မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အန္တိခရစ်ဆိုတာ ဘယ်သူလဲ

အန္တိခရစ်ဆိုတာ ဘယ်သူလဲ

သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကားရဲ့ ခေါင်းစဉ်က အန္တိခရစ်။

နာမည်ကျော် တီးဝိုင်းတစ်ဝိုင်းရဲ့ တေးစီးရီးခေါင်းစဉ်က အန္တိခရစ်စူပါစတား။

၁၉ ရာစုအတွေးအခေါ်ပညာရှင် ဖရီးဒရစ်ခ် နီချီ ရေးခဲ့တဲ့စာအုပ်ရဲ့နာမည်က အန္တိခရစ်။

ရန်သူတွေကို အလယ်ခေတ် ဘုရင်တွေနဲ့ဧကရာဇ်မင်းတွေ ခေါ်တဲ့နာမည်က အန္တိခရစ်။

ပုပ်ရဟန်းမင်းတွေကို ဂျာမန်လူမျိုး ပြုပြင်ပြောင်းလဲရေးခေါင်းဆောင် မာတင်လူသာ ခေါ်တဲ့နာမည်က အန္တိခရစ်။

ဧကရာဇ်မင်းတွေကအစ ရုပ်ရှင်တွေအဆုံး “အန္တိခရစ်” လို့ နာမည်ပေးလာတာ နှစ်ပေါင်းများစွာကြာနေပြီ။ ဒါဆိုရင် အန္တိခရစ်က ဘယ်သူလဲဆိုတဲ့မေးခွန်းကို သိချင်ကြမယ်မဟုတ်လား။ ဒီစကားလုံးက ဒီနေ့ခေတ် ကျွန်ုပ်တို့နဲ့ ဘယ်လိုသက်ဆိုင်သလဲ။ အန္တိခရစ် ဘယ်သူဘယ်ဝါမှန်းသိရအောင် သူတို့အကြောင်း ငါးကြိမ်ဖော်ပြထားတဲ့ သမ္မာကျမ်းစာထဲမှာ အဖြေရှာကြည့်ကြပါစို့။

အန္တိခရစ် ဖော်ထုတ်ခံရ

“အန္တိခရစ်” စကားလုံးကိုသုံးခဲ့တဲ့ တစ်ဦးတည်းသောကျမ်းရေးသူက တမန်တော်ယောဟန်ပါ။ ဒါဆို အန္တိခရစ်အကြောင်း သူဘယ်လိုဖော်ပြခဲ့သလဲ။ ယောဟန်ပထမစာစောင်မှာ သူရေးထားတဲ့ ဒီစကားတွေကို သုံးသပ်ကြည့်ပါ– “သူငယ်တို့၊ ယခုကာလသည် နောက်ဆုံးသောကာလဖြစ်၏။ အန္တိခရစ်လာမည်ဟု သင်တို့ကြားရသည်အတိုင်း ယခုပင် အန္တိခရစ်အများပေါ်လာကြပြီ။ ထိုကြောင့် ယခုကာလသည် နောက်ဆုံးသောကာလဖြစ်သည်ကို ငါတို့သိရကြ၏။ ထိုသူတို့သည် ငါတို့အထဲမှထွက်သွားကြ၏။ . . . မုသာကိုသုံးသောသူကား အဘယ်သူနည်း။ ယေရှုသည် ခရစ်တော်မဟုတ်ဟု ငြင်းပယ်သောသူမဟုတ်လော။ အန္တိခရစ်ဖြစ်သောသူသည် ခမည်းတော်နှင့်သားတော်ကို ငြင်းပယ်သောသူဖြစ်သတည်း။”—၁ ယောဟန် ၂:၁၈၊ ၁၉၊ ၂၂သမ္မာ။

ယေရှုခရစ်နဲ့ ကိုယ်တော့်သွန်သင်ချက်တွေကို လူတွေတလွဲမြင်လာအောင် ဘာသာရေးလိမ်လည်မှုတွေကို တမင်တကာ ဝါဒဖြန့်သူအားလုံးဟာ အန္တိခရစ်တွေဖြစ်မှန်း တပည့်ဖြစ်သူ ယောဟန် သဘောပေါက်ခဲ့

