မာတိကာဆီ ကျော်သွား

အလိုလို ဖြစ်လာနိုင်ပါ့မလား

ပိုင်းလော့ ဝေလငါးရဲ့ အလိုအလျောက် သန့်စင်နိုင်စွမ်းရှိတဲ့ အရေခွံ

ပိုင်းလော့ ဝေလငါးရဲ့ အလိုအလျောက် သန့်စင်နိုင်စွမ်းရှိတဲ့ အရေခွံ

 ပင်လယ်ရေနဲ့ ထိတွေ့နေတဲ့ သင်္ဘောကိုယ်ထည်မှာ အစုလိုက်အပြုံလိုက် တွယ်ကပ်နေတဲ့ ခရင်းကောင်တွေ၊ အဏ္ဏဝါဇီဝသက်ရှိလေးတွေက သင်္ဘောမောင်းသူတွေကို တော်တော်လေး ဒုက္ခပေးတတ်ကြတယ်။ ဒါကို ဇီဝညစ်ညမ်းမှုလို့ ခေါ်ကြတယ်။ ဒီညစ်ညမ်းမှုကြောင့် သင်္ဘောခုတ်မောင်းနှုန်း ကျဆင်းသွားသလို လောင်စာဆီလည်း ပိုကုန်တယ်။ မကြာခဏ သင်္ဘောလွန်းတင်ပြီး သန့်ရှင်းပေးရတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ သိပ္ပံပညာရှင်တွေက ဇီဝသဘာဝကို လေ့လာနေကြတယ်။

 စဉ်းစားကြည့်ပါ။ ဆူးတောင်ရှည် ပိုင်းလော့ဝေလငါး (Globicephala melas) ရဲ့ အရေခွံဟာ အလိုအလျောက် သန့်စင်နိုင်စွမ်း ရှိကြောင်း လေ့လာတွေ့ရှိကြတယ်။ အချွန်အတက်ငယ်လေးတွေပါတဲ့ အရေခွံပေါ်မှာ ခရင်းကောင်တွေ ကပ်တွယ်နေဖို့ မလွယ်ဘူး။ အချွန်အတက် အမြောင်းလေးတွေကြားမှာ ပြည့်နေတဲ့ အဆီပျစ်တွေကြောင့် ရေညှိရေမှော်တွေ၊ ဗက်တီးရီးယားတွေ မကပ်ငြိနိုင်ဘူး။ ဝေလငါး အရေခွံလဲတိုင်း အဆီပျစ်တွေ ထွက်လာတယ်။

 သိပ္ပံပညာရှင်တွေက သင်္ဘောကိုယ်ထည်မှာ ဝေလငါးရဲ့ အလိုအလျောက် သန့်စင်နည်းကို သုံးကြည့်ဖို့ စီစဉ်ကြတယ်။ အရင်တုန်းကတော့ ဇီဝညစ်ညမ်းမှုကို တားဆီးပေးတဲ့ သုတ်ဆေး (antifouling paint) သုတ်ကြတယ်။ ဒါပေမဲ့ လူတွေ တွင်ကျယ်စွာ အသုံးပြုတဲ့သုတ်ဆေးက ပင်လယ် သက်ရှိတွေကို အဆိပ်သင့်စေတဲ့အတွက် မကြာသေးခင်က ပိတ်ပင်လိုက်ပါတယ်။ သက်ရှိတွေအတွက် အန္တရာယ်ကင်းမယ့် ဓာတုပစ္စည်း စိမ့်ထွက်နေတဲ့ အပေါက်ငယ်တွေပါတဲ့ အလွှာကို သင်္ဘောကိုယ်ထည်မှာ သုတ်တယ်။ အဲဒီအလွှာပေါ်မှာ သတ္တုကွန်ရက်လို ဆေးတစ်လွှာ ထပ်သုတ်တယ်။ စိမ့်ထွက်လာတဲ့ ဓာတုပစ္စည်းက ပင်လယ်ရေနဲ့ ထိတွေ့တဲ့အခါ စေးပျစ်သွားပြီး သင်္ဘောကိုယ်ထည်မှာ ဆေးသားတစ်လွှာ သုတ်ထားသလို ဖြစ်သွားတယ်။ ၀.၇ မီလီမီတာ ထူတဲ့ အဲဒီဆေးလွှာ အချိန်တန်လို့ ကွာကျသွားတဲ့အခါ တွယ်ကပ်နေတဲ့ အဏ္ဏဝါဇီဝသက်ရှိတွေပါ ပါသွားမယ်။ အဲဒီနောက် သင်္ဘောကိုယ်ထည်မှာ အဆီပျစ်အသစ် ပေါ်လာမယ်။

ခရင်းကောင်တွေကြောင့် သင်္ဘောအရှိန် နှေးသွားတတ်သလို ခွာချရလည်း ခက်တယ်

 ဓာတ်ခွဲခန်း စမ်းသပ်ချက်တွေအရ ဒီနည်းစနစ်က သင်္ဘောကိုယ်ထည်မှာ အဏ္ဏဝါဇီဝသက်ရှိတွေ တွယ်ကပ်ခြင်းကို အဆ ၁၀၀ တားဆီးနိုင်တယ်။ ဒီနည်းကြောင့် သင်္ဘောကျင်းမှာ လွန်းတင်ပြီး ပြင်ဆင်ရတဲ့ ကုန်ကျစရိတ် အများကြီး သက်သာသွားမှာဖြစ်လို့ ရေကြောင်းလုပ်ငန်းကုမ္ပဏီတွေ တော်တော်လေး အကြိုက်တွေ့ပါလိမ့်မယ်။

 ဘယ်လို ထင်ပါသလဲ။ ပိုင်းလော့ဝေလငါးရဲ့ အလိုအလျောက် သန့်စင်နိုင်စွမ်းရှိတဲ့ အရေခွံဟာ သူ့အလိုလို ဖြစ်လာနိုင်သလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပြုလုပ်ဖန်ဆင်းထားသလား။