ယေဟောဝါဆိုတာ ဘယ်သူလဲ
ကျမ်းစာအဖြေ
ယေဟောဝါဆိုတာ ကျမ်းစာမှာဖော်ပြထားတဲ့ စစ်မှန်တဲ့ဘုရားသခင်၊ အရာအားလုံးရဲ့ ဖန်ဆင်းရှင်ဖြစ်တယ်။ (ဗျာဒိတ် ၄:၁၁) ယေရှုခရစ်နဲ့ ပရောဖက်တွေဖြစ်တဲ့ အာဗြဟံ၊ မောရှေတို့ ကိုယ်တော့်ကို ဝတ်ပြုကိုးကွယ်ခဲ့ကြတယ်။ (ကမ္ဘာဦး ၂၄:၂၇; ထွက်မြောက်ရာ ၁၅:၁၊ ၂; ယောဟန် ၂၀:၁၇) ကိုယ်တော်ဟာ လူမျိုးတစ်မျိုးတည်းရဲ့ဘုရားမဟုတ်ဘဲ “မြေကြီးတစ်ပြင်လုံး” ရဲ့ ဘုရားသခင် ဖြစ်တယ်။—ဆာလံ ၄၇:၂။
ယေဟောဝါဆိုတာ ဘုရားရဲ့ ထူးခြားတဲ့နာမည်ဖြစ်ကြောင်း ကျမ်းစာမှာဖော်ပြထားတယ်။ (ထွက်မြောက်ရာ ၃:၁၅; ယေရမိ ၃၃:၂) ဒီနာမည်ဟာ “ဖြစ်လာစေသည်” လို့အဓိပ္ပာယ်ရတဲ့ ဟေဗြဲကြိယာကနေ ဆင်းသက်လာပြီး ကျမ်းပညာရှင်အတော်များများကတော့ “ကိုယ်တော် ဖြစ်လာစေသည်” လို့ အနက်ဖွင့်ကြတယ်။ ဒီအနက်ဖွင့်ချက်ဟာ ဖန်ဆင်းရှင်၊ ရည်ရွယ်တော်မူချက်တွေကို ပြည့်စုံစေတဲ့အရှင် ယေဟောဝါဘုရားနဲ့ တကယ်ပဲလိုက်ဖက်ပါတယ်။ (ဟေရှာယ ၅၅:၁၀၊ ၁၁) ယေဟောဝါဆိုတဲ့နာမည်ရဲ့ နောက်ကွယ်မှာရှိတဲ့ ပုဂ္ဂိုလ်အကြောင်း၊ အထူးသဖြင့် ကိုယ်တော်ရဲ့အဓိကအရည်အသွေးဖြစ်တဲ့ မေတ္တာအကြောင်းသိအောင် ကျမ်းစာကကူညီပေးတယ်။—ထွက်မြောက်ရာ ၃၄:၅–၇; လုကာ ၆:၃၅; ၁ ယောဟန် ၄:၈။
ဘုရားသခင့်နာမတော် “ယေဟောဝါ” ဆိုတာက ဟေဗြဲဗျည်းလေးလုံး יהוה (ယဟဝဟ) ကနေပြန်ဆိုထားတာ ဖြစ်တယ်။ အဲဒါကို တက်တြာဂရမ်မီတန် လို့သိထားကြတယ်။ ရှေးခေတ်ဟေဗြဲစကားမှာ နာမတော်ကို ဘယ်လိုအသံထွက်လဲဆိုတာ သေချာမသိကြတော့ပါဘူး။ ဒါပေမဲ့ “ယေဟောဝါ” ဆိုတဲ့စကားလုံးကို ဟိုးအရင်ကတည်းက အသုံးပြုခဲ့ကြတယ်။ ဥပမာ၊ ၁၅၃၀ ပြည့်နှစ်ထုတ် ဝီလျံတင်ဒေးရဲ့ အင်္ဂလိပ်ဘာသာပြန်ကျမ်းမှာ “ဂျီဟိုးဗား” ဆိုတဲ့ပုံစံကို ဦးဆုံးအကြိမ် အသုံးပြုခဲ့တယ်။ a
နာမတော်ရဲ့ ရှေးဟေဗြဲအသံထွက်အမှန်ကို ဘာလို့မသိကြတော့တာလဲ
ရှေးဟေဗြဲစကားကို ရေးတဲ့အခါ သရအက္ခရာကိုမသုံးဘဲ ဗျည်းအက္ခရာနဲ့ပဲ ရေးကြတယ်။ ဟေဗြဲစကားပြောတဲ့သူတွေဟာ စာဖတ်တဲ့အခါ သင့်တော်တဲ့ သရအက္ခရာတွေကိုထည့်ပြီး အလွယ်တကူဖတ်ရှုနိုင်တယ်။ ဒါပေမဲ့ ဟေဗြဲကျမ်းစောင်တွေ (“ဓမ္မဟောင်းကျမ်း”) ကို ရေးသားပြီးနောက်မှာ ဂျူးတချို့က ဘုရားသခင့်နာမည်ကို အသံထွက်ခေါ်ဆိုတာ မှားတယ်ဆိုတဲ့ အယူသီးမှုကို လက်ခံခဲ့ကြတယ်။ ဘုရားသခင့်နာမည်ပါတဲ့ ကျမ်းချက်တစ်ချက်ကို အသံထွက်ဖတ်တဲ့အခါ “သခင်” ဒါမှမဟုတ် “ဘုရားသခင်” ဆိုတဲ့ဘွဲ့တွေနဲ့ အစားထိုးဖတ်ကြတယ်။ ရာစုနှစ်ချီကြာလာတာနဲ့အမျှ ဒီအယူသီးမှုတွေ ပျံ့နှံ့သွားပြီး မူရင်းအသံထွက်လည်း ပျောက်ကွယ်သွားတော့တယ်။ b