ဒီစကားတွေကနေ ကျွန်ုပ်တို့ဘာသိရသလဲ။ “အန္တိခရစ်အများ” ကြီးရှိတယ်လို့ ယောဟန်ပြောတာကြောင့် အန္တိခရစ်က တစ်ဦးတစ်ယောက်ကိုမဟုတ်ဘဲ အုပ်စုတစ်စုကို ရည်ညွှန်းကြောင်း ထင်ရှားပါတယ်။ အန္တိခရစ်တွေက မဟုတ်မမှန် သတင်းတွေဖြန့်၊ ယေရှုဟာ ခရစ်တော် ဒါမှမဟုတ် မေရှိယ (ဘုရင်အဖြစ် ဘုရားဘိသိက်ပေးထားသူ) မဟုတ်ဘူးလို့ ငြင်းပယ်၊ ဘုရားသခင်နဲ့ သားတော်ယေရှုခရစ်တို့ရဲ့ အနေအထားကိုလည်း လူတွေ ထင်ယောင်ထင်မှားမြင်လာအောင် ကြိုးစားကြတယ်။ အန္တိခရစ်တွေက သူတို့ကိုယ်သူတို့ ခရစ်တော်ဖြစ်တယ်၊ ခရစ်တော်ကိုကိုယ်စားပြုသူတွေဖြစ်တယ်လို့ အခိုင်အမာပြောကြတယ်။ ဒါပေမဲ့ သူတို့က “ငါတို့အထဲမှထွက်သွားကြ” တယ်လို့ ကျမ်းစာမှာဆိုထားတဲ့အတွက် သူတို့ရဲ့သွန်သင်ချက်တွေက ကျမ်းစာသွန်သင်ချက်တွေနဲ့ လုံးလုံးဆန့်ကျင်သွားပါတယ်။ ဒါ့အပြင် တမန်တော်ခေတ်အကုန်ပိုင်းဖြစ်တဲ့ “နောက်ဆုံးအချိန်၊” တမန်တော်ယောဟန် ကျမ်းစာစောင်ရေးတဲ့အချိန်ကတည်းကစပြီး အန္တိခရစ်တွေ ရှိနေပါပြီ။

အန္တိခရစ်တွေနဲ့ပတ်သက်ပြီး ယောဟန် ဘာတွေများဖော်ပြခဲ့သေးလဲ။ ပရောဖက်အတုအယောင်တွေအကြောင်းပြောရင်း သူ အခုလိုသတိပေးခဲ့ပါတယ်– “ဘုရားသခင်၏သတင်းစကားမှန်ကြောင်း ဤသို့သိရ၏။ ယေရှုခရစ်သည် လူ့ဇာတိကိုခံယူပြီး ကြွလာတော်မူကြောင်းကို ယုံကြည်သည်ဟု ဝန်ခံသော သတင်းစကားမှန်သမျှသည် ဘုရားသခင်နှင့်စပ်ဆိုင်၏။ သို့သော် ယေရှုကို ယုံကြည်သည်ဟု ဝန်မခံသော သတင်းစကားမှန်သမျှသည် ဘုရားသခင်နှင့် မစပ်ဆိုင်။ ခရစ်တော်ကိုဆန့်ကျင်သူ (အန္တိခရစ်) ၏ သတင်းစကားဖြစ်၏။ သူတို့ပေါ်လာမည်ဟု သင်တို့ကြားထားသည့်အတိုင်း ယခုပင် လောကတွင် ပေါ်လာကြပြီ။” (၁ ယောဟန် ၄:၂၊ ၃) ဒုတိယစာစောင်မှာလည်း အဲဒီအချက်ကို ယောဟန် ထပ်ပြောခဲ့ပါတယ်– “ယေရှုသည် လူ့ဇာတိကိုခံယူပြီး ကြွလာကြောင်းကို မယုံကြည်သော လှည့်ဖြားသူများစွာ လောက၌ ပေါ်လာပြီ။ ထိုသို့သောသူကား လှည့်ဖြားသူ၊ ခရစ်တော်ကို ဆန့်ကျင်သူ (အန္တိခရစ်) ဖြစ်၏။” (၂ ယောဟန် ၇) ဒါကြောင့် ယေရှုခရစ်နဲ့ ကိုယ်တော့်သွန်သင်ချက်တွေကို လူတွေတလွဲမြင်လာအောင် ဘာသာရေးလိမ်လည်မှုတွေကို တမင်တကာ ဖြန့်သူအားလုံးဟာ အန္တိခရစ်တွေဖြစ်မှန်း ယောဟန် ရှင်းလင်းစွာသဘောပေါက်ခဲ့ပါတယ်။

