ကိုယ့်ကိုယ်ကိုယ် တလိုတလား ပေးဆက်ကြသူများ—အယ်လ်ဘေးနီးယားနဲ့ ကိုဆိုဗိုမှာ
“ယေဟောဝါဘုရားအတွက် ဒီလောက် အပြည့်အဝ အမှုဆောင်နိုင်မယ်လို့ ကျွန်မ မထင်ခဲ့ဘူး” ဆိုပြီး ညီအစ်မ ဂွဲန် ပြောတယ်။ သူဟာ ဟောပြောသူ ပိုလိုအပ်တဲ့ အယ်လ်ဘေးနီးယားမှာ a အမှုဆောင်နေပါတယ်။ ဇာတိကတော့ အင်္ဂလန်နိုင်ငံပါ။
ညီအစ်မ ဂွဲန်ဟာ “လူမျိုးအားလုံးထဲက တန်ဖိုးရှိတဲ့အရာတွေ” ကို စုသိမ်းဖို့ အယ်လ်ဘေးနီးယားကို ပြောင်းရွှေ့လာတဲ့ ယေဟောဝါသက်သေတွေထဲက တစ်ယောက်ပါ။ (ဟဂ္ဂဲ ၂:၇) နိုင်ငံရပ်ခြားမှာ ဟောပြောဖို့ သူတို့ကို ဘာက လှုံ့ဆော်ပေးသလဲ။ အခုလို ပြောင်းရွှေ့နိုင်ဖို့ ဘာအပြောင်းအလဲတွေ လုပ်ခဲ့ကြသလဲ။ အခက်အခဲတွေကို ခံရပ်နိုင်ဖို့ ဘာက ကူညီပေးသလဲ။
အခြေအနေ ကွာခြားပေမဲ့ ဆန္ဒ တူညီကြ
အယ်လ်ဘေးနီးယားမှာ လာရောက်အမှုဆောင်ဖို့ ကြေညာသူတွေကို လှုံ့ဆော်ပေးတဲ့အရာက ယေဟောဝါဘုရားကို ချစ်တဲ့ မေတ္တာ၊ ဘုရားကို သိကျွမ်းလာဖို့ တခြားသူတွေကို ကူညီပေးချင်တဲ့ ဆန္ဒပါ။
တိုင်းတစ်ပါးကို သူတို့ မပြောင်းရွှေ့ခင် အမှုဆောင်လုပ်ငန်းမှာ တိုးချဲ့ပါဝင်ကြတယ်။ ဒါက နိုင်ငံရပ်ခြားမှာ အမှုဆောင်တဲ့အခါ အခက်အခဲတွေကို ခံရပ်နိုင်ဖို့ ကူညီပေးတယ်။ “ကိုယ့်ဇာတိမြို့မှာ ရှိတဲ့ အယ်လ်ဘေးနီးယားစကားပြော အသင်းတော်နဲ့ အရင် ပူးပေါင်းတယ်။ အဲဒီနောက် အယ်လ်ဘေးနီးယားမှာ ကျင်းပတဲ့ အစည်းအဝေးကြီးကို လာတက်တယ်။ နောက်ပိုင်းမှာ ဘာသာစကား ပိုကျွမ်းကျင်ဖို့ တစ်ခဏလောက် ပြန်လာနေထိုင်တယ်” လို့ ညီအစ်မ ဂွဲန် ပြောတယ်။
မန်နွဲလာဟာ အသက် ၂၃ နှစ်မှာ နေရင်းနိုင်ငံ အီတလီရဲ့ တခြားဒေသက အသင်းတော်ငယ်တစ်ခုကို ကူညီပေးဖို့ ပြောင်းရွှေ့သွားတယ်။ “အဲဒီမှာ လေးနှစ်လောက် အမှုဆောင်တယ်။ အဲဒီနောက် အယ်လ်ဘေးနီးယားမှာ အကူအညီ လိုနေမှန်း သိရတော့ အဲဒီကို သွားပြီး လအနည်းငယ် ရှေ့ဆောင်လုပ်ဖို့ စီစဉ်လိုက်တယ်” ဆိုပြီး သူ ပြောတယ်။
