သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်
ကမ်းကုန်အောင် ဆိုးမိုက်ခဲ့
-
မွေးတဲ့နှစ်– ၁၉၅၂
-
နေရင်းနိုင်ငံ– အမေရိကန်နိုင်ငံ
-
နောက်ခံ– ဒေါသဆူလွယ်ပြီး ကြမ်းတမ်းသူ
အတိတ်–
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလစ်မြို့က လမ်းသရဲဂိုဏ်းတွေ၊ မူးယစ်ဆေးသမားတွေနေတဲ့ နာမည်ကြီးရပ်ကွက်တွေမှာ ကျွန်တော် ကြီးပြင်းလာခဲ့တယ်။ သားသမီးခြောက်ယောက်ထဲမှာ ကျွန်တော်က ဒုတိယမြောက်သားပါ။
အမေက ဧဝံဂေလိအသင်းသားဖြစ်လို့ သားသမီးတွေကိုလည်း အဲဒီအသင်းသားဖြစ်အောင် ဆုံးမသွန်သင်ပေးတယ်။ ဒါပေမဲ့ ကျွန်တော် ဆယ်ကျော်သက်အရွယ်မှာ နှစ်ဘဝပုံစံနဲ့ နေထိုင်ခဲ့တယ်။ တနင်္ဂနွေနေ့တွေဆိုရင် ဓမ္မတေးသံစုံအဖွဲ့မှာ သီချင်းသွားဆိုပြီး ကျန်တဲ့ရက်တွေမှာတော့ ပါတီပွဲတက်၊ မူးယစ်ဆေးသုံးစွဲ၊ အပျော်အပါးလိုက်စားခဲ့တယ်။
ကျွန်တော်က ထစ်ခနဲ့ဆို ဒေါသဆူလွယ်တော့ တွေ့ရာနဲ့ကောက်ချပြီး ကြမ်းကြမ်းတမ်းတမ်း လုပ်တတ်တယ်။ ဘုရားကျောင်းက သင်ပေးတဲ့အရာတွေဟာ ကျွန်တော်အတွက် ဘာမှ အသုံးမဝင်ဘူး။ “လက်စားချေတာက သခင်ရဲ့အလုပ်၊ ကျွန်တော်က သခင်ရဲ့လက်နက်” ဆိုပြီး ကျွန်တော်အမြဲပြောတတ်တယ်။ ၁၉၆၀ ပြည့်လွန်နှစ်တွေတုန်းက ကျွန်တော် အထက်တန်းကျောင်းသားဘဝမှာ ကျားသစ်နက်နိုင်ငံရေး (Black Panthers) အဖွဲ့ကို အားကျလာတယ်။ အဲဒီအဖွဲ့က ပြည်သူ့အခွင့်အရေးအတွက် ဆန္ဒပြတဲ့နေရာမှာ နာမည်ကြီးတယ်။ ကျွန်တော်လည်း ပြည်သူ့အခွင့်အရေး ကျောင်းသားသမဂ္ဂအဖွဲ့ထဲ ဝင်လိုက်တယ်။ ကျွန်တော်တို့အဖွဲ့ ဆန္ဒပြလိုက်တိုင်း ကျောင်း ခဏပိတ်သွားတယ်။
ကျွန်တော့်ရဲ့ အကြမ်းဖက်ချင်တဲ့ဉာဉ်ဆိုးကြောင့် ဆန္ဒပြတာလောက်နဲ့ပဲ အားမရဘူး။ ဒါကြောင့် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်လာတယ်။ ဥပမာ၊ အမေရိကန်နိုင်ငံမှာ အာဖရိကန်ကျွန်တွေကို ရက်ရက်စက်စက်နှိပ်စက်ခဲ့တဲ့အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတွေကို သူငယ်ချင်းတွေနဲ့အတူ သွားကြည့်ကြတယ်။ အဲဒီလို မတရားနှိပ်စက်မှုတွေကြောင့် ကျွန်တော်တို့ တအားဒေါသထွက်လာပြီး လူဖြူလူငယ်တွေကို ရုပ်ရှင်ရုံထဲမှာပဲ ဝိုင်းသမကြတယ်။ ပြီးတော့ လူဖြူရပ်ကွက်တွေဆီသွားပြီး တွေ့သမျှလူဖြူတွေကို ဝိုင်းရိုက်ကြတယ်။
ကျွန်တော် အသက် ၂၀ ကျော်မှာ ကျွန်တော်တို့ညီအကိုသုံးယောက်က ရာဇဝတ်မှုအများကြီး ကျူးလွန်ခဲ့ကြတယ်။ ဒါကြောင့် အာဏာပိုင်တွေနဲ့ ပြဿနာတက်ကြတယ်။ ညီတစ်ယောက်ဆိုရင် နာမည်ကြီးလမ်းသရဲဂိုဏ်းဝင်ဖြစ်တဲ့အတွက် ကျွန်တော်လည်း အဲဒီလမ်းသရဲဂိုဏ်းထဲ ဝင်လိုက်တယ်။ ဒီလိုနဲ့ ကျွန်တော်ဟာ ကမ်းကုန်အောင် ဆိုးမိုက်ခဲ့တယ်။
သမ္မာကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲပေးခဲ့ပုံ–
သူငယ်ချင်းတစ်ယောက်ရဲ့ မိဘတွေက ယေဟောဝါသက်သေတွေဖြစ်တယ်။ သူတို့က ဝတ်ပြုစည်းဝေးတွေ လာတက်ဖို့ခေါ်တဲ့အတွက် ကျွန်တော် လိုက်သွားတယ်။ ရောက်ရောက်ချင်းပဲ သက်သေခံတွေက တခြားသူတွေနဲ့မတူဘူးဆိုတာ သတိပြုမိလိုက်တယ်။ ဝတ်ပြုစည်းဝေးချိန်မှာ လူတိုင်းက ကျမ်းစာ ကိုယ်စီကိုင်ထားပြီး ဖွင့်ဖတ်ကြတယ်။ လူငယ်လေးတွေတောင် စင်မြင့်ပေါ်မှာ ဟောပြောချက်ပေးနေပါလား။ ဘုရားရဲ့နာမည် ယေဟောဝါဆိုတာ သိလိုက်ရပြီး အဲဒီနာမည်ကို သူတို့အသုံးပြုနေတာ တွေ့လိုက်တော့ ကျွန်တော် သဘောကျသွားတယ်။ (ယေရမိ ၃၃:၂) အဲဒီမှာ လူမျိုးပေါင်းစုံကိုတွေ့ရပေမဲ့ လူမျိုးရေးခွဲခြားမှုမရှိဘဲ စည်းလုံးနေလိုက်ကြတာ။
ကျမ်းစာလေ့လာဖို့ ဆုံးဖြတ်လိုက်တယ်။
အစပိုင်းမှာ သက်သေခံတွေနဲ့ ကျွန်တော် ကျမ်းစာမသင်ချင်ဘူး။ ဒါပေမဲ့ ဝတ်ပြုစည်းဝေးတွေ သွားတက်ရတာကိုတော့ ကြိုက်တယ်။ သက်သေခံတွေရဲ့ဝတ်ပြုစည်းဝေးကို ကျွန်တော် သွားတက်နေတဲ့တစ်ညမှာ သူငယ်ချင်းတွေက ကပွဲကို သွားကြတယ်။ အဲဒီမှာ သူတို့က ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့ သားရေဂျာကင်တောင်းတာ မရတော့ သူ့ကို ဝိုင်းရိုက်လိုက်တာ သေသွားပါလေရော။ နောက်တစ်နေ့မှာ သူတို့ လူသတ်လိုက်တဲ့အကြောင်း ကြွားလိုက်သေးတယ်။ တရားရုံးမှာ စစ်ဆေးခံနေရချိန်မှာတောင် ရာဇဝတ်မှုကြီး ကျူးလွန်လိုက်တယ်လို့ သူတို့ မထင်ကြဘူး။ ဒါပေမဲ့ သူတို့ထဲက အများစုကတော့ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခံလိုက်ရတယ်။ အဲဒီညမှာ သူတို့နဲ့ ကျွန်တော် မလိုက်သွားမိတာ တော်ပါသေးတယ်။ ဒါနဲ့ ကျွန်တော့်ဘဝကို ပြုပြင်ပြောင်းလဲပြီးလူမျိုးရေးခွဲခြားမှု