“ပရောဖက်အတုအယောင်” တွေနဲ့ “တရားမဲ့သောသူ”

“စဉ်းလဲသော ဝံပုလွေသဘောရှိသော်လည်း သိုးရေခြုံ” တဲ့ ပရောဖက်အတုအယောင်တွေကို သတိထားဖို့ ယေရှုပြောခဲ့

အဲဒီလို ဘာသာရေးလိမ်လည်မှုတွေအကြောင်း ယောဟန်မပြောခင်ကတည်းက ယေရှု အခုလို ပြောခဲ့ပါတယ်– “စဉ်းလဲသော ဝံပုလွေသဘောရှိသော်လည်း သိုးရေခြုံလျက် သင်တို့ထံလာသော ပရောဖက်အတုအယောင်များကို သတိထားကြလော့။” (မဿဲ ၇:၁၅) တမန်တော်ပေါလုလည်း သက်သာလောနိတ်မြို့က ခရစ်ယာန်တွေကို အလားတူ သတိပေးခဲ့ပါတယ်– “မည်သူမျှ သင်တို့ကို မည်သည့်နည်းဖြင့်မျှ မဖြားယောင်းစေနှင့်။ အကြောင်းမူကား အယူဖောက်ပြန်ခြင်း ဦးစွာ မဖြစ်ပေါ်မီ၊ တရားမဲ့သောသူတည်းဟူသော ပျက်စီးခြင်း၏သား မထင်ရှားမီ ထိုနေ့ရက် [ယေဟောဝါဘုရား၏ တရားစီရင်ရာနေ့] သည် ရောက်လာလိမ့်မည်မဟုတ်။”—၂ သက်သာလောနိတ် ၂:၃

ဒါကြောင့် ပထမရာစုကတည်းက စစ်မှန်တဲ့ခရစ်ယာန်အသင်းတော် ယိမ်းယိုင်သွားအောင် ပရောဖက်အတုအယောင်တွေ၊ အယူဖောက်ပြန်သူတွေ ကြိုးစားခဲ့ကြတယ်။ ယေရှုခရစ်နဲ့ ကိုယ်တော့်သွန်သင်ချက်တွေကို တလွဲမြင်လာအောင် ဘာသာရေးလိမ်လည်မှုတွေဝါဒဖြန့်တဲ့ ဘယ်သူမဆိုဟာ တမန်တော်ယောဟန်ပြောခဲ့တဲ့ “အန္တိခရစ်” တွေပါပဲ။ ပေါလုက အန္တိခရစ်တွေကို “ပျက်စီးခြင်း၏သား” လို့ ဖော်ပြခဲ့တဲ့အတွက် သူတို့ကို ယေဟောဝါဘုရား ဘယ်လိုသဘောထားမှန်း ထင်းကနဲပေါ်လွင်သွားပါတယ်။

ဒီနေ့ခေတ် အန္တိခရစ်ရဲ့လုပ်ဆောင်ချက်တွေကို သတိထားပါ

ဒီနေ့ခေတ် အန္တိခရစ်အုပ်စုတွေကကော။ သူတို့လည်း ယေရှုနဲ့ ကိုယ်တော်ရဲ့သွန်သင်ချက်တွေကို ဆန့်ကျင်နေတုန်းပဲ။ အန္တိခရစ်တွေက ခမည်းတော်ယေဟောဝါဘုရားသခင်၊ သားတော်ယေရှုခရစ်တို့ရဲ့ အနေအထားကို လူတွေ တလွဲမြင်လာအောင် ဘာသာရေးလိမ်လည်မှုတွေကို တမင်တကာ ဝါဒဖြန့်ကြတယ်။ အဲဒီလို ဘာသာရေးလှည့်ဖြားမှုတွေကို သတိပြုသင့်တဲ့ အကြောင်းကောင်းတွေရှိပါတယ်။ ဥပမာနှစ်ခုကို သုံးသပ်ကြည့်ကြစို့။

