သက်ကြီးမိဘတွေကို ပြုစုစောင့်ရှောက်ခြင်းအကြောင်း ကျမ်းစာ ဘာပြောသလဲ
ကျမ်းစာအဖြေ
သက်ကြီးမိဘတွေကို ပြုစုစောင့်ရှောက်ရမှာက အရွယ်ရောက် သားသမီးတွေရဲ့ အရေးကြီး တာဝန် ဖြစ်တယ်။ အရွယ်ရောက် သားသမီးတွေဟာ “မိမိတို့၏ အိမ်ထောင်စုဆိုင်ရာ ဘာသာရေးတာဝန် ဝတ္တရားများကိုလည်းကောင်း၊ မိမိတို့အား ကျွေးမွေးပြုစုခဲ့သူ မိဘ ... တို့၏ ကျေးဇူးကို ပြန်လည်ဆပ်ပေးမှုကိုလည်းကောင်း ဦးစွာ သင်ရကြပေမည်။ ဤသို့သောအမှုကို ဘုရားသခင် နှစ်သက်တော်မူ၏။” (၁ တိမောသေ ၅:၄၊ ခေတ်သုံးမြန်မာ သမ္မာကျမ်း) သက်ကြီးမိဘတွေကို ကြည့်ရှုစောင့်ရှောက်တာက မိဘကို ရိုသေပါဆိုတဲ့ ကျမ်းစာပညတ်ကို လိုက်နာရာလည်း ရောက်တယ်။—ဧဖက် ၆:၂၊ ၃။
သက်ကြီးမိဘတွေကို ပြုစုစောင့်ရှောက်ခြင်းနဲ့ပတ်သက်ပြီး ကျမ်းစာမှာ အသေးစိတ် ညွှန်ကြားချက်တွေ မဖော်ပြထားဘူး။ ဒါပေမဲ့ သက်ကြီးမိဘတွေကို ပြုစုစောင့်ရှောက်ခဲ့ကြတဲ့ ယုံကြည်ခြင်းရှိသူ အမျိုးသား၊ အမျိုးသမီးတွေရဲ့ စံနမူနာကိုတော့ ဖော်ပြပေးထားတယ်။ အဲဒါတွေကနေ သက်ကြီးမိဘတွေကို ပြုစုစောင့်ရှောက်နေသူတွေအတွက် အထောက်အကူပြုနိုင်တဲ့ လက်တွေ့ကျ အကြံဉာဏ်တွေ ရနိုင်ပါတယ်။
ကျမ်းစာခေတ်က သက်ကြီးမိဘတွေကို မိသားစုဝင်တွေ ဘယ်လို ကြည့်ရှုစောင့်ရှောက်ခဲ့သလဲ
အခြေအနေပေါ် မူတည်ပြီး နည်းအမျိုးမျိုးနဲ့ ကြည့်ရှုစောင့်ရှောက်ခဲ့ကြတယ်။
ယောသပ်ဟာ သက်ကြီးဖခင် ယာကုပ် နေတဲ့ နေရာရဲ့ အဝေးမှာ နေထိုင်ခဲ့ရတယ်။ အခွင့်အရေး ရလာတဲ့အခါ အနီးအနားကို ယာကုပ် ပြောင်းရွှေ့လာဖို့ ယောသပ် စီစဉ်ပေးခဲ့တယ်။ ရောက်လာတဲ့အခါ ဖခင်အတွက် နေစရာ ပေးတယ်၊ ကျွေးမွေးတယ်၊ ကာကွယ်ပေးခဲ့တယ်။—ကမ္ဘာဦး ၄၅:၉-၁၁။ ၄၇:၁၁၊ ၁၂။
ရုသဟာ ယောက္ခမရဲ့ တိုင်းပြည်မှာ လိုက်နေပြီး ယောက္ခမကို ပြုစုစောင့်ရှောက်ဖို့ အလုပ်ကြိုးစားခဲ့တယ်။—ရုသ ၁:၁၆။ ၂:၂၊ ၁၇၊ ၁၈၊ ၂၃။
ယေရှုဟာ မသေဆုံးခင်လေးမှာ မုဆိုးမ ဖြစ်နေပုံရတဲ့ မိခင်မာရိကို ပြုစုစောင့်ရှောက်ပေးမယ့်သူကို ရွေးချယ်ခဲ့တယ်။—ယောဟန် ၁၉:၂၆၊ ၂၇။ a
ပြုစုစောင့်ရှောက်နေသူတွေအတွက် ကျမ်းစာမှာပါတဲ့ ဘယ်လက်တွေ့ကျ အကြံဉာဏ်တွေက အထောက်အကူ ပြုနိုင်သလဲ
သက်ကြီးမိဘတွေကို ပြုစုစောင့်ရှောက်ခြင်းဟာ တစ်ခါတလေ ကာယပိုင်း၊ စိတ်ပိုင်း ခြေကုန်လက်ပန်းကျနိုင်တဲ့အတွက် အထောက်အကူ ဖြစ်နိုင်တဲ့ အခြေခံမူတွေ ကျမ်းစာမှာ ပါတယ်။