တချို့က နာမတော်ကို “ယာဝေး” လို့အသံထွက်ရမယ်ဆိုပြီး ယူဆကြတယ်။ တခြားယူဆချက်တွေလည်း ရှိတယ်။ အစောပိုင်း ဂရိစာရေးဆရာတွေက ယာအဲ၊ ယာဘီ၊ ယာအူး ဆိုပြီး အသံထွက်သင့်တယ်လို့ ပြောကြပေမဲ့ ရှေးဟေဗြဲအသံထွက်အမှန်ကိုတော့ တစ်ယောက်မှမသိကြဘူး။ c
ကျမ်းစာပါ ဘုရားသခင့်နာမည်နဲ့ပတ်သက်တဲ့ ယူဆချက်အမှားများ
ယူဆချက်အမှား– “ယေဟောဝါ” ဆိုတဲ့ နာမည်အသုံးပြုတဲ့ ဘာသာပြန်ကျမ်းတွေက ဒီနာမည်ကို ထပ်ထည့်ထားတာ။
အမှန်တရား– နာမတော်အတွက် အသုံးပြုတဲ့ ဟေဗြဲစကားလုံး တက်တြာဂရမ်မီတန်ကို ကျမ်းစာမှာ အကြိမ် ၇,၀၀၀ နီးပါး တွေ့ရတယ်။ d ဘာသာပြန်ကျမ်းအများစုမှာ နာမတော်ကို ဖယ်ထုတ်ထားပြီး “သခင်” လိုမျိုး ဘွဲ့တစ်ခုခုနဲ့ အစားထိုးထားကြတယ်။
ယူဆချက်အမှား– အနန္တတန်ခိုးရှင်ဘုရားသခင်မှာ သတ်သတ်မှတ်မှတ်နာမည်တစ်ခု ရှိဖို့မလိုပါဘူး။
အမှန်တရား– ဘုရားကိုယ်တိုင်က သူ့နာမည်ကို ကျမ်းစာထဲမှာ အကြိမ်ပေါင်းထောင်နဲ့ချီ ရေးသားဖော်ပြဖို့ ကျမ်းရေးသူတွေကို မိန့်မှာခဲ့တယ်။ သူ့ကို ကိုးကွယ်သူတွေကိုလည်း ဒီနာမည်အသုံးပြုဖို့ မိန့်မှာခဲ့တယ်။ (ဟေရှာယ ၄၂:၈; ယောလ ၂:၃၂; မာလခိ ၃:၁၆; ရောမ ၁၀:၁၃) ဘုရားသခင့်နာမည်ကို လူတွေမေ့သွားအောင် ကြိုးစားခဲ့တဲ့ ပရောဖက်အတုအယောင်တွေကို ကိုယ်တော် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချတယ်။—ယေရမိ ၂၃:၂၇။
ယူဆချက်အမှား– ဂျူးထုံးစံအတိုင်းသာဆိုရင် ဘုရားသခင့်နာမည်ကို ကျမ်းစာကနေ ဖယ်ထုတ်သင့်တယ်။
အမှန်တရား– ဂျူးကျမ်းကူးသူတချို့က ဘုရားသခင့်နာမည်ကို အသံထွက်မခေါ်ဆိုခဲ့ကြဘူးဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဒီနာမည်ကို ကျမ်းစာထဲကနေ မဖယ်ထုတ်ခဲ့ကြဘူး။ ဘာပဲဖြစ်ဖြစ် ဘုရားသခင်က ကျွန်ုပ်တို့ကို သူ့ပညတ်တွေနဲ့ဆန့်ကျင်တဲ့ လူ့ထုံးတမ်းစဉ်လာနောက်လိုက်တာမျိုး မဖြစ်စေချင်ဘူး။—မဿဲ ၁၅:၁–၃။
ယူဆချက်အမှား– ဘုရားသခင့်နာမည်ရဲ့ ဟေဗြဲအသံထွက်အမှန်ကို အတိအကျမသိတဲ့အတွက် ကျမ်းစာမှာ မထည့်သွင်းသင့်ဘူး။