ဖက်ဒရီကာ ခုနစ်နှစ်အရွယ်တုန်းက အစည်းအဝေးကြီးတစ်ခုမှာ အယ်လ်ဘေးနီးယားသတင်းကို ကြားလိုက်ရတယ်။ သူ ဒီလိုပြောတယ်- “အယ်လ်ဘေးနီယားမှာ ကြေညာသူတွေက ကျမ်းစာသင်အံမှု အများကြီး စနိုင်ပြီး စိတ်ဝင်စားသူတွေ အစည်းအဝေး တက်နေတဲ့အကြောင်း ညီအစ်ကိုတစ်ယောက် ပြောပြတယ်။ ဒါနဲ့ အယ်လ်ဘေးနီးယားကို သွားချင်တယ်လို့ မိဘတွေကို ပြောပြတော့ အံ့ဩသွားကြတယ်။ အဖေက ‘ဆုတောင်းပါ၊ သမီး။ ယေဟောဝါဘုရား အလိုတော် ရှိရင် အဖြေပေးလိမ့်မယ်’ တဲ့။ လအနည်းငယ်ကြာတော့ ကျွန်မတို့ မိသားစုလိုက် အယ်လ်ဘေးနီးယားမှာ အမှုဆောင်ဖို့ ဖိတ်ခေါ်ခံရတယ်။” အခုဆိုရင် နှစ်အတော်ကြာသွားပါပြီ။ ဖက်ဒရီကာဟာ သြဂစ္စနဲ့ လက်ထပ်ပြီး အယ်လ်ဘေးနီးယားမှာ အချိန်ပြည့် အမှုဆောင်နေကြပါတယ်။
ဂျန်ပီအဲရိုဟာ အငြိမ်းစားယူပြီးတဲ့နောက် ဇနီး ဂလိုရီယာနဲ့အတူ အယ်လ်ဘေးနီးယားကို ပြောင်းရွှေ့ခဲ့တယ်။ သူ ဒီလိုပြောပြတယ်- “သားတွေကို အီတလီနိုင်ငံမှာ ပြုစုပျိုးထောင်ခဲ့တာပါ။ သုံးယောက်က အကူအညီ လိုအပ်တဲ့ တိုင်းတစ်ပါးမှာ အမှုဆောင်ဖို့ ပြောင်းရွှေ့သွားတယ်။ ‘သင်သည် မက်ဆီဒိုးနီးယားသို့ ကူးလာနိုင်မည်လော’ ဆိုတဲ့ ကင်းမျှော်စင် ဆောင်းပါးကို သိပ်သဘောကျတယ်။ ဒါနဲ့ ကျွန်တော့်ပင်စင်ငွေနဲ့ အယ်လ်ဘေးနီးယားမှာ အမှုဆောင်နိုင်၊ မနိုင် တွက်ချက်ကြည့်တယ်။”
အသေအချာ စီစဉ်ခဲ့ကြ
ပိုလိုအပ်တဲ့ ဒေသမှာ အမှုဆောင်သူတွေဟာ မပြောင်းရွှေ့ခင် အသေအချာ အစီအစဉ်ဆွဲပြီး အပြောင်းအလဲတွေ လုပ်ကြရတယ်။ (လုကာ ၁၄:၂၈) အစီအစဉ်တွေထဲမှာ စားဝတ်နေရေးအတွက် အလုပ်ရှာတာလည်း ပါတယ်။ အစမှာ ဖော်ပြခဲ့တဲ့ ညီအစ်မ ဂွဲန်ဟာ အင်္ဂလန်မှာ နေတုန်းက ငွေချွေတာဖို့ အစ်မအိမ်မှာ သွားနေတယ်။ အင်္ဂလန်နိုင်ငံသား ဆိုဖီယာနဲ့ ခရစ္စတိုဖာကလည်း “ကားနဲ့ ပရိဘောဂတချို့ ရောင်းလိုက်တယ်။ အယ်လ်ဘေးနီးယားမှာ အနည်းဆုံး တစ်နှစ်လောက် နေမယ်လို့ စီစဉ်ထားတယ်” ဆိုပြီး ပြောပြတယ်။ ဝမ်းသာစရာက သူတို့ အဲဒီထက်မက နေနိုင်ခဲ့ကြတယ်။