မိဘကို ရိုသေပါ။
ကျမ်းစာအဆို။ “မိဘကို ရိုသေပါ။”—ထွက်မြောက်ရာ ၂၀:၁၂။
ကျမ်းစာအခြေခံမူကို ကျင့်သုံးနိုင်ပုံ။ အခြေအနေ ခွင့်ပြုမယ်ဆိုရင် မိဘတွေရဲ့ ဘဝကို သူတို့ဘာသာ စီမံနိုင်အောင် ခွင့်ပေးခြင်းအားဖြင့် မိဘကို ရိုသေကြောင်း ပြပါ။ ဖြစ်နိုင်ရင် ပြုစုစောင့်ရှောက်ခြင်းကိစ္စကို မိဘကိုယ်တိုင် ဆုံးဖြတ်ပါစေ။ တစ်ချိန်တည်းမှာ မိဘကို ကူညီပေးနိုင်ရာကို အကျိုးသင့်အကြောင်းသင့်ရှိရှိ လုပ်ဆောင်ပေးခြင်းဖြင့် မိဘကို ရိုသေကြောင်း ပြပါ။
နားလည်ပေးပါ။ ခွင့်လွှတ်ပါ။
ကျမ်းစာအဆို။ “ထိုးထွင်းဉာဏ်ရှိသူဟာ ဒေါသချုပ်တည်းတယ်။ အမှားကို ဗွေမယူတာဟာ သူ့ရဲ့ အလှပဲ။”—ပညာအလိမ္မာ ၁၉:၁၁။
ကျမ်းစာအခြေခံမူကို ကျင့်သုံးနိုင်ပုံ။ သက်ကြီးမိဘက သင့်ရဲ့ ကြည့်ရှုစောင့်ရှောက်မှုကို တန်ဖိုးမထားပုံ ပြတဲ့အခါ၊ မကြင်မနာ ပြောဆိုတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ဒီလို မစွမ်းဆောင်နိုင်တဲ့ အခြေအနေ၊ မလုပ်နိုင် မကိုင်နိုင်တဲ့ အခြေအနေမျိုး ကြုံနေရရင် ငါဘယ်လို ခံစားရမလဲ။’ နားလည်ပေးဖို့၊ ခွင့်လွှတ်ပေးဖို့ ကြိုးစားမယ်ဆိုရင် အခြေအနေ ပိုဆိုးသွားမှာ မဟုတ်ဘူး။
တခြားသူတွေနဲ့ တိုင်ပင်ကြည့်ပါ။
ကျမ်းစာအဆို။ “တိုင်ပင်ဆွေးနွေးတာ မရှိရင် အစီအစဉ်တွေ ပျက်တတ်တယ်။ အကြံပေးသူ များရင်တော့ အောင်မြင်တတ်တယ်။”—ပညာအလိမ္မာ ၁၅:၂၂။
ကျမ်းစာအခြေခံမူကို ကျင့်သုံးနိုင်ပုံ။ မိဘတွေ ရင်ဆိုင်နေရတဲ့ ကျန်းမာရေးပြဿနာ ကိုင်တွယ်နိုင်ပုံကို ရှာဖွေလေ့လာပါ။ သင့်ဒေသမှာ ဘယ်လို ပြုစုစောင့်ရှောက်ရေး အကူအညီတွေ ရနိုင်သလဲဆိုတာ ရှာကြည့်ပါ။ သက်ကြီးမိဘတွေကို ပြုစုစောင့်ရှောက်နေသူတွေနဲ့ စကားပြောကြည့်ပါ။ မောင်နှမတွေ ရှိမယ်ဆိုရင် မိဘတွေရဲ့ လိုအပ်ရာ၊ ပြုစုစောင့်ရှောက်မှု၊ တာဝန်ခွဲဝေယူမှု စတာတွေကို မိသားစုလိုက် ဆွေးနွေးပါ။
ကျိုးနွံမှု ရှိပါ။
ကျမ်းစာအဆို။ “ဉာဏ်ပညာကတော့ ကျိုးနွံသူတွေနဲ့အတူ ရှိနေတယ်။”—ပညာအလိမ္မာ ၁၁:၂။
