အလိုလို ဖြစ်လာနိုင်ပါ့မလား
ဂျပန်နိုင်ငံက သစ်ပင်နေဖားရဲ့ အော်သံ
ဂျပန်နိုင်ငံက သစ်ပင်နေ ဖားထီးတွေရဲ့ အော်သံကို နားထောင်ကြည့်ရင် အဆက်မပြတ် အော်ချင်တိုင်း အော်နေကြသလိုပဲ။ ဒါပေမဲ့ ဖားအုပ်ရဲ့ ဆူဆူညံညံ အော်သံကြားမှာတောင် တစ်ကောင်ချင်းစီရဲ့ အသံကို ခွဲခြားနိုင်မှန်း ဖားအကြောင်း လေ့လာတဲ့ ဂျပန်သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့ကြတယ်။ လျှို့ဝှက်ချက်က ဘာများလဲ။ တစ်နေရာတည်းမှာနေတဲ့ ဖားထီးတွေရဲ့ စနစ်တကျ အော်သံကြောင့်ပါ။
စဉ်းစားကြည့်ပါ– ဂျပန်နိုင်ငံက သစ်ပင်နေ ဖားထီးတွေက ဖားမတွေကို ဆွဲဆောင်ဖို့ ဖိုသံပေးကြတယ်။ အသံကြိုးကနေထွက်လာတဲ့အသံဟာ လည်မျိုပေါ်က ဖောင်းပွနိုင်တဲ့ အသံအိတ်ဆီ ရောက်လာတဲ့အခါ ပဲ့တင်ထပ်ပြီး ပိုကျယ်လာတယ်။
ဖားထီးတစ်ကောင်နဲ့တစ်ကောင်ရဲ့ အော်သံ မတူမှန်း သုတေသီတွေ ဘယ်လိုခွဲခြားသိသလဲ။ ဖားထီးတွေက အော်ချင်တိုင်း အော်မယ့်အစား တစ်ကောင်ပြီးတစ်ကောင် အလှည့်ကျ အော်ကြလို့ အသံထပ်တာမျိုး မဖြစ်တော့ဘဲ တစ်ကောင်ချင်းစီရဲ့အသံကို ကောင်းကောင်း ခွဲခြားနိုင်တာ။ တစ်ကောင်ပြီးမှတစ်ကောင် အော်ကြလို့လည်း ကြားထဲမှာ နားချိန်ရပြီး စွမ်းအင်ကို ချွေတာနိုင်တယ်။
ဂျပန်နိုင်ငံက သစ်ပင်နေဖားတွေရဲ့ စနစ်တကျအော်သံကို အတုယူပြီး ကြိုးမဲ့စနစ်နဲ့ အချက်အလက်ပေးပို့နည်းကို တိုးတက်အောင် လုပ်နိုင်ခဲ့တယ်။ အဆင်မြင့်သင်္ချာနည်းပညာကို သုံးပြီး အချက်အလက်ပေးပို့တဲ့အချိန် တစ်ခုနဲ့တစ်ခု မထပ်အောင်လုပ်တာပါ။ ရလဒ်အနေနဲ့ အချက်အလက်တွေ အမှားအယွင်းမရှိ ရောက်ရှိသွားပြီး စွမ်းအင်လည်း သိပ်မကုန်တော့ဘူး။
ဘယ်လို ထင်ပါသလဲ။ ဂျပန်နိုင်ငံက သစ်ပင်နေဖားတွေရဲ့ အလှည့်ကျ အော်မြည်နိုင်စွမ်းဟာ သူ့အလိုလို ဖြစ်လာတာလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပြုလုပ်ဖန်ဆင်းထားတာလား။