မျက်နှာဖုံးဆောင်းပါး | စစ်ပွဲတွေကို ဘုရားသခင် ဘယ်လိုရှုမြင်သလဲ
ရှေးခေတ်မှာစစ်ပွဲအပေါ်ထားတဲ့ ဘုရားသခင့်ရှုမြင်ချက်
လူတွေ မတရားဖိနှိပ်ချုပ်ချယ်ခံနေရတယ်။ ကယ်လွှတ်ပေးဖို့ အကြိမ်ကြိမ် ဆုတောင်းပေမဲ့လည်း ဘာမှ ထူးခြားမလာဘူး။ ဖိနှိပ်ခံနေရတဲ့သူတွေက ဘုရားရဲ့ရှေးခေတ် အစ္စရေးလူမျိုးဖြစ်ပြီး မတရား ဖိနှိပ်ချုပ်ချယ်သူက တန်ခိုးအာဏာကြီးမားတဲ့ အီဂျစ်နိုင်ငံဖြစ်တယ်။ (ထွက်မြောက်ရာ ၁:၁၃၊ ၁၄) အာဏာရှင်အီဂျစ်ရဲ့ ဖိနှိပ်မှုကို ဘုရားသခင် အဆုံးသတ်ပေးဖို့ အစ္စရေးတွေ နှစ်ချီစောင့်ဆိုင်းခဲ့ရတယ်။ နောက်ဆုံးမှာ ဘုရား ကြားဝင်အရေးယူပေးချိန် ရောက်လာပါပြီ။ (ထွက်မြောက်ရာ ၃:၇-၁၀) အီဂျစ်လူမျိုးကို ဘုရားသခင် ကိုယ်တိုင် စစ်တိုက်ခဲ့တယ်လို့ ကျမ်းစာမှာ မှတ်တမ်းတင်ထားတယ်။ ကိုယ်တော်က အီဂျစ်လူမျိုးအပေါ် ကပ်ဘေးဆိုးတွေ တစ်ခုပြီးတစ်ခုကျရောက်စေပြီး အီဂျစ်ဘုရင်နဲ့ သူ့စစ်သားတွေကို ပင်လယ်နီမှာ ဖျက်ဆီးပစ်ခဲ့တယ်။ (ဆာလံ ၁၃၆:၁၅) ဒီနည်းနဲ့ ယေဟောဝါဘုရားက မိမိလူမျိုးအတွက် “စစ်သူရဲဖြစ်” ကြောင်း သက်သေထူခဲ့ပါတယ်။—ထွက်မြောက်ရာ ၁၅:၃၊ ၄။
အီဂျစ်တွေကို ဘုရားကိုယ်တိုင် တိုက်ခိုက်ခဲ့တာကြောင့် ကိုယ်တော်ဟာ စစ်ပွဲအားလုံးကို မမုန်းတီးကြောင်း ဖော်ပြတယ်။ တချို့အချိန်တွေမှာ ကိုယ်တော်ဟာ သူ့လူမျိုးကို စစ်ပွဲဆင်နွှဲခိုင်းတယ်။ ဥပမာ၊ ကမ်းကုန်အောင်ဆိုးသွမ်းတဲ့ ခါနာန်လူမျိုးကို စစ်တိုက်ဖို့ ကိုယ်တော် အမိန့်ပေးခဲ့တယ်။ (တရားဟောရာ ၉:၅; ၂၀:၁၇၊ ၁၈) ဖိနှိပ်ချုပ်ချယ်တဲ့ ဖိလိတ္တိလူမျိုးကိုတိုက်ဖို့ ဘုရင်ဒါဝိဒ်ကို ဘုရားသခင် အမိန့်ပေးတဲ့အပြင် သေချာပေါက်အောင်နိုင်ဖို့ စစ်ဗျူဟာကိုပါ လမ်းညွှန်ပေးခဲ့တယ်။—၂ ဓမ္မရာဇဝင် ၅:၁၇-၂၅။
အစ္စရေးလူမျိုးကို မတရားဖိနှိပ်ချုပ်ချယ်တာတွေ၊ ခြိမ်းခြောက်အနိုင်ကျင့်တာတွေဖြစ်လာရင် ကိုယ်တော်က သူ့လူမျိုးနဲ့ စစ်မှန်တဲ့ဝတ်ပြုရေးကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ဖို့ တိုက်ပွဲ ဆင်နွှဲခွင့်ပြုတယ်။ ဒါပေမဲ့ ဘုရားသခင် ကိုယ်တိုင်ဆင်နွှဲခွင့်ပြုတဲ့ စစ်ပွဲတွေနဲ့ပတ်သက်ပြီး အောက်ပါအချက်သုံးချက်ကို မှတ်သားထားဖို့လိုပါတယ်။
