ဆာလံ ၆၈:၁-၃၅
ဂီတမှူးသို့။ ဒါဝိဒ်စပ်ဆိုတဲ့ ဆာလံသီချင်း။
၆၈ ဘုရားသခင် ထပါစေ။ ရန်သူတွေ ကွဲလွင့်သွားပါစေ။
ဘုရားကိုမုန်းတဲ့သူတွေ ရှေ့တော်ကနေ ထွက်ပြေးသွားပါစေ။+
၂ သူတို့ကို မီးခိုးငွေ့တွေလို လွင့်သွားအောင် လုပ်ပါစေ။
မီးရှေ့မှာ ဖယောင်းတွေ အရည်ပျော်သွားသလို
ဘုရားသခင်ရှေ့မှာ လူဆိုးတွေ ပျက်စီးသွားပါစေ။+
၃ ဖြောင့်မတ်သူတွေကတော့ ဝမ်းမြောက်ကြပါစေ။+
ဘုရားသခင်ရှေ့မှာ ရွှင်မြူးကြပါစေ။
အားရ ရွှင်လန်းကြပါစေ။
၄ ဘုရားသခင်ကို ချီးမွမ်းသီချင်းဆိုကြပါ။ နာမတော်ကို ချီးမွမ်းသီချင်းဆိုကြပါ။+
ကန္တာရလွင်ပြင်တွေကို ဖြတ်ပြီး စီးနင်းသွားတဲ့ အရှင်အတွက်* သီချင်းဆိုကြပါ။
အဲဒီအရှင်ရဲ့ နာမည်ဟာ ယေဟောဝါလို့ ခေါ်တယ်။+ ရှေ့တော်မှာ ဝမ်းမြောက်ကြပါ။
၅ သန့်ရှင်းရာအရပ်မှာ စံမြန်းတဲ့ ဘုရားသခင်ဟာ+
ဖတဆိုးလေးတွေရဲ့ ဖခင်၊ မုဆိုးမတွေကို ကာကွယ်ပေးတဲ့သူပဲ။+
၆ ဘုရားသခင်က တစ်ကောင်ကြွက်ဖြစ်နေသူတွေကို ခိုနားရာအိမ် ပေးတယ်။+
အကျဉ်းသားတွေကို လွတ်မြောက်စေပြီး ကြီးပွားစေတယ်။+
ခေါင်းမာသူတွေကတော့ ခြောက်သွေ့တဲ့ မြေမှာ နေထိုင်ရတယ်။+
၇ အို ဘုရားသခင်၊ လူမျိုးတော်ကို ကိုယ်တော် ဦးဆောင်သွားတဲ့အခါ+
ကန္တာရကိုဖြတ်ပြီး ချီတက်သွားတဲ့အခါ၊ (စဲလာ)
၈ ကမ္ဘာမြေ တုန်ခါသွားတယ်။+
ဘုရားသခင်ကြောင့် ကောင်းကင်ကနေ မိုးတွေရွာကျတယ်။
အစ္စရေးတို့ရဲ့ ဘုရားသခင်ကြောင့် ဒီဆိုင်းနိုင်းတောင် တုန်ခါသွားတယ်။+
၉ အို ဘုရားသခင်၊ ကိုယ်တော်က မိုးတွေ သဲကြီးမဲကြီး ရွာစေတယ်။
မောဟိုက်နေတဲ့ လူမျိုးတော်ကို အားသစ်လောင်းပေးတယ်။
၁၀ ကိုယ်တော့်တဲစခန်းမှာ သူတို့နေထိုင်ကြတယ်။+
အို ဘုရားသခင်၊ ကိုယ်တော်က ကောင်းမြတ်မှုနဲ့အညီ ဆင်းရဲသားတွေကို ထောက်ပံ့ပေးတယ်။
၁၁ ယေဟောဝါက အမိန့်ပေးတယ်။
သတင်းကောင်း ကြေညာတဲ့ အမျိုးသမီးတွေဟာ အတိုင်းမသိ များပြားတယ်။+
၁၂ ဘုရင်တွေနဲ့ စစ်သည်ဗိုလ်ခြေတွေ ထွက်ပြေးကုန်ပြီ။+
အိမ်မှာနေရစ်တဲ့ မိန်းမတွေက တိုက်ရာပါ ဥစ္စာကို ခွဲဝေယူတယ်။+
၁၃ ယောက်ျားတွေက တပ်စခန်းရဲ့ မီးပုံတွေကြားထဲ* အိပ်စက်ရပေမဲ့