အမှန်တရား– အဲဒီလိုသာဆိုရင် ဘုရားသခင်က ဘာသာစကားအမျိုးမျိုးပြောသူတွေကို သူ့နာမည်နဲ့ပတ်သက်ပြီး တစ်ပုံစံတည်း အသံထွက်ခေါ်ဆိုဖို့ တောင်းဆိုသလို ဖြစ်သွားပါလိမ့်မယ်။ ဒါပေမဲ့ ရှေးခေတ်တုန်းက ဘာသာစကားအမျိုးမျိုးပြောသူတွေဟာ အမည်နာမတွေကို အမျိုးမျိုးအသံထွက်ခဲ့ကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။
ဥပမာ၊ အစ္စရေးတရားသူကြီး ယောရှုရဲ့နာမည်ကို ဟေဗြဲစကားပြောတဲ့ ပထမရာစုခရစ်ယာန်တွေက ယဟောရွှာ လို့အသံထွက်ကြတယ်။ ဂရိစကားပြောသူတွေက ယီစူ လို့အသံထွက်ကြတယ်။ ကျမ်းစာမှာတော့ ယောရှုရဲ့ဟေဗြဲနာမည်ကို ဂရိအသံထွက်အတိုင်း မှတ်တမ်းတင်ထားတယ်။ ဒါကြောင့် ခရစ်ယာန်တွေဟာ အမည်နာမတွေကို ကိုယ့်မိခင်ဘာသာစကားနဲ့ပဲ အသံထွက်ခေါ်ဆိုခဲ့မှန်း သိရတယ်။—တမန်တော် ၇:၄၅; ဟေဗြဲ ၄:၈။
ဘုရားသခင့်နာမည်ကို ဘာသာပြန်ဆိုရာမှာလည်း အလားတူပါပဲ။ ဘုရားသခင့်နာမည်ရဲ့ အသံထွက်အတိအကျကို သိဖို့ထက် ကျမ်းစာမှာ ဘုရားသခင့်နာမည် သူ့နေရာနဲ့သူရှိဖို့က ပိုအရေးကြီးပါတယ်။
a တင်ဒေးက သူပြန်ဆိုတဲ့ကျမ်းစာရဲ့ ပထမကျမ်းငါးကျမ်းမှာ “ယီဟိုအာ” ဆိုတဲ့ စကားလုံးကို အသုံးပြုခဲ့တယ်။ နှစ်တွေတစ်လျှောက် အင်္ဂလိပ်ဘာသာစကား ပြောင်းလဲလာတာနဲ့အမျှ ဘုရားသခင့်နာမည်ရဲ့ စာလုံးပေါင်းကိုလည်း ခေတ်နဲ့အညီပြုပြင်ခဲ့တယ်။ ဥပမာ၊ ၁၆၁၂ ခုနှစ်၊ ဟင်နရီ အိန့်စ်ဝေါ့သ်ပြန်ဆိုတဲ့ ဆာလံကျမ်းတစ်ကျမ်းလုံးမှာ “ယီဟိုဗာ” ဆိုတဲ့ပုံစံကို အသုံးပြုထားတယ်။ ၁၆၃၉ ခုနှစ်မှာ အဲဒီကျမ်းကို ပြန်တည်းဖြတ်တဲ့အခါမှာတော့ “ဂျီဟိုးဗား” ဆိုတဲ့ပုံစံကို သူအသုံးပြုခဲ့တယ်။ အလားတူပဲ ၁၉၀၁ ခုနှစ်ထုတ် အမေရိကန်စံတင်ဘာသာပြန်ကျမ်းကို ပြန်ဆိုသူတွေဟာ ဟေဗြဲစာသားမှာ ဘုရားသခင့်နာမပါတဲ့အခါတိုင်း “ဂျီဟိုးဗား” ဆိုတဲ့ပုံစံကို အသုံးပြုခဲ့ကြတယ်။
b ဒုတိယအကြိမ်ထုတ်ဝေတဲ့ ကက်သလစ်စွယ်စုံကျမ်းသစ်၊ အတွဲ ၁၄၊ စာမျက်နှာ ၈၈၃–၈၈၄ မှာ အခုလိုဖော်ပြထားတယ်– “ဗာဗုလုန်သုံ့ပန်းဘဝကနေ ဂျူးတွေလွတ်မြောက်ပြီးနောက်ပိုင်း အချိန်အတော်ကြာမှ ယာဝေးဆိုတဲ့နာမည်ကို အထူးကြည်ညိုလေးစားရာအဖြစ် ယူဆလာတဲ့အတွက် အဲဒီစကားလုံးပါရှိတဲ့နေရာတိုင်းမှာ အက်ဒိုနိုင်း ဒါမှမဟုတ် အီလိုဟင် ဆိုတဲ့ စကားလုံးတွေနဲ့ အစားထိုးလိုက်ကြတယ်။”
c ထပ်ဆင့်အချက်အလက်တွေကို သိချင်ရင် သမ္မာကျမ်းစာ လေ့လာမှုလမ်းညွှန် စာအုပ်ရဲ့ အပိုင်း ၁– “ဟေဗြဲကျမ်းစာမှာပါတဲ့ ဘုရားသခင့်နာမည်” ကို ကြည့်ပါ။
d Theological Lexicon of the Old Testament အတွဲ ၂၊ စာမျက်နှာ ၅၂၃–၅၂၄ ကို ကြည့်ပါ။