မာတိကာဆီ ကျော်သွား

ဂျာမနီနိုင်ငံ၊ အိုရေနီယန်ဘဂ့်မြို့၊ ဇက်စင်ဟောင်စင် ပြတိုက်။ အတွင်းပုံ–“ယေဟောဝါသက်သေများ နာဇီ နှိပ်စက်မှုဒဏ်ကို ကြံ့ကြံ့ခံခဲ့ကြ” အထူးပြခန်းသစ်မှာ ဧည့်သည်တွေ လည်ပတ်ကြည့်ရှုနေကြစဉ်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်
ဂျာမနီ

ဂျာမနီနိုင်ငံရဲ့ ဇက်စင်ဟောင်စင် ပြတိုက်မှာ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူများအတွက် အထိမ်းအမှတ်ပြခန်း ဖွင့်လှစ်

ဂျာမနီနိုင်ငံရဲ့ ဇက်စင်ဟောင်စင် ပြတိုက်မှာ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူများအတွက် အထိမ်းအမှတ်ပြခန်း ဖွင့်လှစ်

သြဂတ် ဒစ်မန်

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်၊ ဂျာမနီနိုင်ငံ၊ အိုရေနီယန်ဘဂ့်မြို့၊ ဇက်စင်ဟောင်စင် ပြတိုက်မှာ ယာယီပြခန်းတစ်ခန်း ဖွင့်လှစ်တယ်။ “ယေဟောဝါသက်သေများ နာဇီ နှိပ်စက်မှုဒဏ်ကို ကြံ့ကြံ့ခံခဲ့ကြ” ခေါင်းစဉ်နဲ့ ဒီပြခန်းဟာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ လလယ်ပိုင်းအထိ ပြသမှာ ဖြစ်တယ်။ ပြခန်းဖွင့်လှစ်တဲ့နေ့ဟာ ညီအစ်ကို သြဂတ် ဒစ်မန် အသတ်ခံရတာ ၈၅ နှစ်ပြည့်တဲ့နေ့မှာပါ။ ညီအစ်ကို သြဂတ်ဟာ ဘာသာရေးယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုမှုနဲ့ နာဇီအုပ်ချုပ်မှုအောက်မှာ သေဒဏ်ပေးခံတဲ့ ပထမဆုံးသူဖြစ်တယ်။

ဂါဟတ် လီဘိုနဲ့ အယ်မီ ဇယ်ဒန်

စစ်မှုထမ်းဖို့ ငြင်းဆိုလို့ သေဒဏ်ချမှတ်ခံရတဲ့ ယေဟောဝါသက်သေ ၂၈၀ ကျော်ကို နာဇီအစိုးရ ကွပ်မျက်ခဲ့တယ်။ ဒီသစ္စာရှိ သက်သေခံတွေရဲ့ အဖြစ်အပျက်တွေအကြောင်း ပြတိုက်ဘောင်ကွက် ၃၃ ခုမှာ စာတွေ၊ ဓာတ်ပုံတွေနဲ့ ခင်းကျင်းပြသထားတယ်။ အဲဒီထဲမှာ ညီအစ်မ အယ်မီ ဇယ်ဒန်ရဲ့ တွေ့ကြုံမှု ပါတယ်။ ၁၉၄၄ ခုနှစ်၊ ဇွန် ၉ ရက်နေ့၊ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့က ပလွတ်ဇန်ဆီအကျဉ်းထောင်မှာ ညီအစ်မ အယ်မီ ကွပ်မျက်ခံရတယ်။ ညီအစ်ကို ဂါဟတ် လီဘို၊ ညီအစ်ကို ဝါနာ ဂါနာနဲ့ မွေးစားသား ဟောစ့်ကို အိမ်မှာ သတ္တိရှိရှိ ဝှက်ထားပေးလို့ ကွပ်မျက်ခံရတာပါ။ ညီအစ်ကို သုံးယောက်စလုံး စစ်မှုထမ်းဖို့ ငြင်းဆိုခဲ့ကြတယ်။

ယိုစက် ရေဝေါ်

ပြခန်းဖွင့်ပွဲမှာ ညီအစ်ကို ဟန်စ် ဟွာကင် ရေဝေါ်ကို လူတွေ့မေးမြန်းတော့ ဖခင်ဖြစ်သူ ယိုစက်အကြောင်း ပြောပြတယ်။ ယိုစက်က ဂျာမနီတပ်ထဲ ဝင်ဖို့ ငြင်းဆိုခဲ့လို့ ၁၉၃၈ မှာ ဖမ်းဆီးခံရပြီး ထောင်တစ်နှစ် ချခံရတယ်။ နောက်တော့ ဇက်စင်ဟောင်စင် အပါအဝင် ချွေးတပ်စခန်း သုံးခု ပို့ခံရတယ်။ ညီအစ်ကို သြဂတ် ဒစ်မန် ကွပ်မျက်ခံရတဲ့နေ့မှာ သူရှိနေတယ်။ ဒီလို စမ်းသပ်မှုတွေကြားမှာ ယေဟောဝါအပေါ် ယိုစက် သစ္စာမပျက်ခဲ့ဘူး။ ညီအစ်ကို တစ်ယောက် ပြခန်းကို လည်ပတ်ကြည့်ရှုပြီးနောက် ဒီလိုပြောတယ်– “အဲဒီအချိန်က ညီအစ်ကို၊ ညီအစ်မတွေဟာ အသက်အန္တရာယ်ရှိတာတောင် ကြားနေမှုကြောင့် ကြုံရတဲ့ အခက်အခဲဒုက္ခတွေကို တလိုတလား ခံရပ်ခဲ့ကြတယ်။ သူတို့ကို ကျွန်တော် သိပ်လေးစားတယ်။ သူတို့လိုပဲ ကျွန်တော်လည်း ယေဟောဝါကို သစ္စာရှိသွားချင်တယ်။”

နာဇီအုပ်ချုပ်မှုအောက်မှာ ရဲစွမ်းသတ္တိရှိရှိ ခံရပ်တည်ကြည်ခဲ့ကြတဲ့ ညီအစ်ကို၊ ညီအစ်မတွေကို ကျွန်တော်တို့ သိပ်တန်ဖိုးထား လေးမြတ်ပါတယ်။ ဒီနေ့အချိန်မှာလည်း ယေဟောဝါသက်သေ များစွာဟာ ခရစ်ယာန်ကြားနေမှုကြောင့် နှိပ်စက်ညှဉ်းပန်းခံနေရကြတယ်။ အတိတ်တုန်းက ညီအစ်ကို၊ ညီအစ်မတွေရဲ့ သစ္စာရှိ ပုံသက်သေတွေကြောင့် အခက်အခဲတွေကို ရင်ဆိုင်ဖို့ ကျွန်တော်တို့ ခွန်အားရှိတာပါ။—၁ ပေတရု ၅:၁၀