နိုဝင်ဘာ ၁၂၊ ၂၀၂၀
ဖိလစ်ပိုင်
တိုင်ဖွန်းနှစ်လုံးကြောင့် ဖိလစ်ပိုင်မှာ ပျက်စီးဆုံးရှုံးမှု များပြား
တည်နေရာ
လူဇွန်ကျွန်း တောင်ပိုင်းနဲ့ အနီးနား ကျွန်းစုများ
သဘာဝဘေး
၂၀၂၀၊ အောက်တိုဘာ ၂၅ ရက်မှာ ကင်တာလို့လည်း ခေါ်တဲ့ မိုလာဗီတိုင်ဖွန်း တိုက်ခတ်မှုကြောင့် ဖိလစ်ပိုင်နိုင်ငံ၊ လူဇွန်ကျွန်း၊ ဘီကိုပြည်နယ်၊ အယ်ဘေးဒေသမှာ အပျက်အစီး များခဲ့တယ်
၂၀၂၀၊ နိုဝင်ဘာ ၁ ရက်မှာ ရိုလီလို့လည်း ခေါ်တဲ့ စူပါတိုင်ဖွန်း ဂိုနီဟာ လူဇွန်ကျွန်း၊ ဘီကိုပြည်နယ်၊ ကာတန်ဒွါနက်စ်ဒေသကိုလည်း ဝင်ရောက်တိုက်ခတ်ခဲ့တယ်။ ပြင်းအားအဆင့် ၅ ရှိတဲ့ မုန်တိုင်းဟာ မိုလာဗီတိုင်ဖွန်းဒဏ် ထိထားတဲ့ ဒေသတွေဆီ ဆက်တိုက်ခတ်ခဲ့ပါတယ်
မုန်တိုင်းနှစ်လုံး တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့လို့ ရေကြီးရေလျှံတာ၊ လျှပ်စစ်မီး အကြီးအကျယ် ပြတ်တောက်တာ၊ သောက်ရေ ပြတ်လပ်တာတွေ ဖြစ်ခဲ့တယ်။ ဘေးသင့်ဒေသတွေဆီ ဆက်သွယ်ဖို့ အတော် အခက်တွေ့ကုန်တယ်
မိုးရွာသွန်းမှုကြောင့် မေရုံတောင်ကနေ ရွှံ့နွံတွေ ပြိုဆင်းလာတဲ့အတွက် အနီးနားက အိမ်တွေ ပျက်စီးကုန်တယ်
ညီအစ်ကို/မတွေရဲ့ အခြေအနေ
ကြေညာသူ ရာနဲ့ချီ ဘေးကင်းရာ ပြောင်းရွှေ့ကြရတယ်
အသက် ၈၉ နှစ်အရွယ် ညီအစ်မ အိမ်ကနေ ဘေးလွတ်ရာဆီ ထွက်ပြေးချိန်မှာ အနည်းငယ် ထိခိုက်သွားတယ်။ သူ့အိမ်ကတော့ လုံးဝ ပျက်စီးသွားပါတယ်
အဆောက်အအုံ ပျက်စီးမှု
အိမ် ၁၃၄ လုံး၊ ဝတ်ပြုရာခန်းမ ၈ လုံး အနည်းငယ် ပျက်စီး
အိမ် ၇၅ လုံး၊ ဝတ်ပြုရာခန်းမ ၈ လုံး အကြီးအကျယ် ပျက်စီး
အိမ် ၁၀၁ လုံး၊ ဝတ်ပြုရာခန်းမ ၁ လုံး ရစရာမရှိအောင် ပျက်စီး
ကယ်ဆယ်ရေးလုပ်ငန်း
တိုက်နယ်ကြီးကြပ်မှူးတွေ၊ ဒေသခံ အကြီးအကဲတွေက သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ ခြောက်ဖွဲ့နဲ့အတူ ညီအစ်ကို/မတွေ အစားအစာ၊ သောက်ရေ၊ နေစရာ၊ လိုအပ်ရာတွေ ရနိုင်အောင် ကူညီပေးနေပါတယ်။ ညီအစ်ကိုတွေဟာ ကယ်ဆယ်ရေးလုပ်ငန်း လုပ်နေချိန်၊ အားပေးနှစ်သိမ့်ချိန်တွေမှာ ကိုဗစ် ၁၉ စည်းကမ်းချက်တွေကိုလည်း ဂရုတစိုက် လိုက်နာကြပါတယ်
အဖျက်စွမ်းအားပြင်းတဲ့ မုန်တိုင်းကြောင့် ထိခိုက်သွားတဲ့ ညီအစ်ကို/မတွေအတွက် ကျွန်တော်တို့ ဆက်ဆုတောင်းပေးနေပါတယ်။ အခုလို ခက်ခဲနေချိန်အတွင်း “ကရုဏာကြီးတဲ့အဖ၊ နှစ်သိမ့်ခြင်းအမျိုးမျိုးရဲ့ အရှင်” ယေဟောဝါဟာ ညီအစ်ကို/မတွေနဲ့အတူ ရှိနေမယ်ဆိုတာ ကျွန်တော်တို့ စိတ်ချပါတယ်။—၂ ကောရိန္သု ၁:၃။