အလိုလို ဖြစ်လာနိုင်ပါ့မလား
ဟက်ငါးရဲ့ အကျိအချွဲ
ဟက်ငါးက ထွက်တဲ့ ဂျယ်လိုမျိုး ချွဲကျိကျိအရည်ကို သိပ္ပံပညာရှင်တွေ လေ့လာနေကြတာ ကြာပြီ။ ဒီအကျိအချွဲကို ဘာကြောင့် စိတ်ဝင်တစား လေ့လာနေကြတာလဲ။ ဟက်ငါးရဲ့ အကျိအချွဲဟာ “အဆွဲအဆန့်လုပ်လို့ရတဲ့ အပျော့ပျောင်းဆုံး ဇီဝပစ္စည်း” ဖြစ်နေလို့ပါ။
စဉ်းစားကြည့်ပါ- ဟက်ငါးဆိုတာ ပင်လယ်ရေအောက်ကြမ်းပြင်မှာ သွားလာကျက်စားတဲ့ ငါးရှဉ့်လို သတ္တဝါမျိုး ဖြစ်တယ်။ ငါးကြီးက သူ့ကို စားဖို့ ကြိုးစားတဲ့အခါ ကိုယ်ပေါ်က အကျိတ်လေးတွေကနေ ဂျယ်လို အကျိအချွဲတွေ ထုတ်လိုက်တယ်။ ချွဲပျစ် ပရိုတင်းတွေ၊ တခြားပရိုတင်းအမျှင် ထောင်နဲ့ချီ ပါဝင်တဲ့ အကျိအချွဲတွေပါ။ အဲဒီပရိုတင်း အရောအနှောတွေက ဟက်ငါး ကိုယ်လုံးပတ်လည်မှာ အကျိအချွဲအမျှင်တွေအဖြစ် ပြောင်းသွားတယ်။ ဒီအကျိအချွဲတွေကြောင့် ငါးကြီးက ကိုက်လို့မရတော့ဘဲ ဟက်ငါးကို ထွေးထုတ်ပြီး ရှောင်ပြေးတော့တယ်။
ဟက်ငါးရဲ့ အကျိအချွဲက သိပ်ထူးခြားတယ်။ ပါဝင်တဲ့ ပရိုတင်းအမျှင်တစ်ခုစီဟာ လူ့ဆံခြည်တစ်မျှင်ရဲ့ တစ်ရာပုံ တစ်ပုံလောက် သေးမျှင်ပေမဲ့ နိုင်လွန်ထက် ဆယ်ဆ ခိုင်တယ်။ ချွဲပျစ်ပျစ် အမျှင်တွေကို ပင်လယ်ရေထဲ ချလိုက်ရင် သုံးဖက်မြင် ဆန်ခါကွက် အလွှာပါးလေးနဲ့ တူတယ်။ အကျိအချွဲအလွှာဟာ မိမိထက် အဆပေါင်း ၂၆,၀၀၀ ပိုလေးတဲ့ ရေထုထည်ပမာဏကို ထိန်းထားနိုင်တယ်။ တကယ်တော့ ဒီအကျိအချွဲ ၁၀၀ ရာခိုင်နှုန်းနီးပါးက ရေတွေပါပဲ။
ရေဓာတ်ပါဝင်တဲ့ အဲဒီအကျိအချွဲကို သိပ္ပံပညာရှင်တွေ ပုံတူပွားထုတ်လုပ်လို့ မရနိုင်ဘူး။ “ဒီအကျိအချွဲရဲ့ သဘောသဘာဝက ရှုပ်ထွေးဆန်းကြယ်လွန်းတယ်” လို့ သုတေသီတစ်ယောက် ပြောတယ်။ သိပ္ပံပညာရှင်တချို့ကတော့ ဘက်တီးရီးယား ပါဝင်တဲ့ ပရိုတင်းအမျှင်တွေ ထုတ်လုပ်ဖို့ စီစဉ်ကြတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ဆွဲနိုင်ဆန့်နိုင်ပြီး ဆုတ်ဖြဲရခက်တဲ့၊ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်တဲ့ ပစ္စည်းမျိုး ထုတ်လုပ်ဖို့ပါ။ ဒီပရိုတင်းမျှင်အတုနဲ့ ချည်ထည်တွေ၊ ဆေးဘက်ဆိုင်ရာ အသုံးအဆောင်တွေ ထုတ်လုပ်နိုင်မယ်။ နည်းအမျိုးမျိုးနဲ့ အသုံးဝင်ပါလိမ့်မယ်။
ဘယ်လို ထင်ပါသလဲ။ ဟက်ငါးရဲ့ တစ်မူထူးတဲ့ အကျိအချွဲဟာ သူ့အလိုလို ဖြစ်လာနိုင်သလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပြုလုပ်ဖန်ဆင်းထားသလား။