မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး | သိပ္ပံပညာကြောင့် ကျမ်းစာ ခေတ်နောက်ကျသွားပြီလား

သိပ္ပံပညာမှာ အကန့်အသတ်ရှိ

သိပ္ပံပညာမှာ အကန့်အသတ်ရှိ

အခုခေတ် ဘုရားမဲ့ဝါဒီတွေရဲ့ ရှုမြင်ချက်ကို ရှင်းပြထားတဲ့ စာအုပ်တွေ အရောင်းသွက်လာပါတယ်။ လူအတော်များများက အဲဒီစာအုပ်တွေကို စိတ်ဝင်စားလာပြီး ဆွေးနွေးပွဲတွေ၊ အငြင်းပွားမှုတွေ ဖြစ်လာတယ်။ အဲဒါနဲ့ပတ်သက်ပြီး နျူကလီးယားသိပ္ပံပညာရှင် ဒေဗစ် အီဂဲလ်မဲန်က ဒီလိုရေးခဲ့တယ်– ‘သိပ္ပံပညာရှင်တွေဟာ အကုန်လုံးသိတယ်လို့ လူတချို့ထင်ကြတယ်။ ဒါပေမဲ့ သိပ္ပံပညာရှင်ကြီးတွေက သူတို့ရဲ့ ရှာဖွေလေ့လာမှုကို ဘောင်ခတ်မထားဘဲ ရှာဖွေလာလေလေ အသစ်သောအရာတွေကို တွေ့ရှိလာလေလေပဲလို့ လက်ခံထားကြတယ်။’

ခေတ်အဆက်ဆက်မှာ သဘာဝတရားနဲ့ပတ်သက်တဲ့ ရှုပ်ထွေးနေတဲ့အရာတွေကို သိပ္ပံပညာရှင်ကြီးတွေ ရှာဖွေတွေ့ရှိတဲ့အခါ အံ့သြမှင်တက်သွားတယ်။ ဒါပေမဲ့ တချို့သိပ္ပံပညာရှင်ကြီးတွေရဲ့ ရှာဖွေတွေ့ရှိချက်တွေက တက်တက်စင်အောင် မှားတာတွေလည်းရှိပါတယ်။ အဲဒီလိုမှားခဲ့တဲ့သူတွေထဲမှာ အထင်ရှားဆုံးသိပ္ပံပညာရှင်ဖြစ်တဲ့ အိုင်ဇက် နယူတန်လည်း ပါတယ်။ ဆွဲငင်အားကြောင့် စကြဝဠာမှာ ဂြိုဟ်တွေ၊ ကြယ်တွေ၊ ဂလက်ဆီတွေ သူ့နေရာနဲ့သူ ရှိနေကြတယ်လို့ သူပြောပြခဲ့တယ်။ အဲဒီအပြင် သင်္ချာဘာသာရပ်ခွဲတစ်မျိုးဖြစ်တဲ့ ကဲကုလကို နယူတန် တီထွင်ခဲ့ပြီး ကွန်ပျူတာဒီဇိုင်းထုတ်လုပ်မှု၊ အာကာသခရီး၊ နျူကလီးယားရူပဗေဒတို့မှာ အသုံးပြုကြတယ်။ ဒါပေမဲ့ သူလွဲမှားခဲ့တဲ့အရာတစ်ခုကတော့ အဂ္ဂိရတ်ပညာရပ်ကို လိုက်စားခဲ့ပြီး နက္ခတ်ဗေဒင်၊ မှော်အတတ်ပညာတို့နဲ့ ခဲသတ္ထုအပါအဝင် တခြားသတ္ထုတွေကို ရွှေဖြစ်အောင် ကြိုးစားခဲ့တာဖြစ်တယ်။