ငွေရောင်တောင်ပံတွေ၊ရွှေရောင် အမွေးအတောင်တွေပါတဲ့ ချိုးငှက်ကို ယူဆောင်လာလိမ့်မယ်။
၁၄ အနန္တတန်ခိုးရှင်က ဘုရင်တွေကို တကွဲတပြား ဖြစ်စေတဲ့အခါ+
ဇာလမုန်တောင်ပေါ်မှာ ဆီးနှင်းတွေ ကျလာတယ်။
၁၅ ဗာရှန်တောင်တန်းဟာ+ ဘုရားသခင်ရဲ့ တောင်တန်းပဲ။
ဗာရှန်တောင်တန်းဟာ အမြင့်ဆုံးတောင်တွေရှိတဲ့ တောင်တန်းပဲ။
၁၆ အမြင့်ဆုံးတောင်တန်းတို့၊ ဘုရားသခင် စံမြန်းဖို့ ရွေးချယ်ထားတဲ့ တောင်တန်းကို+
မနာလိုစိတ်နဲ့ ဘာလို့ ကြည့်နေကြတာလဲ။
ယေဟောဝါက အဲဒီမှာ ထာဝစဉ် စံမြန်းလိမ့်မယ်။+
၁၇ ဘုရားသခင်ရဲ့ စစ်မြင်းရထားတွေ ထောင်သောင်းမက များလှတယ်။+
ယေဟောဝါက ဆိုင်းနိုင်းတောင်ကနေ သန့်ရှင်းရာအရပ်ဆီ ရောက်လာပြီ။+
၁၈ ကိုယ်တော်က အထက်ကိုတက်သွားတယ်။+
သုံ့ပန်းတွေကို ဖမ်းခေါ်သွားတယ်။
ယေဟောဝါဘုရား၊ ကိုယ်တော်က လက်ဆောင်အဖြစ်ပေးဖို့ လူတွေကို ဖမ်းတယ်။+
ခေါင်းမာတဲ့သူတွေတောင် ပါတယ်။+
သူတို့အလယ်မှာ ကိုယ်တော် စံမြန်းတယ်။
၁၉ ငါတို့ရဲ့ဝန်ကို နေ့စဉ်ထမ်းပေးတဲ့ ယေဟောဝါ၊+
ငါတို့ကို ကယ်တင်တဲ့ စစ်မှန်တဲ့ ဘုရားသခင်ကို ချီးမွမ်းကြပါ။ (စဲလာ)
၂၀ စစ်မှန်တဲ့ ဘုရားသခင်ဟာ ငါတို့ကိုကယ်တင်တဲ့ ဘုရားသခင်ပဲ။+
အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါက သေခြင်းကနေ လွတ်မြောက်စေတဲ့လမ်းကို ပြင်ဆင်ပေးတယ်။+
၂၁ ဘုရားသခင်က ရန်သူတွေရဲ့ ဦးခေါင်း၊အပြစ်ကို ဆက်လုပ်နေသူတွေရဲ့ ငယ်ထိပ်ကို ခွဲလိမ့်မယ်။+
၂၂ ယေဟောဝါက “သူတို့ကို ဗာရှန်ပြည်ကနေ ငါပြန်ခေါ်လာမယ်။+
နက်ရှိုင်းတဲ့ပင်လယ်ထဲကနေ ပြန်ခေါ်လာမယ်။
၂၃ ဒါမှ မင်းတို့က ရန်သူ့သွေးနဲ့ ခြေဆေးနိုင်လိမ့်မယ်။+
မင်းတို့ရဲ့ခွေးတွေက ရန်သူ့သွေးကို လျက်နိုင်လိမ့်မယ်” လို့ပြောတယ်။
၂၄ အို ဘုရားသခင်၊ ကိုယ်တော် အောင်ပွဲခံချီတက်လာတာကို သူတို့မြင်တွေ့ရပြီ။
သန့်ရှင်းရာအရပ်ဆီ ကျွန်တော့်ဘုရား၊ ကျွန်တော့်ဘုရင် ချီတက်လာတာကို သူတို့မြင်တွေ့ရပြီ။+
၂၅ သီချင်းသည်တွေ ရှေ့ကနေ သွားတယ်။ ကြိုးတပ်တူရိယာ တီးသူတွေ နောက်ကနေ လိုက်လာတယ်။+
အလယ်မှာတော့ မိန်းမပျိုလေးတွေ ချူတပ်ဗုံတီးရင်း လိုက်ပါလာတယ်။+