ကြေညာသူတချို့ဟာ အယ်လ်ဘေးနီးယားမှာ လအနည်းငယ် နေတယ်၊ အဲဒီနောက် ကိုယ့်နိုင်ငံကို ပြန်ပြီး အလုပ်လုပ်တယ်၊ ငွေစုပြီးနောက် အယ်လ်ဘေးနီးယားကို ပြန်လာကြတယ်။ အဲလီစီယိုနဲ့ မိရိအံတို့လည်း ဒီအတိုင်း လုပ်ခဲ့ကြတယ်။ “မိရိအံက ကမ္ဘာလှည့်ခရီးသည် အလာများတဲ့ အီတလီရဲ့ မြို့တစ်မြို့မှာ နေတယ်။ အဲဒီမြို့မှာ အလုပ်ရဖို့ လွယ်တယ်။ ဒါကြောင့် ကျွန်တော်တို့ နွေရာသီမှာ ဒီမြို့ကို ပြန်လာပြီး သုံးလ အလုပ်လုပ်တယ်။ ငွေစုပြီးတဲ့နောက် အယ်လ်ဘေးနီးယားမှာ ကိုးလ နေတယ်။ ငါးနှစ်လောက် အဲဒီလို လုပ်ခဲ့တယ်” လို့ အဲလီစီယို ရှင်းပြတယ်။
အခက်အခဲတွေ ကျော်လွှားနိုင်ခဲ့ကြ
ပိုလိုအပ်တဲ့ ဒေသမှာ အမှုဆောင်သူတွေဟာ နေရာသစ်မှာ နေသားကျအောင် ကြိုးစားကြရတယ်။ ဒေသခံ သက်သေခံတွေရဲ့ အကြံဉာဏ်၊ ပုံသက်သေတွေက အခက်အခဲတွေ ကျော်လွှားနိုင်ဖို့ ကူညီပေးတယ်။ အစပိုင်းမှာ ဖော်ပြခဲ့တဲ့ ဆိုဖီယာက “အယ်လ်ဘေးနီးယားရဲ့ ဆောင်းဟာ အီတလီထက် အေးတယ်။ ဒေသခံ ညီအစ်မတွေ ဝတ်ဆင်သလို ဝတ်ဆင်တတ်လာတယ်” လို့ ပြောတယ်။ ပိုလန်နိုင်ငံက ဂူဂျဂေါ့ဇ်နဲ့ ဆိုနာတို့ဟာ ကိုဆိုဗိုရဲ့ b သာယာလှပတဲ့ ပရီဇ်ရင်မြို့မှာ အမှုဆောင်ကြတယ်။ “ဒေသခံ ကြေညာသူတွေဟာ အင်မတန် နှိမ့်ချတယ်။ ကြင်နာပြီး စိတ်ရှည်ကြတယ်။ ကျွန်တော်တို့ကို ဘာသာစကား သင်ပေးတယ်၊ အကူအညီတွေ ပေးကြတယ်။ ဥပမာ၊ စျေးချိုတဲ့ ဆိုင်တွေကို ပြပေးတယ်။ ရပ်ကွက်စျေးတွေမှာ ဝယ်ခြမ်းတတ်ဖို့လည်း သင်ပေးကြတယ်” လို့ ဂူဂျဂေါ့ဇ် ပြောတယ်။
ပျော်စရာအကြောင်း များစွာ ရှိ
တိုင်းတစ်ပါးကို ပြောင်းရွှေ့နေထိုင်သူတွေဟာ ဒေသခံ သက်သေခံတွေနဲ့ ရင်းနှီးလာပြီး သူတို့ရဲ့ နောက်ခံကိုလည်း သိလာကြတယ်။ ဆိုနာ အခုလို ပြောတယ်- “ယေဟောဝါဘုရားရဲ့ မေတ္တာ ဘယ်လောက် အစွမ်းထက်မှန်း သိလာတယ်။ ညီအစ်ကိုတွေဟာ ယေဟောဝါဘုရားကို သိကျွမ်းလာတဲ့အခါ သူတို့ရဲ့ ယုံကြည်ချက်၊ ဘဝပုံစံတွေကို လုံးဝ ပြောင်းလဲလိုက်တာကို မြင်ရတော့ ကျွန်မ ယုံကြည်ခြင်း ပိုခိုင်ခံ့လာတယ်။ အသင်းတော်မှာ တစ်ထောင့်တစ်နေရာကနေ ကူညီပေးနိုင်ကြမှန်း သိလာတယ်။ မိတ်ဆွေရင်းချာ ဖြစ်လာတဲ့ ညီအစ်ကို/မတွေနဲ့အတူ အမှုဆောင်နေကြတယ်။” (မာကု ၁၀:၂၉၊ ၃၀) “ကျွန်မ သိတဲ့ ညီအစ်မ အတော်များများဟာ သက်သေခံတွေကို မကြိုက်တဲ့သူတွေရဲ့ ဆန့်ကျင်ရန်လိုမှုကို ခံခဲ့ရတယ်။ ယေဟောဝါဘုရားအပေါ် ထားတဲ့ သူတို့ရဲ့ မေတ္တာကို မြင်ရတာ အားရှိစရာပဲ” လို့ ဂလိုရီယာ ပြောတယ်။
ပိုလိုအပ်တဲ့ ဒေသမှာ အမှုဆောင်သူတွေဟာ ကိုယ့်နိုင်ငံမှာ နေရင် မသိရတဲ့ အဖိုးတန် သင်ခန်းစာတွေ ရရှိကြတယ်။ ဥပမာ၊ သက်သောင့်သက်သာ ဘဝထဲက ထွက်ပြီး ယေဟောဝါရဲ့ အမှုဆောင်တဲ့အခါ ပိုပျော်ရွှင်ကြတယ်။ စတက်ဖနို ဒီလိုပြောတယ်- “ကျွန်တော့်နိုင်ငံမှာ အင်တာကွန်းကနေပဲ လိုရင်းတိုရှင်း ဟောပြောရတယ်။ အယ်လ်ဘေးနီးယားမှာတော့ လူတွေက ကော်ဖီသောက်ရင်း အေးအေးဆေးဆေး စကားပြောလေ့ရှိတယ်။ ကျွန်တော်က အရှက်အကြောက်ကြီးတော့ အစပိုင်းမှာ ဘာပြောရမှန်းမသိ ဖြစ်နေတာ။ အချိန်ကြာလာတော့ လူတွေကို အာရုံစိုက်တတ်လာတယ်။ အခုဆိုရင် သူတို့နဲ့ စကားစမြည် ပြောရတာ ပျော်နေပြီ။ ဟောပြောခွင့် ရလို့ ပိုပျော်တယ်။”
အမေရိကန်ပြည်ထောင်စုက လီအာနဲ့ ခင်ပွန်း ဝီလျံတို့ဟာ အယ်လ်ဘေးနီးယားကို ရွှေ့ပြောင်းခဲ့တယ်။ လီအာက “ကျွန်မတို့ ဒီမှာ အမှုဆောင်ရလို့ အမြင်ကျယ်လာတယ်။ ရှုထောင့်အမျိုးမျိုးကနေ မြင်တတ်လာတယ်။ ဧည့်ဝတ်ကျေပွန်မှု၊ လေးစားမှု၊ မိတ်ဖွဲ့မှုအကြောင်း အများကြီး သိလာတယ်။ ဟောပြောနည်းသစ်တွေ၊ ကျမ်းစာနဲ့ ကျိုးကြောင်းဆင်ခြင်နည်းတွေ သိလာတဲ့အပြင် ဖော်ဖော်ရွေရွေ ပြောဆိုတတ်လာပြီ” လို့ ပြောတယ်။ ဝီလျံ ဒီလိုပြောတယ်- “အယ်လ်ဘေးနီးယားကို လာလည်ပတ်သူ အများစုက သိပ်လှတဲ့ ကမ်းခြေတွေကို နှစ်သက်ကြတယ်။ ကျွန်တော်ကတော့ အယ်လ်ဘေးနီးယား တောင်တန်းတွေပေါ် တက်ရတာ ကြိုက်တယ်။ ဒါပေမဲ့ အပျော်ရွှင်ဆုံးက ဒီက လူတွေကြောင့်ပါ။ ဒီမှာရှိတဲ့ ရွာအတော်များများကို အထူးကင်ပိန်းကာလတွေကျမှ ရောက်ဖြစ်ကြတာ။ အဲဒီကို သွားတဲ့အခါ မိသားစု တစ်စုနှစ်စုကို သတင်းကောင်း ဟောတာနဲ့ပဲ တစ်နေကုန်သွားတယ်။”