အိုင်ဇက် နယူတန် မတိုင်ခင် နှစ်ပေါင်း ၁,၅၀၀ ကျော်က ဂရိနက္ခတ္တဗေဒပညာရှင်ဖြစ်တဲ့ တော်လမီက ဘာကိရိယာမှမပါဘဲ သာမန်မျက်စိနဲ့ အာကာသကို စူးစမ်းလေ့လာခဲ့တယ်။ ညအချိန် ကောင်းကင်ယံမှာ မြင်တွေ့နေရတဲ့ ဂြိုဟ်တွေကို လေ့လာတယ်၊ မြေပုံဆွဲပညာရပ်မှာလည်း ကျွမ်းကျင်လာတယ်။ ဒါပေမဲ့ ကမ္ဘာကြီးဟာ စကြဝဠာရဲ့ အလယ်ဗဟိုမှာရှိတယ်လို့ တော်လမီ ယူဆခဲ့တယ်။ နက္ခတ္တရူပဗေဒပညာရှင်ဖြစ်တဲ့ ကာလ် ဆာဂျင်က တော်လမီနဲ့ပတ်သက်ပြီး ဒီလိုရေးသားခဲ့တယ်– ‘ဉာဏ်ပညာထက်မြက်သူရဲ့စကားက တက်တက်စင်အောင် မှားတတ်မှန်း နှစ်ပေါင်း ၁,၅၀၀ အထိ မှန်တယ်လို့လက်ခံထားတဲ့ တော်လမီရဲ့ယူဆချက်အမှားက သက်သေပြလိုက်တာပဲ။’

ဒီနေ့ခေတ်သိပ္ပံပညာရှင်တွေရဲ့ ရှာဖွေလေ့လာမှုတွေမှာ အဲဒီအတိုင်း လွဲမှားတတ်ကြတယ်။ စကြဝဠာကြီးအကြောင်းကို သူတို့ အပြီးသတ် ရှင်းပြနိုင်မှာလား။ သိပ္ပံပညာ တိုးတက်လာပြီး လူတွေကို အကျိုးပြုတာမှန်ပေမဲ့ အရာခပ်သိမ်းကို ရှင်းပြနိုင်မှာ မဟုတ်ဘူးဆိုတာကိုလည်း မှတ်သားထားပါ။ ရူပဗေဒပညာရှင် ပေါလ် ဒေဗီစ် ဒီလိုပြောပြတယ်– ‘စကြဝဠာကြီးအကြောင်းကို ရှေ့နောက်ညီညွတ်စွာ အကုန်အစင် ရှင်းပြဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။’ အဲဒီစကားက ငြင်းလို့မရနိုင်တဲ့ အမှန်တရားဖြစ်ပါတယ်။ အကြောင်းက သဘာဝလောကကြီးကို ဘယ်လူသားကမှ ခရေစေ့တွင်းကျ နားလည်နိုင်မှာမဟုတ်လို့ပါ။ သိပ္ပံပညာက တည်ရှိနေတဲ့အရာတွေကို ရှင်းပြနိုင်စွမ်းရှိတယ်လို့ လူတွေ အခိုင်အမာပြောနေကြပေမဲ့ သူတို့ရဲ့ရှင်းပြချက်တွေကို မျက်စိစုံမှိတ်ယုံဖို့တော့ မဖြစ်နိုင်ပါဘူး။

ကျွန်ုပ်တို့ဘဝအတွက် လိုအပ်တဲ့လမ်းညွှန်ချက်တွေကို သိပ္ပံပညာကနေမဟုတ်ဘဲ သမ္မာကျမ်းစာကနေ ရရှိနိုင်

အံ့သြမိန်းမောဖွယ်ကောင်းတဲ့ သဘာဝတရားနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– “ဤအမှုအရာများသည် ဘုရားသခင်တန်ခိုးတော်၏ အရိပ်အယောင်မျှသာဖြစ်၏။” (ယောဘ ၂၆:၁၄ခမ) လူတွေရဲ့သိရှိနားလည်မှုက ဘုရားသခင်ရဲ့တန်ခိုးနဲ့ နှိုင်းယှဉ်လိုက်ရင် နှမ်းစေ့လောက်တောင်မရှိဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၀၀၀ လောက်က ကျမ်းရေးသူပေါလုရဲ့ ဒီစကားက အခုအချိန်အထိ မှန်ကန်နေဆဲပါ– “ဘုရားသခင်၏ချမ်းသာ၊ ဉာဏ်ပညာ၊ အသိပညာတို့သည် အလွန်နက်နဲလှပေစွ။ စီရင်တော်မူချက်များကို စိစစ်၍မရနိုင်။ နည်းလမ်းတော်များကို လိုက်၍မမီနိုင်ပါတကား။”—ရောမ ၁၁:၃၃