကားကို နားညောင်းတော်မူပါ” လို့ ပြောခဲ့တယ်။ ပြီးတဲ့နောက် နာဗလဟာ အသိတရားမရှိတဲ့သူဖြစ်ပြီး ဒါဝိဒ်သာ လူသတ်ပြီး လက်စားချေမယ်ဆိုရင် နောင်တရလိမ့်မယ်လို့ ဆက်ပြောခဲ့တယ်။—၁ ဓမ္မရာဇဝင် ၂၅:၂၄-၃၁

တင်းမာတဲ့အခြေအနေကို ပြန်ထိန်းဖို့ အဘိဂဲလရဲ့စကားတွေကနေ ထိုးထွင်းဉာဏ်ကို ဒါဝိဒ် ဘယ်လိုရခဲ့သလဲ။ တစ်ချက်က နာဗလရဲ့ပင်ကိုစရိုက်ကိုက ရိုင်းစိုင်းနေမှန်း ဒါဝိဒ် နားလည်သွားတယ်။ နောက်တစ်ချက်က လက်စားချေလိုက်မယ်ဆိုရင် သူ လူသတ်မိနိုင်တယ်လို့ သိမြင်သွားတယ်။ ဒါဝိဒ်လို သင်လည်း တစ်ခုခုကြောင့် ဒေါသပေါက်ကွဲမိနိုင်တယ်။ အဲဒီအခါ ဘာလုပ်နိုင်သလဲ။ “အသက်ပြင်းပြင်းရှူပြီး ၁ ကနေ ၁၀ အထိ ရေတွက်လိုက်ပါ” လို့ ဒေါသထိန်းချုပ်နိုင်ပုံနဲ့ပတ်သက်ပြီး (Mayo Clinic) ရဲ့ ဆောင်းပါးတစ်ခုမှာ အကြံပြုထားတယ်။ မှန်ပါတယ်။ စိတ်လိုက်မာန်ပါ လုပ်လိုက်မယ်ဆိုရင် ဘာဖြစ်နိုင်မလဲဆိုတဲ့ အကျိုးဆက်တွေအပြင် ပြဿနာရဲ့အကြောင်းရင်းကိုပါ ခဏလေးစဉ်းစားကြည့်လိုက်ပါ။ ထိုးထွင်းဉာဏ်ကြောင့် သင့်ရဲ့ဒေါသ ပြေသွားပြီး လုံးဝပျောက်ကွယ်သွားပါလိမ့်မယ်။—၁ ဓမ္မရာဇဝင် ၂၅:၃၂-၃၅

အခုအချိန်မှာလည်း ဒေါသထိန်းချုပ်နိုင်ဖို့ လူတချို့ အကူအညီရခဲ့ပါတယ်။ အသက် ၂၃ နှစ်ရှိတဲ့ ဆီပါစတီယန်းဟာ ပိုလန်ထောင်မှာ ထောင်ကျနေချိန် ကျမ်းစာလေ့လာပြီးတဲ့နောက် သူ့ရဲ့ဒေါသကို ထိန်းချုပ်ရမယ်ဆိုတာ နားလည်သွားတယ်။ “အရင်ဆုံး ပြဿနာအကြောင်း စဉ်းစားတယ်။ ပြီးရင် ကျမ်းစာအကြံပြုချက်တွေကို ကြိုးစားလိုက်လျှောက်တယ်။ ကျမ်းစာက အကောင်းဆုံး လမ်းညွှန်စာအုပ်ပဲ” လို့ သူပြောပြတယ်။

ကျမ်းစာအကြံပြုချက်တွေကို လိုက်လျှောက်ခြင်းက အမျက်ဒေါသကိုထိန်းချုပ်နိုင်ဖို့ ကူညီပေး

ဆက်ဆူအိုလည်း အဲဒီနည်းကို ကျင့်သုံးခဲ့တယ်။ သူ ဒီလိုပြန်ပြောပြတယ်– “အလုပ်မှာ ကျွန်တော် ဒေါသထွက်လာပြီဆိုရင် တခြားသူတွေကို အော်ငေါက်တတ်တယ်။ အခု ကျွန်တော် ကျမ်းစာလေ့လာနေတော့ အော်ငေါက်မယ့်အစား အရင်ဆုံး ‘ဒါ ဘယ်သူ့ အမှားလဲ။ ပြဿနာဖြစ်တာ ငါ့ကြောင့်များလား’” လို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးတယ်။ အဲဒီလိုမေးလိုက်တော့ သူ့ရဲ့အမျက်ဒေါသတွေကို ထိန်းချုပ်နိုင်ခဲ့တယ်။

ဒေါသထွက်တာက အစွမ်းရှိပေမဲ့ ဘုရားရဲ့တရားစကားတော်ဖြစ်တဲ့ ကျမ်းစာက ပိုပြီး အစွမ်းထက်ပါတယ်။ ကျမ်းစာအကြံပြုချက်တွေကို လိုက်လျှောက်ပြီး ဘုရားသခင်ဆီ ဆုတောင်းမယ်ဆိုရင် သင်လည်း သင့်ရဲ့ထိုးထွင်းဉာဏ်နဲ့ ဒေါသကို ပြေစေပြီး ထိန်းချုပ်လာနိုင်ပါလိမ့်မယ်။