ပိုလိုအပ်တဲ့ ဒေသမှာ အမှုဆောင်သူတွေ အပျော်ရွှင်ဆုံးက ဒေသခံတွေ သတင်းကောင်း နားထောင်ကြလို့ပါ။ (၁ သက်သာလောနိတ် ၂:၁၉၊ ၂၀) တစ်ကိုယ်ရေ လူငယ်ဘဝမှာ အယ်လ်ဘေးနီးယားကို ရောက်လာတဲ့ လော်ရာက “ဖီယာမြို့မှာ အမှုဆောင်တဲ့ နှစ်နှစ်ခွဲအတွင်း ကြေညာသူအသစ် ၁၂၀ ရှိလာတယ်။ သူတို့ထဲက ၁၆ ယောက်ကို ကျွန်မ ကျမ်းစာသင်ပေးခွင့် ရခဲ့တယ်” လို့ ပြောတယ်။ စန်ဒြာဆိုတဲ့ ညီအစ်မက “စျေးမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတစ်ယောက်ကို ကျွန်မ ဟောပြောခဲ့တယ်။ အဲဒီအမျိုးသမီးက သက်သေခံ ဖြစ်လာပြီးနောက် သူ့ရွာကို ပြန်သွားပြီး ဟောတော့တာပဲ။ အခု သူ့မှာ ကျမ်းစာသင်အံမှု ၁၅ ခု ရှိနေပြီ” ဆိုပြီး ပြောပြတယ်။
သူတို့ရဲ့ ခံနိုင်ရည်ကို ယေဟောဝါ ကောင်းချီးပေး
အယ်လ်ဘေးနီးယားကို ပြောင်းရွှေ့ အမှုဆောင်သူတချို့ အခုထိ အဲဒီမှာပဲ နေထိုင်ပြီး ပျော်ရွှင်စွာ အမှုဆောင်နေကြတယ်။ ပထမဆုံးမျိုးစေ့ ကြဲပြီးနောက် အချိန်အတော်ကြာမှ သီးပွင့်လာတာကို တွေ့ရတာက အံ့သြစရာပါပဲ။ (ဒေသနာ ၁၁:၆) အစောပိုင်းမှာ ဖော်ပြတဲ့ ခရစ္စတိုဖာ ဒီလိုပြောပြတယ်- “အယ်လ်ဘေးနီးယားကို ရောက်ခါစတုန်းက ကျွန်တော် ကျမ်းစာသင်ပေးခဲ့တဲ့သူနဲ့ အမှတ်မထင် ပြန်ဆုံကြတယ်။ အဲဒီတုန်းက ကျမ်းစာဆွေးနွေးခဲ့တာတွေကို သူ အသေးစိတ် ပြန်ပြောပြလို့ ဝမ်းသာလိုက်တာ။ အခု သူတို့ဇနီးမောင်နှံဟာ ယေဟောဝါဘုရားဆီ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံပြီးကြပြီ။” ဖက်ဒရီကာက ဒီလိုပြောပြတယ်– “အသင်းတော်တစ်ခုကို ရောက်တော့ ညီအစ်မတစ်ယောက် ကျွန်မဆီ လာပြီး သူ့ကို မှတ်မိလားတဲ့။ လွန်ခဲ့တဲ့ ကိုးနှစ်က သူ့ကို ကျွန်မ သက်သေခံခဲ့တယ်၊ တခြားမြို့ကို ကျွန်မ ပြောင်းရွှေ့သွားပြီးနောက် ကျမ်းစာလေ့လာခဲ့တာ နှစ်ခြင်းခံတဲ့အထိ တိုးတက်လာတယ်လို့ ပြောပြတယ်။ အယ်လ်ဘေးနီးယားကို ကျွန်မတို့ ရောက်ခါစ နှစ်တွေမှာ ဘာမှ အကျိုးမဖြစ်ထွန်းဘူးလို့ ထင်ခဲ့မိတာ မှားသွားတယ်။”