ကျမ်းစာအခြေခံမူကို ကျင့်သုံးနိုင်ပုံ။ ကိုယ်လုပ်ဆောင်နိုင်တဲ့ အတိုင်းအတာကို အသိအမှတ်ပြုပါ။ ဥပမာ၊ လူတိုင်းမှာ အချိန်နဲ့ ခွန်အား အကန့်အသတ်ရှိတယ်။ အဲဒီကန့်သတ်ချက်တွေက မိဘကို သင် တကယ်တမ်း ပြုစုစောင့်ရှောက်ပေးနိုင်မှုအပေါ် သက်ရောက်မှု ရှိပါတယ်။ အထူးအကူအညီ လိုတဲ့ မိဘတွေကို ပြုစုစောင့်ရှောက်ရလို့ ခြေကုန်လက်ပန်းကျ ဖြစ်နေရင် တခြားမိသားစုဝင်တွေ ဒါမှမဟုတ် ဆရာဝန်တွေဆီက အကူအညီ တောင်းခံပါ။
မိမိကိုယ်ကိုယ်လည်း ဂရုစိုက်ပါ။
ကျမ်းစာအဆို။ “ကိုယ့်ခန္ဓာကိုယ်ကို မုန်းတဲ့သူ တစ်ယောက်မှ မရှိဘူး။ လူတိုင်း ကိုယ့်ခန္ဓာကိုယ်ကို ကျွေးမွေးပြီး မြတ်နိုးတတ်တယ်။”—ဧဖက် ၅:၂၉။
ကျမ်းစာအခြေခံမူကို ကျင့်သုံးနိုင်ပုံ။ မိဘတွေကို ပြုစုစောင့်ရှောက်ရမယ့် တာဝန် ရှိတာ မှန်ပေမဲ့ သင့်ကိုယ်တိုင်နဲ့၊ အိမ်ထောင်သည် ဖြစ်မယ်ဆိုရင် သင့်မိသားစုကို ကြည့်ရှုစောင့်ရှောက်ရမယ့် တာဝန်လည်း ရှိပါတယ်။ အာဟာရရှိရှိ စားဖို့ လိုတယ်။ လုံလောက်စွာ အနားယူဖို့၊ အိပ်စက်ဖို့ လိုတယ်။ (ဒေသနာ ၄:၆) ဖြစ်နိုင်တဲ့အခါတိုင်း ခဏတစ်ဖြုတ် အနားယူပါ။ အဲဒါတွေကို လုပ်ဆောင်မယ်ဆိုရင် မိဘကို ပြုစုစောင့်ရှောက်ဖို့ စိတ်ပိုင်း၊ ကာယပိုင်း အသင့်ဖြစ်နေပါလိမ့်မယ်။
သက်ကြီးမိဘတွေကို အိမ်မှာ ခေါ်ထားပြီး ပြုစုစောင့်ရှောက်ရမယ်လို့ ကျမ်းစာ ဖော်ပြသလား
အရွယ်ရောက် သားသမီးတွေက မိဘတွေကို အိမ်မှာ ခေါ်ထားပြီး ပြုစုစောင့်ရှောက်ရမယ်ဆိုတဲ့ သတ်သတ်မှတ်မှတ် ညွှန်ကြားချက် ကျမ်းစာမှာ မပါဘူး။ တချို့မိသားစုတွေက သက်ကြီးမိဘတွေကို တတ်နိုင်သ၍ အိမ်မှာ ပြုစုစောင့်ရှောက်ဖို့ ဆုံးဖြတ်ကြတယ်။ ဒါပေမဲ့ အခြေအနေတချို့မှာတော့ လူအိုရုံမှာ ထားတာ ပိုကောင်းတယ်လို့ ဆုံးဖြတ်ကြပါလိမ့်မယ်။ ဘယ်လို လုပ်တာက အကောင်းဆုံး ဖြစ်မလဲဆိုတာ မိသားစုဝင်အားလုံး အတူဆွေးနွေးဆုံးဖြတ်နိုင်ပါတယ်။—ဂလာတိ ၆:၄၊ ၅။
a ဒီမှတ်တမ်းနဲ့ပတ်သက်ပြီး ကျမ်းစာအနက်ဖွင့်ချက်တစ်ခုမှာ ဒီလိုဖော်ပြထားတယ်– “[မာရိရဲ့ ခင်ပွန်း] ယောသပ် သေဆုံးသွားတာ ကြာပြီလို့ သားဖြစ်သူ ယေရှုက ထောက်မပေးနေပုံရတယ်။ အခု ယေရှု သေဆုံးခါနီးပြီးဆိုတော့ မာရိ ဘယ်လို ဖြစ်သွားမလဲ။ ... ဒီအဖြစ်က သားသမီးတွေ မိမိတို့ရဲ့ သက်ကြီးမိဘတွေကို ပြုစုစောင့်ရှောက်ဖို့၊ နှစ်သိမ့်ပေးဖို့ ခရစ်တော် သင်ပေးနေခြင်း ဖြစ်တယ်။”—The NIV Matthew Henry Commentary in One Volume, pages 428-429.