၂၆ လူစုလူဝေးအလယ်မှာ ဘုရားသခင်ကို ချီးမွမ်းကြ။
အစ္စရေးတို့ရဲ့ ပင်ရင်းကနေ ဆင်းသက်လာသူတို့၊ ယေဟောဝါကို ချီးမွမ်းကြ။+
၂၇ အငယ်ဆုံးဖြစ်တဲ့ ဗင်ယာမိန်က+ လူတွေကို နှိမ်နင်းတယ်။
အော်ဟစ်မြူးထူးနေသူတွေနဲ့အတူ လိုက်ပါလာတဲ့ ယုဒမင်းညီမင်းသားတွေ၊ဇာဗုလုန် မင်းညီမင်းသားတွေ၊ နဿလိ မင်းညီမင်းသားတွေကလည်း လူတွေကို နှိမ်နင်းတယ်။
၂၈ ဘုရားသခင်က မင်းတို့ ကြံ့ခိုင်သန်စွမ်းရမယ်လို့ မိန့်မှာထားတယ်။
ကျွန်တော်တို့ အကျိုးအတွက် လုပ်ဆောင်ပေးတဲ့ ဘုရားသခင်၊ အစွမ်းတန်ခိုး ပြလှည့်ပါ။+
၂၉ ဘုရင်တွေက ဂျေရုဆလင်မြို့မှာရှိတဲ့ ဗိမာန်တော်အတွက်+
ကိုယ်တော့်ဆီ လက်ဆောင်တွေ ဆက်သကြလိမ့်မယ်။+
၃၀ ကျူတောထဲမှာနေတဲ့ သားရဲတွေ၊နွားထီးအုပ်တွေ၊+ နွားပေါက်တွေကို ဆုံးမလိုက်ပါ။
ဒါမှ လူတွေက ငွေစတွေ ယူလာပြီး* ဦးညွှတ်ကြမှာ။
ဒါပေမဲ့ ကိုယ်တော်က စစ်ပွဲနှစ်သက်သူတွေကို ကွဲလွင့်စေတယ်။
၃၁ အီဂျစ်ပြည်ကနေ ကြေးထည်တွေ ယူဆောင်လာလိမ့်မယ်။*+
ကုရှပြည်ဟာ* ဘုရားသခင်ကို လက်ဆောင်တွေ အမြန်ဆက်သလိမ့်မယ်။
၃၂ ကမ္ဘာမြေပေါ်က တိုင်းနိုင်ငံတို့၊ ဘုရားသခင်ကို ချီးမွမ်းသီချင်းဆိုကြပါ။+
ယေဟောဝါကို ချီးမွမ်းသီချင်းဆိုကြပါ။ (စဲလာ)
၃၃ ရှေးကတည်းက တည်ရှိတဲ့ အမြင့်ဆုံးကောင်းကင်ကို စီးနင်းတဲ့အရှင်အတွက် သီချင်းဆိုကြပါ။+
ဘုရားက တန်ခိုးသြဇာသံနဲ့ အကျယ်ကြီး ပြောတယ်။
၃၄ ဘုရားသခင်ရဲ့ အစွမ်းတန်ခိုးကို အသိအမှတ်ပြုကြပါ။+
အစ္စရေးတွေအပေါ် ဘုန်းတန်ခိုးတော် လွှမ်းမိုးနေတယ်။
မိုးကောင်းကင်မှာ အစွမ်းတန်ခိုးတော် တည်ရှိတယ်။
၃၅ ဘုရားသခင်က ခမ်းနားတဲ့ သန့်ရှင်းရာ ဌာနတော်ကနေ ထွက်လာချိန်မှာ ရိုသေခန့်ညားဖွယ် ကောင်းလှတယ်။+
ဘုရားသခင်ဟာ အစ္စရေးတို့ရဲ့ဘုရား၊ လူတွေကို အစွမ်းခွန်အား ပေးတဲ့အရှင်ပဲ။+
ဘုရားသခင်ကို ချီးမွမ်းကြပါ။
အောက်ခြေမှတ်ချက်များ
^ “မိုးတိမ်တွေကို စီးနင်းသွားတဲ့ အရှင်အတွက်” လည်းဖြစ်နိုင်။
^ “သိုးခြံတွေကြားထဲ” လည်းဖြစ်နိုင်။
^ “နင်းခြေပြီး” လည်းဖြစ်နိုင်။
^ “အီဂျစ်ပြည်ကနေ သံတမန်တွေ ရောက်လာလိမ့်မယ်” လည်းဖြစ်နိုင်။
^ ဒါမှမဟုတ်၊ “အီသီယိုးပီးယားပြည်ဟာ။”