အယ်ဘေးနီးယားနဲ့ ကိုဆိုဗိုကို ပြောင်းရွှေ့ခဲ့တဲ့ ညီအစ်ကို/မတွေဟာ မိမိတို့ရဲ့ ကြိုးစားအားထုတ်မှုအပေါ် ယေဟောဝါဘုရား ကောင်းချီးပေးလို့၊ ကျေနပ်စရာ အသက်တာ ပေးထားလို့ ကျေးဇူးတင်နေကြတယ်။ အယ်လ်ဘေးနီးယားမှာ နှစ်အတော်ကြာ နေထိုင်ခဲ့တဲ့ အဲလီစီယိုက သူ့အတွေ့အကြုံကို ဒီလိုပြောပြတယ်- “တည်မြဲတယ်လို့ ဒီလောက သတ်မှတ်ထားတဲ့အရာတွေကို အားထားရင် ဘဝ တည်မြဲအောင်မြင်မယ်လို့ ထင်တတ်ကြတယ်။ ဒါဟာ စိတ်လှည့်စားခံရတာပါ။ ယေဟောဝါရဲ့ လမ်းညွှန်ချက်တွေကသာ ဘဝရည်ရွယ်ချက် ရှိစေပြီး တည်မြဲတယ်။ ပိုလိုအပ်တဲ့ နေရာမှာ အမှုဆောင်လို့ ဒီအချက်ကို သိလာတာပါ။ ငါဟာ အသုံးဝင်သူ၊ တန်ဖိုးထားခံရသူဆိုပြီး ခံစားရတယ်။ ပန်းတိုင်တူတဲ့ မိတ်ဆွေစစ်တွေ ရှိနေပြီ။” စန်ဒြာလည်း အလားတူ ခံစားရတယ်။ “ပိုလိုအပ်တဲ့ ဒေသကို ပြောင်းရွှေ့လာတော့မှ သာသနာပြု ဖြစ်ချင်နေတဲ့ ကျွန်မဆန္ဒ ပြည့်သွားတော့တယ်။ အယ်လ်ဘေးနီးယားကို ပြောင်းရွှေ့လာတဲ့အတွက် တစ်ခါမှ နောင်တမရဘူး။ ဘဝမှာ အပျော်ဆုံးပဲ” လို့ ပြောတယ်။
a အယ်လ်ဘေးနီးယားရဲ့ ဟောပြောခြင်းလုပ်ငန်း သမိုင်းကြောင်းကို ပိုသိချင်တယ်ဆိုရင် ၂၀၁၀ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်မှာ ဖတ်ကြည့်ပါ။
b ကိုဆိုဗိုဟာ အယ်လ်ဘေးနီးယားရဲ့ အရှေ့မြောက်ဘက်မှာ တည်ရှိတယ်။ အဲဒီဒေသမှာ လူများစွာဟာ အယ်လ်ဘေးနီးယားစကား ပြောကြတယ်။ အယ်လ်ဘေးနီးယား၊ ဥရောပနိုင်ငံတွေ၊ အမေရိကန်ပြည်ထောင်စုက သက်သေခံတွေ ကိုဆိုဗိုကို ပြောင်းရွှေ့ပြီး အယ်လ်ဘေးနီးယား စကားပြောသူတွေကို သတင်းကောင်း ဟောခဲ့တယ်။ ၂၀၂၀ ပြည့်နှစ်တုန်းက ကိုဆိုဗိုမှာ အသင်းတော် ၈ ခု၊ အုပ်စု ၃ ခု၊ အကြိုအုပ်စု ၂ ခုမှာ အမှုဆောင်နေတဲ့ ကြေညာသူ ၂၅၆ ယောက် ရှိတယ်။