အလိုလို ဖြစ်လာနိုင်ပါ့မလား
ငှက်ပိတုန်းရဲ့ လျှာ
သဘာဝအားတွေကြောင့် ပြွန်အသေးထဲ အရည် အပေါ်ကို တက်လာတဲ့ပုံစံ (capillary action) မျိုးနဲ့ ငှက်ပိတုန်းရဲ့လျှာက ဝတ်ရည်ကို စုပ်ယူတယ်လို့ သိပ္ပံပညာရှင်တွေ အရင်က ထင်ခဲ့ကြတာ။ တကယ်တော့ အဆများစွာ ပိုကောင်းတဲ့ပုံစံနဲ့ ဝတ်ရည်ကို သောက်သုံးကြတယ်ဆိုတာ နောက်ပိုင်း လေ့လာတွေ့ရှိခဲ့တယ်။ ဝတ်ရည်ကို လျှာနဲ့ “ခပ်ယူ” တာပါပဲ။
စဉ်းစားကြည့်ပါ။ ငှက်ပိတုန်းရဲ့ လျှာဟာ ဝတ်ရည်ထဲ ရောက်တဲ့အခါ နှစ်ခွ ကွဲသွားတယ်။ နှစ်ခွကွဲသွားတဲ့ လျှာဖျားတစ်လျှောက်မှာ ဖွင့်ပိတ်လို့ရတဲ့ အမြောင်းလေးတွေရှိတယ်။ ဝတ်ရည်ထဲ လျှာရောက်သွားတဲ့အခါ အမြောင်းလေးတွေ ဟလာပြီး ဝတ်ရည်ကို ခံတယ်။ လျှာကို ပြန်ရုပ်လိုက်တဲ့အခါမှာတော့ အမြောင်းတွေပိတ်သွားပြီး အထဲမှာ ဝတ်ရည်တွေ ပါလာတယ်။
ဖြစ်စဉ်တစ်ခုလုံးက ‘တစ်စက္ကန့်ရဲ့ ဆယ်ပုံ တစ်ပုံတောင် မကြာဘူး။ ငှက်ပိတုန်းရဲ့ လျှာဖျားဟာ အရည်ကို ခပ်သွက်သွက် ခပ်ယူတဲ့ စက်ကိရိယာလိုပါပဲ။ . . . အရည်ထဲ ဝင်ထွက်တိုင်းမှာ လျှာပုံစံ လုံးဝပြောင်းလဲသွားတယ်’ ဆိုပြီး သုတေသီ အလဟန်ဒရို ရီကို ဂူဗာရာ၊ ထိုက်ရှီဖန်နဲ့ မာဂရက် ရူဘယ်ဂါတို့ ပြောပြတယ်။
ဒါ့အပြင် ငှက်ပိတုန်းလေးတွေက ဒီလိုလုပ်နိုင်ဖို့ ထွေထွေထူးထူး အားစိုက်ထုတ်စရာ မလိုဘူး။ လျှာက ဝတ်ရည်ထဲ ဝင်ထွက်တိုင်းမှာ ရှုပ်ထွေးတဲ့အားတွေကြောင့် လျှောပွင့်သွားလိုက်၊ ပြန်ပိတ်လိုက် ဖြစ်နေတာပါ။
အရည်ကို ထိရောက်မြန်ဆန်စွာ ခပ်ယူနိုင်တဲ့ ငှက်ပိတုန်းလျှာပုံစံကို တုပပြီး စက်ရုပ် တီထွင်ရာမှာ၊ ဆေးဘက်ဆိုင်ရာနဲ့ တခြားနယ်ပယ်တွေမှာ အသုံးချနိုင်လိမ့်မယ်လို့ သုတေသီတွေ ယုံကြည်တယ်။ ဖိတ်ကျသွားတဲ့ အရည်/ဆီတွေကို သုတ်ပေးတဲ့ ကိရိယာတွေကို ဒီဇိုင်းဆွဲရာမှာတောင် အထောက်အကူ ပြုလာနိုင်တယ်။
ငှက်ပိတုန်း လျှာထုတ်တဲ့ ပုံစံကို ရှုစားကြည့်ပါ
ဘယ်လို ထင်ပါသလဲ။ ငှက်ပိတုန်းရဲ့ ရှုပ်ထွေးဆန်းကြယ်တဲ့ လျှာပုံစံဟာ သူ့အလိုလို ဖြစ်လာနိုင်သလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပြုလုပ်ဖန်ဆင်းထားသလား။