ပြင်းထန်နေချိန်မှာ ယေဟောဝါသက်သေတွေကျတော့ စည်းလုံးနေလိုက်ကြတာ။ ဘယ်လောက်တောင် အံ့သြစရာကောင်းလိုက်သလဲ။ ဥပမာ၊ လူဖြူသက်သေခံတစ်ယောက် တိုင်းတစ်ပါးကို ခရီးထွက်တဲ့အခါ သူ့ကလေးတွေကို လူမည်းမိသားစုက စောင့်ရှောက်ပေးတယ်။ နေစရာမရှိတဲ့ လူမည်းကောင်လေးတစ်ယောက်ကို လူဖြူမိသားစုက အိမ်မှာခေါ်ထားတယ်။ “သင်တို့အချင်းချင်းချစ်ကြလျှင် ထိုချစ်ခြင်းမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်များဖြစ်ကြောင်း လူအပေါင်းတို့ သိရကြလိမ့်မည်” ဆိုတဲ့ ယေရှုရဲ့စကားနဲ့အညီ ယေဟောဝါသက်သေတွေ နေထိုင်တာကို ကျွန်တော် ယုံသွားပါပြီ။ (ယောဟန် ၁၃:၃၅) စစ်မှန်တဲ့ညီအစ်ကိုအသင်းအပင်းကို ကျွန်တော် တွေ့လိုက်ရပါပြီ။
ကျွန်တော်ရဲ့တွေးခေါ်ပုံကို ပြောင်းလဲရမယ်ဆိုတာ ကျမ်းစာလေ့လာရင်းနဲ့ သဘောပေါက်လာတယ်။ ကျွန်တော်ရဲ့သဘောထားတွေကို ပြုပြင်ပြောင်းလဲမှသာ ဒေါသထိန်းနိုင်မယ့်အပြင် ဒါက အကောင်းဆုံးဘဝနေနည်းဆိုတာလည်း သိလာတယ်။ (ရောမ ၁၂:၂) ဒီလိုနဲ့ ကျွန်တော့်ဘဝပြောင်းလဲလာပြီး ၁၉၇၄၊ ဇန်နဝါရီလမှာ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံလိုက်တယ်။
ကျွန်တော်ရဲ့သဘောထားတွေကို ပြုပြင်ပြောင်းလဲမှသာ ဒေါသထိန်းနိုင်မယ့်အပြင် ဒါက အကောင်းဆုံးဘဝနေနည်းဆိုတာလည်း သိလာ
ကျွန်တော် နှစ်ခြင်းခံပြီးတာတောင် ဒေါသကို မထိန်းနိုင်သေးဘူး။ ဥပမာ၊ တစ်အိမ်မှတစ်အိမ် တရားဟောထွက်နေတုန်း ကျွန်တော့်ကားပေါ်က ရေဒီယိုကို သူခိုး,ခိုးသွားတယ်။ သူခိုးနောက်ကို ကျွန်တော်လိုက်ရင်း မိခါနီးလေးမှာ ရေဒီယိုကို ပစ်ချပြီး သူ ထွက်ပြေးသွားပါလေရော။ တခြားသူတွေကို အဲဒီအကြောင်း ကျွန်တော်ပြောပြတဲ့အခါ အကြီးအကဲတစ်ယောက်က “စတီဗင်၊ သူခိုးကို ခင်ဗျားဖမ်းမိရင် ဘာလုပ်မှာလဲ” လို့မေးတယ်။ အဲဒီမေးခွန်းကြောင့် ကျွန်တော် စဉ်းစားတွေးတောလာပြီး လူတွေနဲ့ သင့်မြတ်အောင်နေဖို့ ကြိုးစားလာခဲ့တယ်။
