မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး | ကျမ်းစာက ဘဝကို တိုးတက်စေနိုင်ပုံ

ဘယ်လိုစတင်ဖတ်ရှုမလဲ

ဘယ်လိုစတင်ဖတ်ရှုမလဲ

ကျမ်းစာကို စိတ်ဝင်တစား ဖတ်ရှုပြီး အဲဒီကနေ အကျိုး​အပြည့်အဝ​ရအောင် ဘယ်လိုလုပ်နိုင်မလဲ။ လူအများစု​အတွက် အကျိုးရှိခဲ့တဲ့ အကြံပြုချက် ၅ ခုကို ကြည့်ရအောင်။

သင့်တော်တဲ့​ဝန်းကျင်ကို ရွေးချယ်ပါ။ တိတ်ဆိတ်တဲ့ နေရာကို ရှာပါ။ အနှောင့်အယှက်​မရှိမှဘဲ ဖတ်တဲ့အရာကို အာရုံစိုက်နိုင်မယ်။ အလင်းရောင်နဲ့ လေကောင်းလေသန့် ကောင်းကောင်း​ရတယ်ဆိုရင် ဖတ်ရှုရတာ ပိုအဆင်ပြေပါတယ်။

သဘောထား​အမှန်​ရှိပါ။ ကျမ်းစာဟာ ကောင်းကင်​ဖခင်ဆီက ဖြစ်တာမို့ မိဘဆီကနေ သင်ယူဖို့ အသင့်ဖြစ်နေတဲ့ ကလေး​တစ်ယောက်ရဲ့ သဘောထားမျိုး သင့်မှာရှိမယ်ဆိုရင် အကျိုးအများကြီး ရပါလိမ့်မယ်။ အပျက်​သဘောထားတွေ၊ လက်ခံထားပြီးသား​အစွဲတွေ ရှိနေရင်တော့ အဲဒါ​တွေကို ဘေးချိတ်လိုက်ပါ။ ဒါမှ သင့်ကို ဘုရား​သခင် သွန်သင်ပေးနိုင်မယ်။—ဆာလံ ၂၅:၄

မဖတ်ခင် ဆုတောင်းပါ။ ကျမ်းစာမှာ ဘုရား​သခင်ရဲ့ အတွေးအခေါ်တွေပါတယ်။ ဒါကြောင့် အဲဒါကို နားလည်နိုင်ဖို့ ကိုယ်တော်ရဲ့ အကူအညီ လိုအပ်တယ်။ ဘုရား​သခင်က “တောင်းသောသူတို့အား သန့်ရှင်းသော စွမ်းအားတော်ကို” ပေးမယ်လို့ ကတိပေးထားတယ်။ (လုကာ ၁၁:၁၃) သန့်ရှင်းသော စွမ်းအားတော်က ဘုရား​သခင်ရဲ့ စဉ်းစားပုံကို နားလည်ဖို့ ကူညီပေးနိုင်တယ်။ အဲဒီနောက် “ဘုရား​သခင်၏ နက်နဲရာတို့ကို” နားလည်လာနိုင်ဖို့ သင့်ရဲ့ စိတ်နှလုံးကို ဖွင့်ပေးပါလိမ့်မယ်။—၁ ကောရိန္သု ၂:၁၀

နားလည်အောင်ဖတ်ပါ။ အကြောင်းအရာကို ပြီးရုံလောက်ပဲ ဖတ်တာမျိုး မလုပ်ပါနဲ့။ ဖတ်နေတဲ့အကြောင်းအရာကို အသေအချာ စဉ်းစားပါ။ ‘ငါဖတ်နေတဲ့ ပုဂ္ဂိုလ်မှာ ဘယ်အရည်အသွေးတွေ ရှိသလဲ။ အဲဒါကို ငါ့အသက်တာမှာ ဘယ်လိုကျင့်သုံးနိုင်မလဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ်မေးပါ။

တိကျတဲ့​ပန်းတိုင်တွေ ထားပါ။ ကိုယ့်အသက်တာအတွက် အကျိုးပြုနိုင်တဲ့အချက်တွေကို သင်ယူမယ်ဆိုတဲ့ ပန်းတိုင်ထားပြီး ကျမ်းစာဖတ်မယ်ဆိုရင် အကျိုးအများကြီး ရနိုင်ပါတယ်။ ‘ဘုရား​သခင်အကြောင်း ပိုသိ​အောင်လုပ်မယ်၊’ ‘ခင်ပွန်းကောင်း၊ ဇနီးကောင်းဖြစ်အောင် ဒါမှမဟုတ် ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်အောင်လုပ်မယ်’ စတဲ့ပန်းတိုင်တွေ ထားနိုင်ပါတယ်။ ပြီးတော့ အဲဒီပန်းတိုင်တွေ ပြည့်မီအောင် ကူညီပေးနိုင်တဲ့ ကျမ်းစာအချက်အလက်တွေကို ရွေးချယ်ဖတ်ပါ။ *

ဒီအကြံပြုချက် ၅ ခုက သင့်ကို ကျမ်းစာစတင်ဖတ်ရှုဖို့ ကူညီပေးပါလိမ့်မယ်။ ဒါပေမဲ့ ကျမ်းစာဖတ်ရတာ ပို​စိတ်ဝင်စားစရာ​ကောင်းအောင် ဘာတွေလုပ်နိုင်သေးသလဲ။ ဒီအကြောင်းကို နောက်ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

^ စာပိုဒ်၊ 8 သင့်အနေနဲ့ ဘယ်ကျမ်းစာ​အချက်အလက်တွေကို ဖတ်ရမှန်း မသိဖြစ်နေရင် ယေဟောဝါ​သက်သေတွေက ဝမ်းမြောက်ဝမ်းသာ ကူညီပေးပါလိမ့်မယ်။