-
၁။ စစ်ပွဲမှာ ဘယ်သူပါဝင်ရမလဲဆိုတာ ဘုရားသခင်တစ်ပါးတည်းသာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ တစ်ခါက အစ္စရေးလူမျိုးကို ဘုရားက “သင်တို့သည် ဤတိုက်ပွဲကိုဆင်နွှဲရကြမည် မဟုတ်” လို့ပြောခဲ့တယ်။ ဘာကြောင့်လဲ။ ဘုရားသခင် ကိုယ်တိုင် တိုက်ခိုက်ပေးမှာဖြစ်လို့ပါ။ (၂ ရာဇဝင်ချုပ် ၂၀:၁၇၊ ခမ; ၃၂:၇၊ ၈) ဒီဆောင်းပါးအစမှာဖော်ပြထားသလို ကိုယ်တော် အဲဒီလို အကြိမ်ကြိမ်လုပ်ခဲ့တယ်။ တချို့အချိန်တွေမှာ ဘုရားသခင်က မိမိလူမျိုးကို စစ်တိုက်ခွင့်ပြုတယ်။ ကတိထားရာပြည်တော်ကို ကာကွယ်ဖို့၊ ဘေးကင်းဖို့ တိုက်ရတဲ့စစ်ပွဲတွေလိုမျိုး ဖြစ်တယ်။—တရားဟောရာ ၇:၁၊ ၂; ယောရှု ၁၀:၄၀။
-
၂။ ဘယ်အချိန်မှာ စစ်ဆင်နွှဲရမလဲဆိုတာကို ဘုရားသခင်တစ်ပါးတည်းသာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ ဘုရားကျေးကျွန်တွေဟာ သူတို့ဝန်းကျင်က ဆိုးသွမ်းမှုတွေ၊ ဖိနှိပ်ချုပ်ချယ်မှုတွေ ဘုရားသခင် အဆုံးသတ်ပေးမယ့်အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းရမှာဖြစ်တယ်။ အဲဒီအချိန်အထိ သူတို့သဘောနဲ့သူတို့ စစ်တိုက်ခွင့် မရှိဘူး။ တကယ်လို့ သူတို့သဘောနဲ့သူတို့တိုက်ရင် ဘုရားမျက်နှာသာ ဆုံးၡုံးသွားမယ်။ အစ္စရေးလူမျိုးဟာ ဘုရားသခင် တိုက်ခွင့်မပြုတဲ့စစ်ပွဲကို တိုက်တဲ့အခါ ဆိုးရွားတဲ့အကျိုးဆက်တွေ ခံစားရကြောင်း ကျမ်းစာမှာဖော်ပြထားတယ်။ *
-
၃။ ဘုရားသခင်ဟာ လူဆိုးတွေအပါအဝင် လူတွေသေကြေပျက်စီးတာကို မတွေ့မြင်ချင်ဘူး။ ယေဟောဝါဘုရားဟာ အသက်ရဲ့ပင်ရင်း၊ လူသားတွေကို ဖန်ဆင်းတဲ့အရှင် ဖြစ်ပါတယ်။ (ဆာလံ ၃၆:၉) ဒါကြောင့် လူတွေကို မသေစေချင်ဘူး။ ဒါပေမဲ့ ဝမ်းနည်းစရာက မတရားဖိနှိပ်ဖို့၊ သတ်ဖြတ်ဖို့ တမင်တကာကြံစည်နေသူတွေ ရှိပါတယ်။ (ဆာလံ ၃၇:၁၂၊ ၁၄) အဲဒီလိုဆိုးညစ်မှုတွေ အဆုံးသတ်စေဖို့ စစ်ပွဲတွေကို ဘုရားသခင် ဆင်နွှဲခွင့်ပြုတယ်။ နှစ်တွေတစ်လျှောက်မှာ အစ္စရေးလူမျိုးကို အဲဒီလိုစစ်ပွဲတွေ ဘုရားသခင် ဆင်နွှဲခိုင်းပေမဲ့ မိမိလူမျိုးရဲ့ရန်သူကို ကိုယ်တော် သနားပြီး အမျက်ထွက်နှေးကြောင်း ပြသခဲ့တယ်။ (ဆာလံ ၈၆:၁၅) ဥပမာ၊ မြို့တစ်မြို့ကိုဝင်မတိုက်ခင် မြို့သူမြို့သားတွေ သူတို့ရဲ့လမ်းစဉ်ကိုပြောင်းလဲခွင့်ရဖို့၊ စစ်ဖြစ်တာကိုရှောင်နိုင်ဖို့ “စစ်ငြိမ်းရာစကား” ကို အရင်ဆုံးကမ်းလှမ်းရမယ်လို့ အစ္စရေးတွေကို ဘုရားသခင် မိန့်မှာထားတယ်။ (တရားဟောရာ ၂၀:၁၀-၁၃) အဲဒီနည်းနဲ့ ဘုရားသခင်ဟာ “အပြစ်ကျူးလွန်သူ တစ်စုံတစ်ယောက်သေသည်ကို မမြင်လို၊ ထိုသူအပြစ်ကျူးလွန်မှုကိုရပ်စဲ၍ အသက်ရှင်သည်ကိုသာလျှင် တွေ့မြင်လို” ကြောင်း ဖော်ပြခဲ့ပါတယ်။—ယေဇကျေလ ၃၃:၁၁၊ ၁၄-၁၆၊ ခမ။ *
ဖော်ပြခဲ့တဲ့အတိုင်း ရှေးခေတ်မှာ ဘုရားသခင်က စစ်ပွဲတွေကို ဆိုးသွမ်းမှုတွေ၊ မတရားဖိနှိပ်မှုတွေ အဆုံးသတ်ပေးတဲ့နည်းအဖြစ် ရှုမြင်ခဲ့ပါတယ်။ တိုက်ပွဲကို ဘယ်သူ တိုက်မလဲ၊ ဘယ်အချိန်မှာ စတိုက်မလဲဆိုတာ ဆုံးဖြတ်ပိုင်ခွင့်ရှိသူဟာ လူသားတွေမဟုတ်ဘဲ ဘုရားသခင်သာ ဖြစ်ပါတယ်။ ဘုရားသခင်က စစ်ပွဲတွေကို သွေးချောင်းစီးစေတဲ့ပုံစံနဲ့ တိုက်ခိုက်ခဲ့တာလား။ လုံးဝမဟုတ်ပါဘူး။ ကိုယ်တော်ဟာ အကြမ်းဖက်တာကိုမုန်းတယ်။ (ဆာလံ ၁၁:၅) ဒါဆို ဘုရားသားတော်ယေရှုခရစ် မြေကြီးပေါ် အမှုဆောင်တဲ့ပထမရာစုအချိန်မှာ စစ်ပွဲနဲ့ပတ်သက်တဲ့ ဘုရားသခင့်အမြင် ပြောင်းလဲသွားခဲ့သလား။
^ စာပိုဒ်၊ 7 ဥပမာ၊ တစ်ကြိမ်မှာ ဘုရားသခင်က အစ္စရေးတွေကို အာမလက်နဲ့ ခါနာန်လူမျိုးကို သွားမတိုက်ဖို့အမိန့်ပေးတဲ့ကြားထဲကနေ သူတို့ သွားတိုက်တဲ့အခါ စစ်ၡုံးသွားတယ်။ (တောလည်ရာ ၁၄:၄၁-၄၅) နှစ်ပေါင်းများစွာကြာပြီးနောက် သစ္စာရှိဘုရင် ယောရှိဟာ ဘုရားအမိန့်မရဘဲ သူ့သဘောနဲ့သူစစ်တိုက်တော့ အသက်ဆုံးၡုံးခဲ့ရတယ်။—၂ ရာဇဝင်ချုပ် ၃၅:၂၀-၂၄။
^ စာပိုဒ်၊ 8 ဒါပေမဲ့ အစ္စရေးတွေ ခါနာန်လူမျိုးကိုတိုက်ခိုက်ချိန်မှာ ငြိမ်းချမ်းရေးစကား မကမ်းလှမ်းခဲ့ပါဘူး။ ဘာကြောင့်လဲ။ အကြောင်းက ခါနာန်လူမျိုးဟာ ဆိုးညစ်တဲ့လမ်းစဉ်ကိုပြောင်းလဲဖို့ နှစ်ပေါင်း ၄၀၀ တောင်အချိန်ရတယ်။ အစ္စရေးတွေ ခါနာန်လူမျိုးကိုတိုက်ခိုက်ချိန်မှာ သူတို့ဟာ မီးကုန်ယမ်းကုန် ဆိုးသွမ်းနေကြပြီ။ (ကမ္ဘာဦး ၁၅:၁၃-၁၆) ဒါကြောင့် သူတို့ကို လုံးလုံး သုတ်သင်ရမှာဖြစ်တယ်။ ဒါပေမဲ့ ဘဝလမ်းစဉ်ပြောင်းလဲခဲ့တဲ့ ခါနာန်လူမျိုးတချို့ဟာ အသက်ချမ်းသာရာရခဲ့တယ်။—ယောရှု ၆:၂၅; ၉:၃-၂၇။