၁၉၇၄၊ အောက်တိုဘာလကစပြီး တစ်လကို နာရီ ၁၀၀ ပါဝင်ရတဲ့ ကျမ်းစာပညာပေးလုပ်ငန်းမှာ အချိန်ပြည့်အမှုဆောင်ခဲ့တယ်။ နောက်ပိုင်းမှာ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ဘရွတ်ကလင်က ယေဟောဝါသက်သေတွေရဲ့ဌာနချုပ်မှာ စေတနာ့ဝန်ထမ်းအဖြစ် ကျွန်တော် အမှုဆောင်ခွင့်ရတယ်။ ကျန်းမာရေးမကောင်းတဲ့အမေကို စောင့်ရှောက်ဖို့ ၁၉၇၈ ခုနှစ်မှာ လော့စ်အိန်ဂျလစ်မြို့ကို ပြန်လာခဲ့တယ်။ နောက်နှစ်နှစ်မှာ အယ်ရဲန်ဒါဆိုတဲ့ခရစ်ယာန်ညီအစ်မနဲ့ လက်ထပ်လိုက်တယ်။ ကျွန်တော်တို့နှစ်ယောက်အတူတူ အမေဆုံးတဲ့အထိ စောင့်ရှောက်ပေးခဲ့ကြတယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ဇနီးမောင်နှံက ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်းကို တက်ရောက်ခဲ့ပြီး သာသာနာပြုတွေအနေနဲ့ ပနားမားနိုင်ငံမှာ တာဝန်ကျခဲ့တယ်။
နှစ်ခြင်းခံပြီးတာတောင်မှ ဒေါသနဲ့ ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်ချင်စိတ်တွေ ဖြစ်ပေါ်လာတတ်တယ်။ ကျွန်တော့်ကို ဒေါသထွက်အောင်လုပ်တဲ့သူတွေနဲ့ ဝေးဝေးရှောင်ဖို့၊ စိတ်ကိုတည်ငြိမ်အောင် ကြိုးစားဖို့ သိသွားပါပြီ။ ကျွန်တော့်ဇနီးအပါအဝင် လူအတော်များများက ကျွန်တော် အဲဒီလိုကြိုးစားတာကို မယုံနိုင်လောက်အောင် အံ့သြကြတယ်။ သူတို့မပြောနဲ့၊ ကျွန်တော့်ကိုယ် ကျွန်တော်တောင် မယုံနိုင်ဘူး။ ဒီလိုပြောင်းလဲသွားတာက ကိုယ့်အစွမ်းကြောင့်မဟုတ်ဘဲ သမ္မာကျမ်းစာရဲ့ ပြောင်းလဲပေးနိုင်စွမ်းကြောင့်ပါပဲ။—ဟေဗြဲ ၄:၁၂။
အကျိုးကျေးဇူးရရှိခဲ့ပုံ–
သမ္မာကျမ်းစာကြောင့် ကျွန်တော်အသက်ရှင်ရတာ အဓိပ္ပာယ်ရှိလာပြီး စိတ်လည်း အေးဆေးတည်ငြိမ်လာတယ်။ အခုဆိုရင် လူတွေကို ရိုက်တာတွေမလုပ်တော့ဘဲ ဘုရားသခင်အကြောင်းသိလာအောင် ကျွန်တော် ကူညီပေးနေတယ်။ အထက်တန်းကျောင်းသားဘဝက ရန်ဖြစ်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ကိုတောင် ကျမ်းစာသင်ပေးခဲ့တယ်။ သူ နှစ်ခြင်းခံပြီးနောက်ပိုင်း အခန်းငှားပြီး ကျွန်တော်တို့စုနေခဲ့ကြတယ်။ ဒီနေ့ထိ သူနဲ့ကျွန်တော်ဟာ မိတ်ဆွေရင်းချာတွေဖြစ်နေတုန်းပါ။ ခုချိန်ထိ၊ ကျွန်တော်တို့ဇနီးမောင်နှံက လူအယောက် ၈၀ ကျော်ကို ကျမ်းစာသင်ပေးပြီး ယေဟောဝါသက်သေတွေဖြစ်လာအောင် ကူညီပေးခဲ့ပါတယ်။
အဓိပ္ပာယ်ရှိရှိ အသက်ရှင်ရတဲ့အပြင် စစ်မှန်တဲ့ညီအစ်ကိုအသင်းအပင်းအလယ်မှာ ပျော်ရွှင်မှုရတဲ့အတွက်လည်း ယေဟောဝါဘုရားကို အတိုင်းအထက်အလွန် ကျေးဇူးတင်ပါတယ်။