ခမည်းတော်နဲ့သားတော်ဟာ တန်းတူပဲဆိုတဲ့ သုံးပါးပေါင်းတစ်ဆူအယူဝါဒကို လူတွေယုံကြည်လာအောင် ခရစ်ယာန်အသင်းတွေက ရာစုနှစ်များစွာ ဝါဒဖြန့်ခဲ့ကြတယ်။ အန္တိခရစ်တွေက ယေဟောဝါဘုရားနဲ့ယေရှုခရစ်တို့ရဲ့ အနေအထားကို ရှုပ်ထွေးသွားအောင်လုပ်ပြီး လျှို့ဝှက်ထားခဲ့ကြတယ်။ အဲဒီလိုလျှို့ဝှက်နက်နဲမှုတွေကြောင့် စိတ်နှလုံးရိုးဖြောင့်သူတွေက ကျမ်းစာမှာတိုက်တွန်းထားတဲ့အတိုင်း ယေရှုခရစ်ကိုတုပဖို့၊ ဘုရားသခင်နဲ့ ရင်းနှီးကျွမ်းဝင်အောင်လုပ်ဖို့ တွန့်ဆုတ်သွားကြတယ်။—၁ ကောရိန္သု ၁၁:၁; ယာကုပ် ၄:၈

ဘုရားသခင်ရဲ့ကိုယ်ပိုင်နာမည် ယေဟောဝါကို ဖယ်ထားတဲ့ ဘာသာပြန်ကျမ်းတွေ အသုံးပြုဖို့ အားပေးခြင်းအားဖြင့် ခရစ်ယာန်အသင်းတွေက ဘုရားသခင်အကြောင်း ရှုပ်ထွေးသည်ထက် ရှုပ်ထွေးလာအောင် လုပ်ကြတယ်။ မူရင်းကျမ်းစာထဲမှာ ဘုရားသခင်နာမည် ယေဟောဝါကို အကြိမ်ပေါင်း ၇,၀၀၀ ခန့်ဖော်ပြထားတာတောင် သူတို့က ဘုရားနာမည်ကို ဖယ်ထုတ်ထားခဲ့တယ်။ ရလဒ်ကဘာလဲ။ စစ်မှန်တဲ့ဘုရားသခင် ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ပိုပြီးနက်နဲရှုပ်ထွေးလာပါတယ်။

ဒါပေမဲ့ ဘုရားသခင်နာမည် ယေဟောဝါဆိုတာကို သိရှိလာကြတဲ့ စိတ်နှလုံးရိုးဖြောင့်သူတွေက ကိုယ်တော်နဲ့ ရင်းနှီးကျွမ်းဝင်လာကြပါတယ်။ ယေဟောဝါသက်သေနှစ်ဦးနဲ့ စကားစမြည်ပြောဆိုခဲ့တဲ့ ရစ်ချက်လို့ခေါ်တဲ့ လူတစ်ယောက် အဲဒီအတိုင်း ဖြစ်ခဲ့ပါတယ်။ သူ အခုလိုပြောပြတယ်– “စစ်မှန်တဲ့ဘုရားသခင်ရဲ့နာမည်က ယေဟောဝါဆိုတာကို ကျမ်းစာထဲကနေ သူတို့ပြပေးကြတယ်။ ဘုရားသခင်မှာ ကိုယ်ပိုင်နာမည်ရှိမှန်း သိလိုက်ရတော့ ကျွန်တော် အကြီးအကျယ် အံ့ဩသွားတယ်။ အရင်တုန်းက တစ်ခါမှ ဒီလို မကြားဖူးဘူး။” အဲဒီလိုသိလိုက်ချိန်ကစပြီး ယေဟောဝါဘုရားကြိုက်တာကိုလုပ်ဖို့၊ ကျမ်းစာစံနှုန်းတွေအတိုင်းနေထိုင်ဖို့ ကျွန်တော့်ဘဝကို ပြောင်းလဲခဲ့တယ်။ “ဘုရားသခင်ရဲ့နာမည်ကို သိလိုက်ရလို့ အခုဆို ကိုယ်တော်နဲ့ ကျွန်တော် ပိုပြီးခင်မင်ရင်နှီးလာတယ်။”

အန္တိခရစ်တွေကြောင့် လူသန်းပေါင်းများစွာဟာ ကျမ်းစာသွန်သင်ချက်တွေကို တလွဲမြင်လာတာ နှစ်ပေါင်းများစွာရှိပါပြီ။ ဒါပေမဲ့ ဘုရားသခင့်စကားတော် သမ္မာကျမ်းစာကို လေ့လာမယ်ဆိုရင် အန္တိခရစ်တွေက ဘယ်သူလဲဆိုတာ သိမြင်လာပြီး သူတို့ရဲ့ဘာသာရေးလိမ်လည်မှုအောက်ကနေ ရုန်းထွက်လာနိုင်မှာဖြစ်ပါတယ်။—ယောဟန် ၁၇:၁၇